Wednesday, May 6, 2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၅)


ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၅)
အနားယူကျင့်စဉ်
(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)
-------------------------------------------------

နေ့ဆွမ်းစားပြီး၍ သဟာယကျောင်းသို့ ပြန်ရောက်သည်နှင့် လက်ဆေး ပါးစပ်ဆေး သွားတိုက် ခံတွင်းသန့်ရှင်းရေးလုပ်ပါသည်။ မနက်ပိုင်း လုပ်လက်စအလုပ်များကို လက်စသပ်ပါသည်။အွန်လိုင်းအတွက် သတင်းရေးခြင်း၊ ဆောင်းပါးရေးခြင်း၊ အချက်အလက်ရှာခြင်းများ ပြုလုပ်ပါသည်။နေ့ဆွမ်းစားပြီး ချက်ချင်းကျိန်းစက်အနားယူခြင်းမျိုး မရှိပါ။ အမျိုးသားရေးအတွက် အချိန်ပေးရပါသည်။ပုံမှန်အားဖြင့် မွန်းလွဲ ၁း၃၀နာရီမှ ၂း၀၀နာရီအတွင်း အိပ်ရာဝင်ပါသည်။

 နေ့ဘက်အိပ်သည့်အခါ ခေါင်းအုံးမသုံးပါ။ အိပ်ရာခင်းပေါ်မှာ တစ်ကိုယ်လုံးတပြေးညီကျောဆန့်၍ ပက်လက်အနေအထားဖြင့် အိပ်ပါသည်။ လက်နှစ်ဘက်ကို ရင်ဘတ်ပေါ်တင်၍ တရားရှုမှတ်သည့်ပုံစံမျိုးမဟုတ်ဘဲ လက်နှစ်ဘက်ကို ခါးနှင့်ကပ်လျက် အထက်အောက်ဆန့်တန်းပြီး လက်ဖဝါးများကို မှောက်ထားကာ ခြေဖျားများကို အတွင်းဘက် ခြေဖနောင့်များကိုအပြင်ဘက်သို့ ကော့ထားလိုက်ပါသည်။ ခါးမှအပူများ ထုတ်ပစ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့်စာရေးသူ ခါးနာရောဂါမရှိပါ။ အထိုင်များလွန်းသည့်အခါမျိုး၌ ခါးနာလာလျှင်လည်း ဤနည်းဖြင့်ဖြေဖျောက်လိုက်လျှင် တစ်ခဏအတွင်း ပျောက်ကင်းသွားတတ်ပါသည်။ စာရေးသူထံ ခါးနာကြောင်း ပြောပြသူများကိုလည်း ဤနည်းကိုပင် ပေးလေ့ရှိပါသည်။ အမျိုးသားများကို လက်တွေ့အိပ်ခိုင်းကာ အမျိုးသမီးများဆိုလျှင် ကျောင်းသားတစ်ယောက်ကို အိပ်ပြခိုင်းတတ်ပါသည်။ ဆေးထိုး ဆေးစား ဆေးလိမ်း ဆေးသောက်ခြင်းများလည်း လုပ်စရာမလို နင်းနှိပ်အပူထုတ်ပေးစရာလည်း မလိုဘဲ အလွယ်တကူခါးနာပျောက်သည့်နည်း ဖြစ်ပါသည်။သို့သော် ထိခိုက်ဒဏ်ရာရထားသည့် ခါးနာဝေဒနာရှင်များဆိုလျှင် ဤနည်းမျှဖြင့် မရနိုင်ပါ။ အပူခိုခြင်း လေရှိုခြင်း စသည့် အထိုင်များခြင်း အထိုင်မှားခြင်းကြောင့် ဖြစ်တတ်သည့်ဝေဒနာမျိုးသာ ဤနည်းဖြင့် ကုသနိုင်ပါသည်။

 ထိုသို့ ခါးအပူထုတ်နေစဉ် ပစ္စဝေက္ခဏာဆင်ခြင်ပါသည်။ ပါဠိရွတ်လိုက် ဆောင်ပုဒ်ရွတ်လိုက်ဖြင့် စိတ်ထဲမှာသာ ဆင်ခြင်ခြင်း ဖြစ်ပါသည်။ အိပ်ရာပေါ် ဦးခေါင်းချလိုက်သည်နှင့် ပစ္စဝေက္ခဏာဆင်ခြင်ပြီးသား ဖြစ်သွားတတ်သည်က များပါသည်။ တကူးတက အာရုံယူ၍ ဆင်ခြင်စရာပင် မလိုအပ်ပါ။ အလုပ်ပင်ပန်း၍ခဏလှဲကာ အနားယူလျှင်လည်း ပစ္စည်းလေးပါး ဆင်ခြင်ပြီးသား ဖြစ်နေတတ်ပါသည်။ အိုးဘိုတောရမှာနေထိုင်ခဲ့ရသည့်နှစ်များ၌ သင်္ကန်းဝတ်ခွင့်မရသော်လည်း ပစ္စဝက္ခဏာဆင်ခြင်မှုလုပ်ငန်းကား လုံးဝပျက်မသွားပါ။ ပုံမှန်လည်ပတ်မြဲသာ ဖြစ်ပါသည်။ သာမန်ပါဠိအနက် ရွတ်ဆို၍ ဆင်ခြင်းခြင်းမျိုးမဟုတ်ဘဲ အလေးအနက်ထား၍ ဆင်ခြင်ခြင်းမျိုးသာ ဖြစ်ပါသည်။ ပစ္စဝေက္ခဏာဆင်ခြင်ပြီးသည့်အခါ မိမိခန္ဓာကိုယ်ကို ခြေဆုံးခေါင်းဆုံးအာရုံယူကာ တရားရှုမှတ်ပါသည်။ မိနစ်ပိုင်းမျှသာ မှတ်လိုက်ရပြီး အိပ်ပျော်သွားသည်က များပါသည်။ပင်ပန်းသည့်အခါ အိပ်ရေးပျက်သည့်အခါမျိုး၌ ပစ္စဝေက္ခဏာဆုံးသည်မထင်ပါ။ ခေါင်းချလိုက်သည်နှင့်အိပ်ပျော်သွားတတ်သောကြောင့် ဖြစ်ပါသည်။

နေ့ဘက်အိပ်စက်ရာကာလသည် ပုံမှန်အားဖြင့် တစ်နာရီသာ ကြာတတ်ပါသည်။အရေးကြီးသည့်အခါ အရေးပေါ်သည့်အခါမျိုး၌ မိနစ်ပိုင်းမျှသာ နားရလေ့ရှိပြီး အရေးမကြီး အရေးမပေါ်လျှင် တစ်နာရီကျော် ကြာတတ်သည်လည်း ရှိပါသည်။ ပစ္စဝက္ခဏာဆင်ခြင်ခြင်း၊ တရားရှုမှတ်ခြင်းတို့ကြောင့် အိပ်ရာထသည့်အခါ လန်းဆန်းတက်ကြွနေတတ်ပါသည်။

အနားယူကျင့်စဉ် ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)
23.4.2020



No comments:

Post a Comment