ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၁)
“ဆရာလုပ်ခြင်းအနုပညာနှင့် ထိုးဖောက် ဖောက်ထွက်ဗျူဟာ”
စာရေးသူ၌ ဆန္ဒစောခြင်း၊ ဇွတ်တရွတ်လုပ်တတ်ခြင်းစရိုက်များ ရှိသည့်အပြင်
တစ်စိုက်မတ်မတ်လုပ်တတ်ခြင်း၊ ခေါင်းအေးအေးထားစဉ်းစားတတ်ခြင်းများလည်း ရှိတတ်ပါသည်။
ဇွတ်တရွတ်လုပ်တတ်ခြင်းသည် စာရေးသူ၏အားသာချက်ဖြစ်သကဲ့သို့ အားနည်းချက်လည်း ဖြစ်ပါသည်။
ယုံကြည်ရာကို ဇွတ်တရွတ်လုပ်သဖြင့် ထင်မှတ်မထားသူများ တအံ့တသြနှင့် ငေးမောယူရသည်အထိ
အောင်မြင်မှုများရှိခဲ့သလို လုံးဝမအောင်မြင်ဘဲ လူမသိသူမသိ အခြေအနေမျိုးနှင့်ကြုံရကာ
ဆုံးရှုံးခဲ့ရခြင်းလည်း ရှိပါသည်။ ဥပမာ- ထေရဝါဒစာအုပ်ရေးသားဖို့ ခုနစ်နှစ်ကျော်မျှ လေ့လာလိုက်စား
သုတေသနပြုထားခဲ့သော်လည်း ဆရာသမားများထံ အကြံဉာဏ်တောင်းခြင်း၊ ထေရ်ကြီးဝါကြီးများထံ
သြဝါဒခံခြင်း၊ ဒါယကာ ဒါယိကာမများကို အသိပေးခြင်း အလျဉ်းမရှိဘဲ တစ်ကိုယ်တည်း ကြိတ်ကြံခဲ့ခြင်း
ဖြစ်ပါသည်။ ၄င်းတို့က ထိုအကြောင်းအရာကို စာရေးသူရေးမှန်းသိသွားခဲ့လျှင် တားမြစ်ကြမည့်အရေးကို
တွေးမြင်ထားသောကြာင့်ဖြစ်၏။ စာအုပ်အဖြစ် ရောက်ရှိခဲ့သည့်အချိန်၌လည်း သာသနာရေးဌာနနှင့်
ထိပ်တိုက်တွေ့ခြင်း၊ ခွင့်ပြုချက်မပါဘဲ ထုတ်မည်ဆိုသည့်အခါ၌လည်း ပုံနှိပ်တိုက်များက
လက်မခံခြင်းစသော အကြောင်းများကြောင့် မဖြန့်ချိနိုင်ခဲ့ပေ။ ကိုယ်ယုံကြည်ရာကို ဇွတ်တရွတ်လုပ်တတ်သည့်
ပင်ကိုယ်စရိုက်ကို ခေါင်းအေးအေးထား စဉ်းစားတတ်သည့် အလေ့အကျင့်က များစွာပံ့ပိုးပေးသဖြင့်
နည်းလမ်းကောင်း အဆက်အသွယ်ကောင်းများ ရရှိကာ ထေရဝါဒတိုက်ပွဲ (ထေရဝါဒ ဒို့တိုင်းပြည်)
စာအုပ်ကို နိုင်ငံတစ်ဝှမ်း ဖြန့်ချိနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုစာအုပ်သည် စာရေးသူ၏
ပထမဦးဆုံး (ပွဲဦးထွက်) လက်ရာဖြစ်သလို ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည်ကို မွေးဖွားပေးခဲ့သော
စာအုပ်လည်းဖြစ်ပါသည်။ ဤကား ဇွတ်တရွတ်လုပ်တတ်ခြင်း၏ အားသာချက်တည်း။
ယခင်က စာရေးသူတို့အမျိုးသားရေးအဖွဲ့မှာ ပုံနှိပ်စက်မရှိပါ။ အမျိုးသားရေးဂျာနယ်၊
မဂ္ဂဇင်းများ ထုတ်ဝေနေပါလျက် ပုံနှိပ်စက်မဝယ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ
အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပုံနှိပ်စက်ကို ပေါက်ဈေးအောက် များစွာလျှော့ချ၍
ရောင်းတော့မည့်သတင်းကြောင့် ဝယ်သင့်မဝယ်သင့် တိုင်ပင်ကြရာ ဝယ်သင့်သည့်ဘက်က မဲများနေပေသည်။
အခမဲ့နီးပါး ရရှိမည့်အရေးကြောင့် စိတ်ဝင်စားကြခြင်းဖြစ်၏။ ပုံနှိပ်စက်အကြောင်း ထဲထဲဝင်ဝင်သိရှိသူများကမူ
မဝယ်ယူဖို့ တားမြစ်ကြလေ၏။ ထိုသို့တားမြစ်သည့်ကြားမှ ဇွတ်တရွတ်ဝယ်ယူလိုက်ရာ လက်ထဲလည်းရောက်ရော
လည်ပတ်၍မရသည့် စက်အစုတ်ကြီးဖြစ်နေလေတော့၏။ အဖွဲ့က ထိုစက်စုတ်ကြီးကို အရည်ကျိုလုပ်ငန်းထဲ
ရောင်း၍ ရရှိသည့်ငွေကို ထပ်မံဖြည့်စွက်ကာ စက်အသစ်တစ်လုံး ဝယ်မည့်အစီအစဉ် ချမှတ်သည့်အခါ
စာရေးသူကပင် တာဝန်ယူ၍ ထိုစက်စုတ်ကြီးကို ဝယ်ယူလိုက်မိပေသည်။ ထိုစက်ကြီးကို ပြင်ဆင်အသုံးပြုလျှင်
အဖွဲ့ကဝယ်ထားသောစက်အသစ်ထက် များစွာအားသာသည်ဟု အကြံပြုကြသဖြင့် ထပ်မံပြင်ဆင်လိုက်ရပေသည်။
ငွေသိန်းပေါင်း သုံးဆယ်ကျော် အကုန်အကျခံကာ နှစ်ပေါင်းများစွာ အချိန်ယူပြင်ကြသော်လည်း
ယနေ့အထိ လည်ပတ်နိုင်စွမ်း မရှိပေ။ ငွေကုန်ခြင်း၊ အချိန်ကုန်ခြင်း၊ လူပန်းခြင်း၊ စိတ်ပန်းခြင်း၊
နာမည်ပျက်ခြင်း၊ အကဲ့ရဲ့ခံရခြင်းတို့နှင့်အတူ စက်စုတ်ကြီးချောင်ထိုးထားရသည့်ဖြစ်အင်သည်
လူမသိသူမသိ ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ခဲ့ရလေတော့၏။ ဤကား ဇွတ်တရွတ်လုပ်တတ်ခြင်း၏ အားနည်ချက်ပင်တည်း။
စာရေးသူသည် အမာစာရင်းဝင် ရဟန်းတစ်ပါးဖြစ်ပါသည်။ အခြားအရာကား မဟုတ်ပါ။
ခေါင်းမာခြင်းပင် ဖြစ်ပါသည်။ ယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်တတ်ခြင်း၊ အနှောင့်အယှက်တွေ့လျှင်
မတွန့်မဆုတ်တတ်ခြင်း၊ ဖိအားများကို ဂရုမစိုက်တတ်ခြင်း၊ ‘ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်’စကားပုံကဲ့သို့ အောက်ရောက်လျှင်လည်း ကြမ်းပြင်(သဲ)အထိ
ငုပ်ပစ်လိုခြင်း၊ အထက်တက်လျှင်လည်း ထိပ်ဖျားရောက်သည်အထိ တက်ပစ်လိုခြင်း အစရှိသော စိတ်ဆန္ဒများကြောင့်
ခေါင်းမာသည့်စာရင်းသို့ ထည့်သွင်းခံရခြင်း ဖြစ်ပါသည်။
ခေါင်းမာသည်ဆိုသော်လည်း ဆန့်ကျင်ဘက်များနှင့်တွေ့မှသာ မာကျောတတ်ခြင်းဖြစ်ပြီး
အပြုသဘောဆောင်သူများနှင့်တွေ့လျှင်မူ လူကြီးသူမ မဆိုထားနှင့် ကလေးနှင့်ခွေးက ပေးလာမည်ဆိုလျှင်လည်း
အကြံဉာဏ်ယူတတ်သူ ဖြစ်ပါသည်။ စေတနာကောင်းဖြင့် အကြံဉာဏ်ပေးခြင်း၊ အပြုသဘောဆောင်သည့်
စိတ်ထားဖြစ်ခြင်း၊ ရည်ရွယ်ချက်ကောင်းဖြင့် ချဉ်းကပ်လာခြင်းတို့ကိုမူ အသိအမှတ်ပြုပေးတတ်သူ
ဖြစ်ပေသည်။ ရံဖန်ရံခါ မောင်ဘယ်သူ လျှောက်ထားသည်က သင့်တော်သည်၊ အလေးအနက်ထားရမည်၊ ဦးဘယ်သူ
တင်ပြသည်က မှန်သည်၊ ရပ်တည်ပေးရမည်၊ မည်သည့်ဆရာတော်ကြီးက မည်သို့မိန့်သည်၊ လိုက်နာရမည်
စသည်ဖြင့် လျှောက်ထားချက်များ တင်ပြချက်များ သြဝါဒများကို ဂါထာရွတ်သလို တစ်တွတ်တွတ်ရွတ်ကာ
အလုပ်လုပ်တတ်ပေသည်။ သစ်ပင်ရေလောင်းသည့်အခါ၌ပင် ကိုယ်လောင်းတတ်သလို မလောင်းပါ၊ မိမိရှေ့
အလျင်ရောက်နှင့်နေသော ကိုရင်လေး ကျောင်းသားလေးများကို မေးစမ်းပြီးမှ လောင်းပါသည်။ တစ်ခါတရံ
သူတို့လေးတွေကို ဆရာတင်လျက် “မင်းက ရှေ့ကသွား၊ ငါက နောက်ကလိုက်ခဲ့မယ်”ဟု ပြောကာ ကိုရင်လေးကို လမ်းပြအဖြစ်ထားပြီး
စာရေးသူက ၎င်းနောက်မှ ရေပိုက်ထမ်း၍ လိုက်ခဲ့သည်လည်း ရှိပါသည်။ ကောင်းမွန်သော အကြံဉာဏ်ကို
ကျောင်းသား၊ ကပ္ပိယ၊ ကားဆရာက ပေးလာသည်ဖြစ်စေ ချက်ချင်းအကောင်အထည်ဖော်တတ်ပေသည်။ ထိုသို့
လုပ်ဆောင်မှုကြောင့် အောင်မြင်ခဲ့သည့်ဖြစ်ရပ်များလည်း များစွာရှိပေသည်။
စာရေးသူ၏ အောင်မြင်မှုလျှို့ဝှက်ချက်တစ်ခုမှာ “ထိုးဖောက်တတ်ခြင်းနှင့်
ဖောက်ထွက်တတ်ခြင်း” ဖြစ်ပါသည်။ စီးပွားရေးစကားဖြင့်ပြောရလျှင်
ဈေးကွက်ထဲသို့ ဝင်တိုးနိုင်အောင် ထိုးဖောက်ဝင်ရောက်သည့် အသိပညာနှင့် စစ်ရေးစကားဖြင့်ပြောရလျှင်
ရန်သူ့ပိတ်ဆို့မှုများကို ဖောက်ထွက်နိုင်သည့် အသိပညာဖြစ်ပါသည်။ မည်သည့်လောကသို့ မည်သို့ထိုးဖောက်ဝင်ရောက်ရမည်နည်း၊
မည်သည့်အန္တရာယ်များ အခက်အခဲများကြားမှ မည်သို့ဖောက်ထွက်ရမည်နည်း စသည်ဖြင့် အမြဲတစေ
ကြံဆနေတတ်ပေသည်။ တီထွင်ကြံဆ နည်းလမ်းရဟူသကဲ့သို့ပင် နည်းပညာနှင့် နည်းဗျူဟာများကို
အမြဲတန်း ရှာဖွေလေ့လာလျက် ရှိပေသည်။ ထိုသို့သော ‘ထိုးဖောက် ဖောက်ထွက်’ဗျူဟာပိုင်းမှာ အားသာလေ့ရှိသောကြောင့် စာရေးသူသည်
ဖိအားများကို မမှုတတ် မဖြုံတတ်သလို ကြောက်ရွံ့တုန်လှုပ်မှုလည်း မရှိပါ။ ထို့အတူ မအောင်မမြင်ဖြစ်မည်
ဆုံးရှုံးနစ်နာမည်ကိုလည်း တွေးမပူတတ်ပါ။ ထိုးဖောက်နိုင်ဖို့နှင့် ဖောက်ထွက်တတ်ဖို့သာ
အဓိကဟု ခံယူထားပါသည်။ ဤသည်မှာ ဝီမံသာဓိပတိ ပဋ္ဌာန်းသတ္တိကြောင့် ဖြစ်ပါသည်။
စာရေးသူသည် ဒေါသစရိုက်ကြီးမားသူဖြစ်သော်လည်း အချိုကြိုက်သူ ဖြစ်ပါသည်။
အခါး လုံးဝမတည့်ပါ။ အချဉ်ဆိုလျှင် ပို၍ပင်ဝေးပါသည်။ အကျိုးသင့်အကြောင်းသင့်ရှင်းပြလာလျှင်ဖြစ်စေ
လူကြီးလူကောင်းဆန်စွာ ဆွေးနွေးညှိနှိုင်းလာလျှင်ဖြစ်စေ လိုက်လျောတတ်သဖြင့် အဆင်ပြေသည်က
များပါသည်။ ဤသည်မှာ အချိုစားခြင်းပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ပြောရလျှင် အချော့ကြိုက်သည့်သဘောပင်။
ငိုပြလာလျှလည်း မျက်ရည်မခိုင်ပါ။ ဤသည်ကို အခွင့်ကောင်းယူ၍ ငိုပြလေ့ရှိသူများလည်း တွေ့ရတတ်ပါသည်။
ခြိမ်းခြောက်အကြပ်ကိုင်လာလျှင်ဖြစ်စေ အစွယ်ထုတ်အာဏာပြလာလျှင်ဖြစ်စေ ခေါင်းငုံ့မခံတတ်ပါ။
တစ်နည်းနည်းဖြင့် ကျော်လွှားတတ်သလို တစ်နည်းနည်းဖြင့် တုန့်ပြန်တတ်ပါသည်။ ဤသည်မှာ အခါးမကြိုက်သည့်
လက္ခဏာတစ်ပါးပင်။ လူချင်းရင်းနီးပါလျက် ဖုန်းအဆက်အသွယ်ရှိပါလျက် သတင်းစကားပါးလျှင် ရပါလျက်
အကျိုးသင့်အကြောင်းသင့် လျှောက်ထားလျှင် ရပါလျက် သူ့ကိုယ်သူ ဆရာကြီးလုပ်၍ ဝေဖန်ခြင်းမျိုး
လိုင်းပေါ်တင်၍ တိုက်ခိုက်ခြင်းမျိုးနှင့် ကြုံရလျှင် အရွဲ့တိုက်တတ်ပါသည်။ ဤသည်မှာ အချဉ်မကြိုက်သည့်
စရိုက်တစ်ခုပင်။
စာရေးသူသည် လိုအပ်လျှင် လိုအပ်သလို အနီးနေတပည့်လေးများမှအစ ကလေးသူငယ်ပါမကျန်
အကြံဉာဏ်တောင်းလေ့ရှိသောကြောင့် ဆရာ့ဆရာကြီးများနှင့်လည်း အမြဲလိုလို တွေ့ကြုံရတတ်ပါသည်။
သူတို့သည် ကမ္ဘာကျော်ဆရာတော်၏ အကြံပေးအရာရှိအဖြစ် သူတို့ကိုယ်သူတို့ ခံယူထားပုံရပါသည်။
ထို့ကြောင့် စာရေးသူကို အမြဲတန်း ဆရာလာလုပ်လေ့ရှိကြပါသည်။ ရည်ရွယ်ချက်ကောင်းသည်၊ စေတနာမှန်သည်၊
စိတ်ထားဖြောင့်မှန်သည်၊ အကျိုးရှိသည်ဖြစ်လျှင် မည်သည့်အကြံဉာဏ်မဆို ယူလေ့ရှိသော်လည်း
စာရိတ္တမကောင်း၊ စိတ်ထားက မဖြောင့်၊ စေတနာက မမှန်လျှင်မူ မည်မျှကြီးမားသည့် အကောင်ကြီးဖြစ်ပါစေ
၎င်းအကြံဉာဏ်ကို လုံးဝ ယူလေ့မရှိပေ။ ထိုသို့ မယူရကောင်းလားဟု စာရေးသူကို ဆရာလုပ်မရ၍ ပြဿနာရှာသူများလည်း
ကြုံရတတ်ပါသည်။ ‘သူ့ကြည့်တော့ နှစ်ပြားမတန် လူလာဆရာလုပ်’ဟု
စိတ်ထဲက ရေရွတ်နေမိတတ်သည်ကား စာရေးသူ၏ ပင်ကိုယ်စရိုက်တစ်ခုသာတည်း။ ပို၍ဆိုးသည်ကား ပရိသတ်ရှေ့မှာ
ဆရာလုပ်ပြခြင်းပင်။ ဆရာဘုန်းကြီးက ကျောင်းသားကိုရင်ကို သင်ပေးသည့်ပုံစံမျိုးမဟုတ်သည့်
ပုံစံမျိုးဖြင့် လူကြားသူကြားထဲ ဆရာလုပ်ကြ သင်ပေးကြပါသည်။ စာရေးသူက တပည့်လေးတစ်ယောက်လို
နာခံသော်လည်း စာရေးသူ၏ ပရိသတ်က မကျေနပ်ကြပါ။ ‘အဲဒီကောင်က ဘာကောင်လဲ၊ ဘုန်းကြီးလာဆရာလုပ်၊
တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်’ဟူသည့် အသံများ ပြန်ကြားရသလို
“ဆရာတော်က လူတွေကို အတော်အလိုလိုက်တာပဲ”ဟု စာရေးသူကို အပြစ်တင်သူကတင်နှင့်
စာရေးသူမှာ အပြစ်လွတ်သည်ဟူ၍ မရှိသကဲ့သို့လည်း ဖြစ်တတ်ပါသည်။ “အေး၊ ငါ့ကိုဆရာလုပ်တာ
အရေးမကြီးဘူးနော်၊ လူကြားထဲဆရာလုပ်ရင် လူတွေနှင့် တွေ့မှာပဲ၊ ငါကတော့ ပြဿနာမရှိ၊ ဆရာအလုပ်ခံနိုင်တယ်”ဟူ၍ ပြန်ပြောလေ့ရှိသလို “ကွယ်ရာမှာ အကြံပေးကြပါကွာ၊
လူကြားသူကြားထဲကျ ငါကခံနိုင်ပေမယ့် ပရိသတ်က မခံနိုင်ဘူးကွ”ဟူလည်း
မေတ္တာရပ်ခံသည့်သဘောမျိုးဖြင့် ညည်းညူခဲ့ရသည်လည်း ရှိပါသည်။ သူတို့ကို မြင်ရသည့်အခါတိုင်း
“ဆရာလုပ်ခြင်းအနုပညာ”အကြောင်းကို အမြဲတွေးနေမိတတ်ပေသည်။ မှန်ပါသည်။ ဆရာလုပ်တတ်လေ့ရှိသူများ
ဆရာလုပ်နည်းမှန်ဖို့ လိုပေသည်။ ဆရာလုပ်နည်းမှန်ဖို့ဆိုလျှင် ဆရာလုပ်ခြင်းအနုပညာကို
လေ့လာဖို့ လိုပေသည်။ စာရေးသူ၏ ဆရာလုပ်ခြင်းအနုပညာကား ဗုဒ္ဓအဘိဓမ္မာ ဖြစ်သတည်း။
“ဆရာလုပ်ခြင်းအနုပညာနှင့် ထိုးဖောက်ဖောက်ထွက်ဗျူဟာ” ပြီးပါပြီ
ဝီရသူ(မစိုးရိမ်)
1.9.2020


No comments:
Post a Comment