ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈)
“ရုပ်ပွားတော်ကို ပူဇော်နည်း”
ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)
-------------------------------------------------
ပိဋကတ်တော်၌ အဂါရဝတရား သဂါရဝတရားများကို မြတ်စွာဘုရား ဟောကြားတော်မူထားပြီး
ဖြစ်သည်။ အဂါရဝဆိုသည်မှာ မရိုသေမလေးစားခြင်းဖြစ်ကာ သဂါရဝဆိုသည်မှာ ရိုသေလေးစားခြင်း
ဖြစ်သည်။ မရိုသေလျှင် မရိုသေသည့်အလျောက် အကုသိုလ်အပြစ်ဖြစ်ကာ ရိုသေလျှင် ရိုသေသည့်အလျောက်
ကုသိုလ်တရားများ တိုးပွားကြသည်သာ ဖြစ်သည်။ မရိုသေခြင်းသည် မပြောပလောက်သည့် အကုသိုလ်
အသေးအဖွဲလေးမျှပင် ဖြစ်သော်လည်း စီးပွားရေးစသည့် လောကီရေးရာများမှာ ရှာဖွေသလောက် မရရှိခြင်း
ဆုတ်ယုတ်ပျက်စီးဆုံးရှုံးခြင်းများ ကြုံရလောက်အောင် မကောင်းကျိုးများ ပေးလေ့ရှိသည်။
ရိုသေခြင်းသည်လည်း ထိုနည်းအတူပင်။ အနည်းငယ်သော ကုသိုလ်အသေးအဖွဲလေးမျှပင် ဖြစ်သော်လည်း
စီးပွားရှာဖွေရ လွယ်ကူခြင်း စည်းစိမ်ဥစ္စာ တိုးပွားခြင်း ကျက်သရေမင်္ဂလာ တိုးပွားခြင်း
စသော ထင်မှတ် မထားသည့် ကောင်းကျိုး တရားများ ပေးစွမ်းတတ်သည်။
အဂါရဝတရား သဂါရဝတရားတို့သည် သရုပ်အားဖြင့် များပြားစွာရှိကြသော်လည်း
သတ္ထရိအဂါရဝ(ဘုရား၌ မရိုသေခြင်း)၊ ဓမ္မေအဂါရဝ(တရား၌ မရိုသေခြင်း)၊ သံဃေအဂါရဝ(သံဃာ၌ မရိုသေခြင်း)၊
သတ္ထရိသဂါရဝ (ဘုရား၌ ရိုသေခြင်း)၊ ဓမ္မေသဂါရဝ(တရား၌ ရိုသေခြင်း)၊ သံဃေသဂါရဝ(သံဃာ၌ ရိုသေခြင်း)ဟူ၍
ရတနာမြတ်သုံးပါးနှင့် ပတ်သက်၍ ဟောထားသည်များမှာ အဆိုပါတရားတို့၌ ပင်တိုင်ပါဝင်သည်သာ
ဖြစ်လေသည်။ အရေးကြီးကြောင်း သိစေတော်မူလိုရင်းပေတည်း။
ဘုရားအပေါ် မည်မျှယုံကြည်သည်၊ ဆရာသမားကောင်းများထံမှ မည်သို့သော
အဆုံးအမများ ရရှိထားသည်၊ ဤနှစ်ချက်ကို သိလိုလျှင် ရုပ်ပွားတော်ကို မည်သို့မည်ပုံပူဇော်ထားသည်ကို
ကြည့်ရှုရုံမျှဖြင့် သိရှိနိုင်ပေသည်။ ဂန္ဓကုဋိ (ဘုရားကျောင်းဆောင်တော်)ကို ခမ်းနားထည်ဝါစွာ
ပူဇော်ထားသူများကို ကြည့်လျှင် သဒ္ဓါတရား အားကောင်းသူ လေးနက်စွာ သက်ဝင်ယုံကြည်သူများ
ဖြစ်နေတတ်ပေသည်။ ရုပ်ပွားတော်ကို ဘုရားကျောင်းတော်ဖြင့် ပူဇော်ထားသည့်အပြင် ဘုရားကျောင်းတော်
သန့်ရှင်းရေး၊ ပန်းရေချမ်းဆီမီးနံ့သာတို့ဖြင့် မပြတ်ပူဇော်ခြင်း ဆွမ်းတော်ပွဲများ အချိန်မီ
ပြန်စွန့်ခြင်း မှန်တံခါး (သို့) ခန်းဆီးများဖြင့် ကာရံထားခြင်းများ ပြုလုပ်ထားသည်ကို
တွေ့ရှိရပေလိမ့်မည်။
အနောက်တိုင်း သူဌေးများ၌ တူညီသော အချက်တစ်ခု ရှိပါသည်။ ၎င်းမှာ အိမ်တိုင်းအိမ်တိုင်း၌
စာအုပ်စင် ထားရှိခြင်းပင်။ စီးပွားရေးလုပ်ငန်းချင်း၊ ဘွဲ့ထူးဂုဏ်ထူးချင်း မတူညီကြသော်လည်း
စာအုပ်စင် ထားရှိခြင်းကား တူညီကြလေသည်။စာရေးသူတို့ တိုင်းပြည်၌လည်း ထို့အတူပင်။ ဗုဒ္ဓဘာသာချင်း
တူညီကြသော်လည်း လေးနက်စွာ သက်ဝင်ယုံကြည်မှုမျိုးကား နည်းပါးလှပေသည်။ လေးနက်စွာ သက်ဝင်ယုံကြည်သူများကို
ကြည့်လျှင် ဘုရားကျောင်းတော်ကို ကြည်ညိုဖွယ်ရာ ပူဇော်ထားသည်သာ ဖြစ်ပေသည်။ သို့ဖြစ်ရကား
လေးနက်စွာ သက်ဝင်ယုံကြည်သူတို့၌ တူညီသော အချက်မှာ ဘုရားကျောင်းတော်ပူဇော်ခြင်းဖြစ်ကာ
ဘုရားကျောင်းတော် စနစ်တကျ ပူဇော်ထားသူတို့၏ တူညီသော အချက်မှာ ဘုရားသာသနာကို လေးနက်စွာ
သက်ဝင်ယုံကြည်ခြင်းပင် ဖြစ်ပါသည်။
စာရေးသူသည် ခုတင်ခေါင်းရင်းမှာ ဘုရားပုံတော်ရှိလျှင် မအိပ်ဝံ့ပါ။
အဂါရဝ ဖြစ်နိုင်သောကြောင့်ပင်။ ထို့အတူ ဘုရားကျောင်းတော် (ဘုရားခန်း) ရှိသော်လည်း တံခါးလည်းမရှိ
ခန်းဆီးလည်းမကာလျှင် ဘုရားရှေ့မှာ မထိုင်ရဲပါ။ ဘုရားကျောပေးထိုင်ရမည်ကို ကြောက်သောကြောင့်တည်း။
ထို့အတူ နေရထိုင်ရလျှင်လည်း စိတ်မလုံခြုံပါ။
ဘုရားခန်းရှေ့ ဖြတ်သွားဖြတ်လာလည်း မလုပ်ရဲ၊ လွတ်ရာကျွတ်ရာ လမ်းလျှောက်မည်ဆိုလျှင်လည်း
ဘုရားခန်း ဟောင်းလောင်းကြီးကို မြင်နေရနှင့် နေထိုင်ရ ခက်လှပါသည်။ ထိုအခါမျိုး၌ ခန်းဆီးများ
အရေးပေါ် ချုပ်ကာ တပ်ဆင်လိုက်ရပါတော့၏။ ခန်းဆီးတပ်လိုက်လျှင် ဘုရားကျောင်းဆောင်နှင့်
ဘုန်းကြီးကျောင်းဆောင် တစ်ကန့်စီ ဖြစ်သွားပေပြီ။ ထိုအခါမှ စိတ်ဖြောင့်စွာ နေထိုင်နိုင်ပါတော့၏။
စာရေးသူ တရားဟောကြွသည့်အခါ နယ်တကာစုံရောက်ရှိခဲ့ပေသည်။ ဘုရားကျောင်းဆောင်
မရှိသော ကျောင်းအဆောင်များ၊ ဘုရားကျောင်းဆောင်ရှိသော်လည်း တံခါးလည်းမရှိ ခန်းဆီးလည်းမကာသော
အနေအထားများ၊ ကျောင်းဆောင်ထဲ တိုလီမိုလီပစ္စည်းများ သိမ်းဆည်းထားရှိမှုများကို တွေ့မြင်ရသည့်အခါတိုင်း
စိတ်မချမ်းသာလှပါ။ ဘုရားကို ဘုရားနှင့်တူအောင် မထားကြသူများသာတည်း။ ဘာသာ သာသနာကို ချစ်မြတ်နိုးစိတ်
ရှိသော်လည်း ဘုရားကို မကြည်ညိုတတ်သေး၊ မပူဇော်တတ်သေးဟုပင် ဆိုရပေလိမ့်မည်။
ဘုရားခန်းကို တံခါး (သို့) ခန်းဆီးတပ်မထားလျှင် ဘုရားရှေ့မှာ သွားလာနေထိုင်သမျှ
အဂါရဝ ဖြစ်ပါသည်။ ဘုရားကို မရိုသေရာ ရောက်ပါသည်။ ဘုရားခန်းထဲ တွေ့ကရာပစ္စည်းတွေ သိမ်းဆည်းထားလျှင်လည်း
အဂါရဝ ဖြစ်ပါသည်။ ဘုရားခန်းသည် စတိုခန်း မဟုတ်ပါ။ သို့ဖြစ်၍ ဘုရားခန်းထဲမှာ ရှင်းလင်းနေရပါမည်။
ဘုရားနှင့် စပ်ဆက်သမျှသာ ထားရှိရပါမည်။ ဘုရားပန်းအိုး၊ သောက်တော်ရေခွက်၊ ဆွမ်းတော်ပန်းကန်၊
အမွှေးတိုင်ပူဇော်ရာ၊ ဆီမီးညှိထွန်းရာ၊ မျက်နှာသုပ်ပုဝါ၊ ကျမ်းစာအုပ် ဤမျှသာ ထားရှိရပါမည်။
အမွှေးတိုင်ထုပ်များ၊ ဖယောင်တိုင်ထုတ်များ မီးခြစ်များပင် မထားသင့်ပါ။ နီးစပ်ရာမှာသာ
ထားသင့်ပါသည်။ သို့မှသာ ဘုရားကို ဘုရားနှင့်တူအောင် တူတူတန်တန် ပူဇော်နိုင်ပေမည်။ အများစုမှာ
ဘုရားကိုမြင်လျှင် စိတ်ကြည်လင်အောင်ဟုဆိုကာ တံခါးမတပ် ခန်းဆီးမကာဘဲ ဘုရားခန်းထဲမှာ
ရုပ်ပွားတော်ကို ဟာလာဟင်းလင်း ထားရှိကြခြင်းပင်။ ရုပ်ပွားတော်သည် အလှဆင် ပစ္စည်းမဟုတ်ပါ။
ကိုးကွယ်အားထားရာ ဖြစ်ပါသည်။ စိတ်ကြည်လင်လိုလျှင် မှန်တံခါး တပ်ထားနိုင်ပါသည်။ မီးပန်း
မီးဆိုင်းများ ပူဇော်ထားနိုင်ပါသည်။ ဓမ္မတေးများ သာယာချိုအေးဖြေးညှင်းသက်သာစွာ ဖွင့်ထားနိုင်ပါသည်။
ရုပ်ပွားတော်သည် အဝိညာဏက (သက်မဲ့)ဖြစ်သော်လည်း သက်တော်ထင်ရှား မြတ်စွာဘုရားပမာ
စိတ်ထားတတ်လျှင် သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်သလိုပင် ကုသိုလ်အပြည့်အဝရရှိကာ
ကောင်းကျိုးသုခ အပြည့်အ၀ခံစားရမည်သာ ဖြစ်ပါသည်။
တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတောပဏိဓိဟေတုဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
သက်ရှိဘုရားနှင့် ရုပ်ပွားတော်ကို တန်းတူကြည်ညိုနိုင်လျှင် တန်းတူအကျိုးပေးသည်။
စိတ်တောင့်တတိုင်း ပြည့်စုံနိုင်သလို သုဂတိဘုံသို့ လားရသည်ဟူ၍ ဆိုလိုပေသည်။
မိဘကို ရိုသေသော သားသမီးကောင်းသည် မိဘရှေ့မှာ မဖွယ်မရာ မပြုလုပ်ဝံ့
အမနာပ မပြောဆိုဝံ့ကြသလို ဘုရားကို ကြည်ညိုသော အမျိုးကောင်းသား အမျိုးကောင်းသမီးများသည်လည်း
ရုပ်ပွားတော်ရှေ့မှာ မဖွယ်မရာ ပြုလုပ်ခြင်းမျိုး အမနာပပြောဆိုခြင်းမျိုး ရှောင်ကြဉ်သင့်ပေသည်။
ရုပ်ပွားတော်ကြီး ငုတ်တုတ်ထားပြီး တုံးလုံး ပက်လက် အိပ်စက်နေကြသူများ၊ အော်ကြီးဟစ်ကျယ်
ဖုန်းဆက်နေသူများ၊ ဖုန်းဖြင့် ဇာတ်ကားကြည့်နေသူများ၊ သမီးရည်းစားအကြည်ဆိုက်နေသူများကား
မြင်မကောင်းလောက်အောင် များပြားတတ်လှပေသည်။အချို့မှာ ရုပ်ပွားတော်ကို နောက်ခံထားလျက်
ဓာတ်ပုံအရိုက်ခံကြပေသည်။ထိုသို့သော ဘုရားကျောပေးမှုမျိုးသည် သတ္ထရိအဂါရဝ(ဘုရား၌ မရိုသေမလေးစားခြင်းအပြစ်)
ဖြစ်ပါသည်။ စေတီတော်ကို နောက်ခံထားကောင်းသော်လည်း ရုပ်ပွားတော်ကို နောက်ခံမထားကောင်းပါ။ ရုပ်ပွားတော်သည် အဝိညာဏက (သက်မဲ့) ဖြစ်၍ ရိုသေရကောင်းမှန်း
သိပုံမရကြပေ။အကုသိုလ် အသေးအဖွဲလေးပင် ဖြစ်သော်လည်း ဘဝစည်းစိမ် ဆုံးရှုံးပျက်စီးလောက်အောင်
မကောင်းကျိုး ခံစားရတတ်ပါသည်။သီရိလင်္ကာပြည်သူများသည် ရုပ်ပွားတော်ကို ကွယ်၍ ဓာတ်ပုံရိုက်ခြင်း
ကျောပေး၍ ဓာတ်ပုံရိုက်ခြင်းများကို ကြီးလေးသည့်ပြစ်မှုအဖြစ် ပြစ်တင်ရှုတ်ချကြလေသည်။ဘုရားအဆုံးအမ
အပြည့်အ၀ ရထားသူများ ဖြစ်လေသတည်း။
စာရေးသူတို့ မစိုးရိမ်တိုက်သစ်၌ စာသင်သံဃာများ များပြားလွန်းလှသဖြင့်
ဂန္ဓကုဋိ (ဘုရားကျောင်းဆောင်)သာ မရှိလျှင် သတ္ထရိအဂါရဝ
အကုသိုလ် ဖြစ်လိုက်ကြမည်မှာ တစ်ပုံတစ်ပင်ပေတည်း။ ထိုအရေးကို သိမြင်သဖြင့် ကျေးဇူးရှင်
မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးက ရုပ်ပွားတော်ကို တစ်ကျောင်း တစ်ဆူသာ ပူဇော်ထားပါသည်။
ဂန္ဓကုဋိကိုလည်း မှန်ဖြင့် ဆောက်လုပ်ထားပါသည်။ မှန်ကျောင်းဆောင် ဖြစ်၏။ ထို့ကြောင့်
ဘုရားကျောင်းဆောင်နှင့် သံဃာဆောင် ကတ္တားခြားသွားပါတော့သည်။ စာသင်သားများ အဂါရဝ မဖြစ်တော့ပါ။
သြဝါဒပေးသည့် အခါ၌လည်း သတ္ထရိအဂါရဝ မဖြစ်အောင် နေတတ်ဖို့လိုကြောင်းနှင့် ထိုသို့သော
အပြစ်မျိုး မဖြစ်ရလေအောင် မှန်ကျောင်းဆောင်ဖြင့် ရုပ်ပွားတော်များကို ပူဇော်ထားကြောင်း
မိန့်တော်မူတတ်ပါသည်။ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ တစ်ကျောင်းတိုက် ဘုရားတစ်ဆူမူကို
ထောက်ခံကြောင်းလည်း မကြာခဏ မိန့်တော်မူပါသည်။
အချို့သော ကျောင်းတိုက်များ၌ ဝတ်တက်ရာ ဆွမ်းကပ်ရာ အခါမှသာ ခန်းဆီးကိုဖွင့်၍
ကျန်အချိန်များမှာ ခန်းဆီးချထားတတ်ပါသည်။ ဘုရားခန်း ရှိမှန်း မသိနိုင်သော်လည်း သတ္ထရိအဂါရဝအပြစ်
လုံးဝ မဖြစ်တော့ပါ။
စာရေးသူလည်း ရုပ်ပွားတော် မရှိလျှင် ထိုင်၍ ဘုရားဝတ်တက်ခြင်းမျိုး
မလုပ်တတ်ပါ။ စင်္ကြံလျှောက်လျက်သာ ရွတ်ဖတ်ပူဇော်ပါသည်။ တံခါးမရှိ ခန်းဆီးသာရှိလျှင် ခန်းဆီးကို
ဝတ်တက်ရာ၊ ရေချမ်းကပ်ရာ အခါမှသာ ဖွင့်ပါသည်။ ခန်းဆီးမရှိလျှင် ခန်းဆီးဝယ်၍ တပ်ဆင်ပါသည်။
အချို့အဆောင်များမှာ သေးငယ်လှသဖြင့် ရုပ်ပွားတော်နှင့် နီးကပ်စွာ နေရပါသည်။ မှန်ကျောင်းဆောင်ဖြင့်
သီးသန့်ပူဇော်ထားသော်လည်း ဖြတ်သွားဖြတ်လာ မပြုလုပ်ဝံ့ပါ။ သို့အတွက် ခန်းဆီးတပ်ဆင်ကာ
ဝတ်တက်ရာ ရေချမ်းကပ်ရာ အခါမှသာ ခန်းဆီးဖွင့်ပါသည်။
ဘုရားရုပ်ပွားတော်များကို ရိုသေကြပါ။
ရိုသေလျှင် ရိုသေသည့်အလျောက် ကောင်းကျိုးခံစားရပါမည်။
မရိုသေလျှင် မရိုသေသည့်အလျောက် အကုသိုလ် ဖြစ်ပါသည်။
စီးပွားဥစ္စာများ ရှာဖွေရခက်ခဲခြင်း၊ စည်းစိမ်ဥစ္စာများ ဆုံးရှုံးပျက်ပြားခြင်းနှင့်
ကြုံရတတ်ပါသည်။
စာရှုသူအားလုံး သက်ရှိထင်ရှား မြတ်စွာဘုရားလို သဘောထားကာ ရုပ်ပွားတော်အား
ကြည်ညိုတတ်ကြပါစေသော် . . . ဝ်။
ရုပ်ပွားတော်ကို ပူဇော်နည်း ပြီးပါပြီ။
ဝီရသူ(မစိုးရိမ်)
29.5.2020

No comments:
Post a Comment