ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၇)
“စိတ်နေစိတ်ထား ကျင့်စဉ်များ”
-------------------------------------------------
စာရေးသူသည် မေတ္တာပို့ချိန် သုံးချိန်ထားပါသည်။ မနက် အစိန္တေယျကြီး
ဘုရားရှိခိုးအပြီးမှာ တစ်ကြိမ်၊ ညဦးပိုင်း ပဋ္ဌာန်းရွတ်အပြီးမှာ တစ်ကြိမ်၊ ညဥ့်နက်သန်းခေါင်
မဟာသမယပရိတ် ရွတ်ဖတ်အပြီးမှာ တစ်ကြိမ် စုစုပေါင်း မေတ္တာပို့ချိန် သုံးကြိမ်ဖြစ်ပါသည်။
၎င်းတို့သည် အချိန်ကာလ အခိုက်အတန့်မျှသာဖြစ်ကာ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းချိန်နှင့်ဆိုလျှင်
လေးကြိမ်ဟု ဆိုရပါမည်။ မေတ္တာကမ္မဋ္ဌာန်းကား ထိုင်လျက်ပွားလိုက်၊ စင်္ကြံလျှောက်လျက်ပွားလိုက်ဖြင့်
အချိန်သီးသန့်ယူထားသဖြင့် နာရီဝက် တစ်နာရီထိ ကြာမြင့်ပါသည်။ ထို့အပြင် မနက်အစော အရုဏ်ဆွမ်းစားစဉ်
တစ်ကြိမ်၊ နေ့ဆွမ်းစားစဉ် တစ်ကြိမ် ပို့သပါသည်။ ဆန်ပြုတ်၊ သစ်သီး၊ ဆွမ်း၊ ဆွမ်းဟင်း
ပန်းကန်များကိုကြည့်ကာ စပ်ဆက်သမျှ ကုသိုလ်ရှင် ခုနစ်ရက်သားသမီးများကို အာရုံယူ၍ ပို့သခြင်းဖြစ်ပါသည်။
ထို့အပြင် အချိန်သတ်သတ်မှတ်မှတ်မထားဘဲ မေတ္တာပို့သသည့် အလေ့အကျင့်လည်း
ပြုလုပ်ထားပါသည်။ စာဖတ်စဉ်၊ သတင်းကြည့်စဉ်၊ အင်တာနက်လိုင်းသုံးစဉ်တွေမှာ မြင်သမျှ ကြားသမျှ
မေတ္တာပို့တတ်သလို ကားစီး၍ဖြစ်စေ သင်္ဘောစီး၍ဖြစ်စေ ခရီးသွားလျှင်လည်း တွေ့မြင်သမျှ မေတ္တာပို့သတတ်ပါသည်။
ကျန်းမာပါစေ ချမ်းသာပါစေဟု ပို့သတတ်သလို သုခိတာ ဟောထ ဒုက္ခာ မုစ္စထ (ချမ်းသာပါစေ ဆင်းရဲခြင်းမှ
လွတ်မြောက်ပါစေ)ဟု ပါဠိရွတ်ဆို၍ မေတ္တာပို့သသည်လည်း ရှိပါသည်။ ဥပမာ- အဖိုးအို အဖွားအိုများ၊
အိမ်ဖော်များ၊ ဒုက္ခသည်များ၊ တရားခံများ၊ အပြစ်မဲ့အရပ်သားများ နှိပ်စက်ခံနေရသည့် ရုပ်သံဖိုင်များ
တွေ့မြင်ရသည့်အခါ သုခိတာ ဟောထ ဒုက္ခာ မုစ္စထ (ချမ်းသာပါစေ ဆင်းရဲခြင်းမှ လွတ်မြောက်ပါစေ)ဟု
လေးနက်စွာ မေတ္တာပို့သတတ်ပါသည်။ အလှူဒါန ကောင်းမှုကုသိုလ်ပြုနေသူများနှင့် ကူညီကယ်ဆယ်ရေးလုပ်သားများအကြောင်း
ဖတ်ရှုရလျှင်လည်း ကျန်းမာပါစေ ချမ်းသာပါစေဟု စေတနာအပြည့်ဖြင့် မေတ္တာပို့သတတ်ပါသည်။ ဝမ်းစာမနည်းရှာဖွေနေရသည့်
စားရမဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ အနာထသတ္တဝါများ တွေ့မြင်ရလျှင်လည်း သုခိတာ ဟောထ ဒုက္ခာ
မုစ္စထဟု အကြိမ်ပေါင်းများစွာ မေတ္တာစေတနာအပြည့်ဖြင့် ဆုတောင်းပေးနေတတ်ပါသည်။
အဆင်ပြေလို ချမ်းသာစေလိုသည့်
စိတ်စေတနာသည် မေတ္တာတရားဖြစ်၍ ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုသော စိတ်စေတနာသည် ကရုဏာတရား
ဖြစ်ပါသည်။ မေတ္တာဟူသော ချစ်ခြင်းတရားသည် ကောင်းကျိုးလိုလားရုံမျှသာဖြစ်၍ ကရုဏာဟူသော
အကြင်နာတရားသည် ဒုက္ခမှ လွတ်မြောက်စေလိုရုံမျှသာ ဖြစ်ပါသည်။ သုခိတာ ဟောထဟု ပွားများခြင်းသည်
မေတ္တာဘာဝနာဖြစ်၍ ဒုက္ခာ မုစ္စထဟု ပွားများခြင်းသည်
သည် ကရုဏာဘာဝနာ ဖြစ်ပါသည်။ စာဖတ်ရင်း အင်တာနက်သုံးရင်း သတင်းကြည့်ရင်း မေတ္တာကုသိုလ်
ကရုဏာကုသိုလ်များ အလကားရနေခြင်း ဖြစ်ပါသည်။
မိမိကို ရှိခိုးဦးချသူများအား ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေဟု
ဆုတောင်းပေးတတ်သလို မိမိအား တစ်စုံတရာ လှူဒါန်းဆက်ကပ်သူများကိုလည်း ကျန်းမာချမ်းသာ
ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေဟု မေတ္တာပို့ ဆုတောင်းပေးလေ့ ရှိပါသည်။ ဆွမ်းကြီးလောင်းလို
တန်းစီလောင်းလှူကြသည့်အခါမျိုးနှင့် ကြုံရလျှင်မူ ထိုကဲ့သို့ ဆုတောင်းပေးလောက်အောင်
အချိန်မရတော့ပါ။ ထိုအခါ သုခိတာ ဟောထ ခုက္ခာ မုစ္စထ မျှသာ နှလုံးသွင်းရပါတော့သည်။ ဖယောင်းတိုင်လှူသူလည်း
သုခိတာ ဟောထ ဒုက္ခာ မုစ္စထ၊ နဝကမ္မလောင်းလှူသူလည်း သုခိတာ ဟောထ ဒုက္ခာ မုစ္စထပင်။ လူတစ်ရာနှစ်ရာမှ
လေးငါးရာထိ လောင်းလှူကြသည့် ဆွမ်းလောင်းပွဲများ၌ မေတ္တာကရုဏာပေါင်း လေးငါးရာအထိ ပို့သပွားများပြီးသား
ဖြစ်သွားပါသည်။ ဆွမ်းအလှူခံပွဲဖြစ်သော်လည်း လောဘဦးစီးသည့် ရယူခြင်းမျိုးမဟုတ်တော့ဘဲ
မေတ္တာဘာဝနာ ကရုဏာဘာဝနာတည်းဟူသော ကုသိုလ်တရားဖြင့် ပြန်လည်ချီးမြှောက်သည့် ဓမ္မာနုဂ္ဂဟ
(တရားဖြင့် ချီးမြှောက်ခြင်း)တာဝန်ကြီးတစ်ရပ် ထမ်းဆောင်လိုက်ရသကဲ့သို့ ခံစားရတာ အားရကျေနပ်မှုပေါင်းများစွာ
ဖြစ်ပေါ်ခဲ့ရပေတော့၏။
ယခုလို တောရဆောက်တည်နေရသောအခါမျိုး၌ကား မေတ္တာဘာဝနာကို စိမ်ပြေနပြေပွားများခွင့်
ရရှခဲ့ပေသည်။ လူမြင်လျှင်လည်း သုခိတာ ဟောထ ဒုက္ခာ မုစ္စထ၊ ခွေးလေးကြောင်လေးတွေ မြင်လျှင်လည်း
သုခိတာ ဟောထ ဒုက္ခာ မုစ္စထ၊ ကျေးငှက်တိရစ္ဆာန်လေးများ မြင်လျှင်လည်း သုခိတာ ဟောထ ဒုက္ခာ
မုစ္စထ ပါဠိများ နှလုံးသွင်းကာ မေတ္တာကုသိုလ်များ စိတ်တိုင်းကျ ဆည်းပူးခွင့် ရရှိနေပေတော့၏။
ခရီးသွားရာလမ်းတစ်လျှောက်၌ တရားပွဲကြော်ငြာ မြေစိုက်ပိုစတာကြီးများ
တွေ့ရတတ်ပါသည်။ ထေရ်ကြီးဝါကြီးများပုံတော် ပါဝင်နေလျှင် အလိုအလျောက် လပ်အုပ်ချီမိသွားတတ်ပေသည်။
ထိုအခါ ဆရာတော်ကြီးများ၏ ကျေးဇူးတော်ကို အာရုံပြုကာ “သက်တော်ရာကျော်ရှည်ပါစေ၊ ကျန်းမာချမ်းသာစွာ
သာသနာပြုနိုင်ပါစေ၊ တရားထူးတရားမြတ်များ ရရှိနိုင်ပါစေ”ဟု
လေးမြတ်စွာ ဆုတောင်းမေတ္တာပို့သတတ်ပေသည်။ အင်တာနက်လိုင်းသုံးစဉ် ဖူးမြင်ရသည့်အခါ၌မူ
လက်အုပ်ချီခွင့် မရတော့ပါ။ ထိုအခါ ဆုတောင်းမေတ္တာပို့သရုံမျှသာ ကုသိုလ်ယူနိုင်ပေတော့၏။
စာရေးသူနှင့်ပတ်သက်သည့် သတင်းများ ပို့စ်များတွေ့ရလျှင်လည်း သတင်းတင်သူ ပို့စ်တင်သူ
အကောင့်ပိုင်ရှင်များအား မေတ္တာပို့သနေမိပေသည်။ ထို့အတူ စာရေးသူ၏ နဝကမ္မ(လိုရာသုံး)အလှူငွေ
လှူဒါန်းသည့် သတင်းတက်လာလျှင်လည်း အလှူရှင်များအား “ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ
ပြည့်ဝပါစေ”ဟု တစ်ဦးချင်း တစ်မိသားစုချင်းထံ မေတ္တာပို့သနေမိတတ်ပေသည်။
နှစ်စဉ်ဆက်ကပ်နေကျ စာဖြေသံဃာအရုဏ်ဆွမ်းအလှူတော် ရုပ်သံဖိုင်များ သတင်းဓာတ်ပုံများ ကြည့်ရှုရလျှင်လည်း
အလှူရှင်များ ဝေယျာဝစ္စကုသိုလ်ရှင်များသာမကဘဲ ကြွရောက်ချီးမြှောက်ကြသည့် သံဃာတော်များကိုပါ မေတ္တာပို့သနေမိပေသည်။ စိတ်ထားဖြူစင်ရေး စိတ်နေမြင့်မြတ်ရေးအတွက်
များစွာအထောက်အကူပြုနိုင်သည့် အလေ့အကျင့်ကောင်းတစ်ရပ်ဟု ယုံကြည်ထားပါသည်။
စာရေးသူ၏ အလေ့အကျင့်တစ်ခုမှာ ကျေးဇူးတရားကို သတိရမိခဲ့လျှင် ကျေးဇူးရှင်အပေါ်
ဂါရဝပြုမိခြင်းပင်။ လူပုဂ္ဂိုလ်ဖြစ်စေ ရဟန်းပုဂ္ဂိုလ်ဖြစ်စေ မိမိအပေါ် ကျေးဇူးရှိသူဖြစ်နေလျှင်
လက်အုပ်ချီမိပြီးသား ဖြစ်သွားတတ်ပေသည်။ ကျေးဇူးတရားကို အသိအမှတ်ပြုခြင်း အလေ့အကျင့်တစ်ရပ်ပင်။
သရဏံ ဂစ္ဆာမိအရ ကိုးကွယ်ရာ သီလဂုဏ် ပညာဂုဏ်ကို အလေးအမြတ်ပြုခြင်းမဟုတ်ဘဲ ကျေးဇူးတရားကို
အသိအမှတ်ပြုသည့် ယဉ်ကျေးမှုတစ်ရပ်အဖြစ် ခံယူကျင့်သုံးမိခြင်း ဖြစ်ပေသည်။ လက်အုပ်ချီရုံတင်မဟုတ်ပါ။
သုခိတာ ဟောထ ဒုက္ခာ မုစ္စထ (ချမ်းသာကြပါစေ ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေ)ဟု ပါဠိလို
မေတ္တာပို့ခြင်းပါ တစ်ပါတည်း ပွားများပြီးသား ဖြစ်သွားတတ်ပါသည်။ ဥပမာ- သီတဂူဆရာတော်ကြီးထံ
အာရုံရောက်သည်နှင့် အလိုအလျောက် လက်အုပ်ချီပြီးသား မေတ္တာပို့ပြီးသား ဖြစ်သွားတတ်ပုံမျိုး၊
ကျောင်းသားကိုရင်ဘ၀တုန်းက ဆရာတော်များ၊ ဆရာ ဆရာမများ၊ ကွယ်လွန်ခဲ့ပြီးသော ရဟန်းဒါယိကာမကြီးနှင့်
ဆွမ်းဒကာ ဒကာမများ၏ ကျေးဇူးကြီးမားပုံကို သတိရမိသည့်အခါတိုင်း လက်အုပ်ချီလျက် မေတ္တာပို့မိပြီးသား
ဖြစ်သွားတတ်ပုံမျိုးကို ဆိုလိုပါသည်။
စာရေးသူသည် မိမိအပေါ် သာသနာတော်အပေါ် အကျိုးပြုဖူးသူ အကျိုးကြီးမားသူများကိုသာ
မေတ္တာပို့တတ်သူမဟုတ်ပါ။ မိမိအပေါ် မိမိအဖွဲ့အစည်းအပေါ် လူမျိုးအပေါ် သသာသနာတော်အပေါ် တိုင်းပြည်အပေါ်
အကျိုးမဲ့ပြုလုပ်ဖူးသူ အန္တရာယ်ပြုဖူးသူများကို လူမှုကွန်ရက်မှာဖြစ်စေ စာစောင်ထဲမှာဖြစ်စေ
တွေ့မြင်ရသည့်အခါ၌လည်း အနည်းဆုံးအားဖြင့် သုခိတာ ဟောထ ဒုက္ခာ မုစ္စထ ပါဠိလိုရွတ်ဆို၍
မေတ္တာပို့တတ်သူ ဖြစ်ပါသည်။ မိမိအဖွဲ့အစည်းအပေါ် တိုက်ရိုက်စော်ကား ပြစ်မှားခဲ့သည့် အရာရှိကြီးရုပ်ပုံတွေ့လျှင်လည်း
သုခိတာ ဟောထ ဒုက္ခာ မုစ္စထ၊ မိမိတိုင်းပြည်ကို တိုင်းတစ်ပါးလက်အောက် ကျရောက်အောင် နိုင်ငံခြားသားလက်ထဲ
ထိုးအပ်နေသူမကြီးကို တွေ့မြင်ရလျှင်လည်း သုခိတာ ဟောထ ဒုက္ခာ မုစ္စထ၊ သံဃာအချင်းချင်းအပေါ်
သမဂ္ဂစိတ်မျိုး မထားရှိဘဲ အလိုမကျတိုင်း ထိုင်ဆဲနေသည့် ရဟန်းပုဂ္ဂိုလ်များ တွေ့ရလျှင်လည်း
သုခိတာ ဟောထ ဒုက္ခာ မုစ္စထ၊ သွေးလှူပွဲလေးပင် ခွင့်ပြုချက်မပေးနိုင်သည့် ဒုက္ခသည်လူမမာ
အရာရှိကြီးပုံတွေ့လျှင်လည်း သုခိတာ ဟောထ ဒုက္ခာ မုစ္စထဟု မေတ္တာပို့ပြီးသား ဖြစ်သွားတတ်ပေသည်။
ထိုသို့ မေတ္တာပို့သည့်အခါ မိမိ၏ဦးခေါင်းသည် တဒင်္ဂအခိုက်အတန့်မျှ အလိုအလျောက် ညိတ်မိတတ်ပါသည်။
ခေါင်းလေးတစ်ချက်မျှ မသိမသာ ညိတ်လျက် သုခိတာ ဟောထ ဒုက္ခာ မုစ္စထဟု ပါဠိလိုဆို၍ မြန်မာလိုနှလုံးသွင်းကာ
မေတ္တာပို့သမိသည်မှာ စာရေးသူ၏ အလေ့အကျင့်တစ်ခုပင်။ မိမိအကျိုးကို ဖျက်ဆီးဖူးသူ၊ မိမိအပေါ်
လိမ်လည်ဖူးသူ၊ မိမိပစ္စည်း ခိုးဝှက်ဖူးသူ၊ မိမိကို စော်ကားမော်ကား ပြုဖူးသူ တစ်ဦးတလေသည်
မိမိက မဖိတ်ခေါ်မိပါဘဲ မိမိစိတ်ထဲရောက်လာလျှင်လည်း ခေါင်းလေးညိတ်သည်ဆိုရုံမျှညိတ်ကာ
သုခိတာ ဟောထ ဒုက္ခာ မုစ္စထဟု မေတ္တာပို့သတတ်ပါသည်။ မိမိစိတ်နှလုံးဂေဟာထဲ ဧည့်ဆိုးများ
ရောက်မလာစေရန် မေတ္တာတံခါးဖြင့် လုပ်ခြုံရေးချထားလိုက်ခြင်းပါပင်။ မှန်ပါသည်။ ထိုကဲ့သို့
မကြာခဏပြုလုပ်လိုက်လျှင် အာရုံဆိုးများ ဝင်ရောက်မှု အလွန်တရာ နည်းပါးသွားတတ်ပါသည်။ အချို့ဆိုလျှင်
လုံးဝပင် မရောက်လာတော့ပါ။ ထိုအခါ မိမိနှလုံးသား ဒဏ်ရာဟောင်း မပေါ်ထွက်တော့သဖြင့် ပကတိ
တည်ငြိမ်အေးချမ်းလျက်ပင် ရှိပါသည်။
အခြားသောအလေ့အထတစ်ခုလည်း ရှိပါသေးသည်။ စာရေးသူသည် အာရုံတစ်ခုကို
အစွဲအလန်းမထားတတ်ပါ။ ခရီးထွက်လျှင် ကျောင်းကို ခေါင်းထဲထည့်မထားတတ်သလို တပည့်ဒကာ ဒကာမများကိုလည်း
တတွတ်တွတ်မှာ တဂွမ်ဂွမ်ဖုန်းဆက်ခြင်းမျိုး လုပ်ရသည်အထိ ကြောင့်ကြမှု ပူပန်မှုများ အလျဉ်းမရှိပါ။
လုပ်ငန်းအဖြစ်သာ လုပ်ကိုင်နေခြင်းဖြစ်သော်လည်း သံယောဇဉ်တွယ်တာမှု ကင်းနိုင်သမျှတော့
နေထိုင်ပါသည်။ တစ်စုံတရာပျက်စီးဆုံးရှုံးမှုမျိုးနှင့် ကြုံရလျှင်လည်း စိတ်ဆိုးစိတ်ကွက်
အမျက်ထွက်မှုမျိုး အဖန်ဖန်အထပ်ထပ် တွေးတောပူပန်ကာ နှမြောတသဖြစ်ပေါ်နေမှုမျိုး၊ တွေ့တိုင်းကြုံတိုင်း
ထပ်တလဲလဲပြောဆိုနေမှုမျိုး လုံဝမရှိပါ။ ဥပမာ- တိုင်းမဂ္ဂဇင်းအင်တာဗျူးရုပ်သံမှတ်တမ်း
ရိုက်ကူးထားပါလျက် ပြန်ရှာမရသည့်အဖြစ်မျိုး၊ အရေးတော်ပုံကာလကို အခွင့်ကောင်းယူပြီး
တရားရေးကို နိုင်ငံရေးနည်းဖြင့် အနိုင်ကျင့်ခံလိုက်ရသည့်အခါမျိုး၊ ကုလသမဂ္ဂအရာရှိ နိုင်ငံရေးပွဲစားမကြီးကို
ရရာလက်နက်ဖြင့် တွန်းလှန်ခဲ့ရသည့်ဖြစ်ရပ်မျိုးတို့တွင် “ငါလုပ်မိလေခြင်း၊ သူလုပ်ရက်လေခြင်း၊
မင်း အသုံးမကျလေခြင်း”စသည်ဖြင့် နောင်တတစ်ဖန် ပူပန်ခြင်းမျိုး လုံးဝ
မရှိသလို တအုံ့နွေးနွေးတွေး၍ မကျေနပ်ခြင်း၊ အလိုမကျခြင်း၊ စိတ်ပျက်စိတ်ကွက်ခြင်း၊ အားငယ်
ညှိုးငယ်ခြင်း စသည့် စိတ်နှလုံးမသာမယာဖွယ် (သောက ဒေါမနဿ)များကို မွေးမြူလေ့မရှိတတ်ပေ။ထိုအာရုံများပေါ်လာလျှင်လည်း
အလိုအလျောက် နှင်ထုတ်ပြီးသားဖြစ်အောင် လေ့ကျင့်ထားပေသည်။
မည်သို့ပင် အလုပ်ပိနေပါစေ၊ မည်မျှပင် ဆင်ခြင်ပွားများနေပါစေ စိတ်ဟူသည့်သဘောသည်
တောင်တောင်ဤဤ ကြံစည်တတ်သည်ဖြစ်ရာ စာရေးသူစိတ်သည်လည်း အနိဋ္ဌာရုံများနှင့် တွေ့ကြုံလျှင်
ဗျာပါဒ(ပျက်စီးစေလိုမှု) ဒေါမနဿ(မကျေမနပ်ဖြစ်မှု)များ ပေါ်ပေါက်တတ်ပါသည်။ ထိုအခါ မသိမသာ
ခေါင်းယမ်းကာ ဖယ်ထုတ်ပြီးသား ဖြစ်သွားပါသည်။ မိမိရန်သူ မိမိမုန်းသူ မိမိအဖွဲ့အစည်းအကျိုးဖျက်ဆီးသူ
မိမိလူမျိုး မိမိတိုင်းပြည်နှင့် မိမိသာသနာအပေါ် အန္တရာယ်ပြုသူဖြစ်စေကာမူ ၄င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များကို
ပျက်ပြားအောင် ကာယကံမြောက် ဖျက်ဆီးဖို့ ဝစီကံဖြင့် တိုက်တွန်းဖို့မပြောနဲ့ စိတ်ထဲမှာပင်
မကြံစည်တတ်ပါ။ ထိုစိတ်မျိုးပေါ်ပေါက်လာလျှင်လည်း ခေါင်းခါ၍ နှင်ထုတ်လိုက်သည်သာ ဖြစ်ပါသည်။အခြေချနေထိုင်ခွင့်ပေးဖို့
ကြီးထွားလာအောင် မွေးမြူထားဖို့မပြောနှင့် တဒင်္ဂအခိုက်အတန့်လေးမျှပင် အလည်လာရောက်ခွင့်
မပေးခဲ့ခြင်း ဖြစ်ပါသည်။ ဥပမာ- စာရေးသူတည်ထောင်ထားသည့် ပညာဒါနကျောင်းဝန်းအတွင်း လာရောက်ကျူးကျော်သူကို
လွတ်ရာကျွတ်ရာ ရွှေ့ပေးသည်။ မြေနေရာလည်း ပေးသည်။ ရွှေပြောင်းခလည်း ပေးသည်။ ဖို့မြေဝယ်ခ၊
မြေသယ်ခလည်း ပေးသည်။ ထိုသူတောင်းဆိုသမျှ အကုန်လုပ်ပေးခဲ့ပါလျက် ပိုက်ဆံယူထားပြီး ရွှေ့မပေးပါ။
ရွှေ့မပေးသည့်အပြင် မိမိခြံစည်းရိုးကို ဖျက်ဆီးကာ ပြောင်ပြောင်တင်းတင်းပင် စော်ကားပြလိုက်ပါသည်။
ထိုသူတို့အပေါ် စိတ်ရောက်သွားတိုင်း မကျေမနပ်ဖြစ်မိပါသည်။ ထိုအခါ မိမိနှလုံးအိမ် နာကျင်နေတတ်ပါသည်။
ထို့ကြောင့် ထိုစိတ်မျိုးမဝင်အောင် သတိဆောင် ခေါင်းခါလျက် နှင်ထုတ်လိုက်ခြင်း ဖြစ်ပါသည်။
သန့်ရှင်းလှပ သာယာစိုပြေ တည်ငြိမ်အေးချမ်းသော မိမိနှလုံးအိမ်အတွင်းသို့
အနိဋ္ဌာရုံဧည့်ဆိုးများ လုံးဝ မလာရ။
သောက ဗျာပါဒ ဒေါမနဿ စိတ်ဆိုးများအတွက် မိမိနှလုံးအိမ်မှာ နေစရာမရှိစေရ။
မိမိနှလုံးအိမ်သည် သူခိုးကြမ်းပိုး စိတ်ဆိုးစိတ်ပုပ်များခိုအောင်းရာ
ဒုစရိုက်ဂေဟာမဟုတ်။
မိမိနှလုံးအိမ်သည် သူတောင်ကောင်းတရားထွန်းကားရာ ငြိမ်းချမ်းရေးအိမ်ဂေဟာလေး
ဖြစ်ပါသည်။
“စိတ်နေစိတ်ထား ကျင့်စဉ်များ” ပြီးပါပြီ။
ဝီရသူ(မစိုးရိမ်)
21.7.2020

No comments:
Post a Comment