“ညစာဝါနှင့် ပဋ္ဌာန်းကျင့်စဉ်”
(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)
-------------------------------------------------
စာရေးသူသည် တစ်နေ့လျှင် စာဝါနှစ်ကြိမ် ပို့ချတတ်ပါသည်။ စာချတန်း အဋ္ဌသာလိနီစာဝါကို ပင်တိုင်ထားကာ ဋီကာကျော်နှင့်ပဋ္ဌာန်း နှစ်ခုအနက် တစ်ခုခုကိုသာ ပို့ချပါသည်။ ပဋ္ဌာန်းစာဝါပြီးဆုံးပါမှ ဋီကာကျော်စာဝါ စတင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အဋ္ဌသာလိနီနှင့် ဋီကာကျော်၊ သို့မဟုတ် အဋ္ဌသာလိနီနှင့် ပဋ္ဌာန်း ဟူ၍ စာဝါနှစ်ကြိမ် နေ့စဉ်ပို့ချသည်ဟု မှတ်ယူရပေမည်။ ထိုသို့ ဋီကာကျော်စာဝါ မစတင်သေးသည့်အခါမျိုး၌ ပဋ္ဌာန်းစာဝါကို ညစဉ် စုပေါင်းဘုရားဝတ်တက်ပြီးချိန်မှာ ညဝါအဖြစ် ပို့ချရခြင်း ဖြစ်ပါသည်။ အကြီးတန်းသံဃာများအား ပို့ချရခြင်းဖြစ်ကာ ဥပုသ်နေ့မှလွဲ၍ ညစဉ်ပုံမှန် ပို့ချရပါသည်။
ပဋ္ဌာန်းစာဝါကို ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသူရိယာဘိဝံသ (အဂ္ဂါဘိဓဇ)၏ ပဋ္ဌာနနယူပဒေသ(ပဋ္ဌာန်းနှစ်ချက်စု)မူဖြင့် ပို့ချခြင်း ဖြစ်ပါသည်။ မစိုးရိမ်ဆရာတော်ဘုရားကြီး၏ အမွေဖြစ်သည့်အပြင် ပဋ္ဌာန်းလေ့လာရာ၌ လွန်စွာလွယ်ကူလှသော နည်းဖြစ်သောကြောင့် စာသင်သားများ သဘောတွေ့ မနောခွေ့ကြသည်ကို တွေ့ရပါသည်။ စာအုပ်ကြည့်၍ ပို့ချခြင်း၊ ဇယားဖြင့် ရှင်းပြခြင်းမျိုးမဟုတ်ဘဲ အလွတ်ပို့ချခြင်းသာ ဖြစ်ပါသည်။ နှစ်ချက်စုဆိုရိုး အလွတ်ကျက်ခိုင်းသည်။ ညစဉ် အလွတ်ပြန်ဆိုခိုင်းသည်။ အမျိုးအစားတစ်ခုချင်းကို အဓိပ္ပါယ်ရှင်းပြသည်။ ပစ္စည်းအမျိုးအစားနှင့် ပစ္စယသတ္တိအမျိုးအမည်များကို ယှဉ်တွဲစပ်ဆက်ပေးသည်။ ပဋ္ဌာန်း ၂၄ပစ္စည်းကို လောကအမြင် ဓမ္မအမြင်ဖြင့် ပေါ်လွင်အောင် ပြောပြတတ်သဖြင့် စာသင်သားများ အဘိဓမ္မာတရားကို လေးနက်စွာ ဉာဏ်သက်ဝင်သွားကြသည်ကား ပဋ္ဌာန်းစာဝါ၏ ရလဒ်တစ်ခုပင် ဖြစ်လေသည်။
အကြီးတန်းသံဃာများသည် စာသင်ပျိုနုများဖြစ်ကြသဖြင့် ရယ်စရာပြောလိုက်လျှင် အားပါးတရရယ်တတ်ကြပါသည်။ စာဝါလည်း ပျော်ရမည်၊ စာလည်း တော်ရမည်၊ စာလည်း ရရမည်၊ စာလည်း နားလည်ရမည်၊ အနက်အဓိပ္ပါယ်လည်း သိရမည်၊ အကျိုးရှိစွာလည်း အသုံးချတတ်ရမည်ဆိုသည့် ခံယူချက်မျိုးဖြင့် စာဝါချပေးခြင်းဖြစ်ရကား စာလိုက်ပျော်၍ စာတော်သောသံဃာတော်များ မွေးဖွားပေးခြင်းပင် ဖြစ်ပေသည်။
လောကကြီးကို အဘိဓမ္မာမျက်စိဖြင့် အမြဲကြည့်ဖို့၊ လူတွေ၏စိတ်ကို အဘိဓမ္မာမျက်စိဖြင့် အမြဲဓာတ်ခွဲလေ့လာဖို့ လူတွေ၏မျက်နှာကို အမြဲတန်း အကဲခတ်ဖို့ အမြဲတန်းတိုက်တွန်းတတ်သလို “မျက်နှာတိုင်းမှာ အဘိဓမ္မာရှိတယ်”ဆောင်ပုဒ်ကို စွဲကိုင်ပို့ချပေးပါသည်။
ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများဖြစ်သည့် “ဆားငံတိုင်း မယားရန်မတွေ့နဲ့”
“အညမညလို မကျင့်နဲ့ သဟဇာတလို ကျင့်”ဟူသော အဆုံးအမများကို ပဋ္ဌာန်းအမြင်ဖြင့် ရှင်းပြပေးပါသည်။ဆရာတော်ဘုရားကြိး၏ အာဘော်အတိုင်း အဘိဓမ္မာသဘောတရားပေါ်လွင်အောင် ရှင်းပြခြင်းမျိုး ဖြစ်ပါသည်။
စာဝါစသည့်အခါတိုင်း ဆယ်မိနစ်ခန့် ပဋ္ဌာန်းဆိုရိုး အလွတ်ဆိုခိုင်းပါသည်။ ထိုသို့ ဆိုနေခိုက် စာရေးသူက လမ်းလျှောက်လျက် နားထောင်ပါသည်။ ချောမောစွာဆိုနေကြလျှင် စာရေးသူက လမ်းလျှောက်လျက် နမောတဿ ရွတ်ဖတ်ပူဇော်ပါသည်။ ထစ်ငေါ့နေလျှင် သို့မဟုတ် တစ်ယောက်တစ်ပေါက်ဖြစ်နေလျှင် ရှေ့မှကျောင်းပေးကာ ပြန်ဆိုခိုင်းပါသည်။ သင်္ခန်းစာအသစ်ပို့ချလျှင်လည်း မိမိဆိုပြလိုက်၊ သူတို့နှင့်အတူလိုက်ဆိုလိုက်၊ သူတို့ကိုသာ ဆိုခိုင်းလိုက် လုပ်ကာ သူတို့အလွတ်ဆိုနေခိုက်မှာ စာရေးသူက နမောတဿ ဂုဏ်တော်ပွားလျက် လမ်းလျှောက်နေတတ်သည်သာ များပါသည်။
စာဝါချသည့် ကုသိုလ်နှင့် ဂုဏ်တော်ပွားသည့်ကုသိုလ် တစ်ပြိုက်နက်တည်း ဆည်းပူးနိုင်သည့် စနစ်ကောင်းတစ်ခုပင် ဖြစ်ပါသည်။ဖေ့စ်ဘုတ်ပရိသတ်အတွက်လည်း ပဋ္ဌာန်းစာဝါကို Liveလွှင့် ပြသခြင်းမျိုး မကြာခဏပြုလုပ်ပေးပါသည်။ထိုသတင်းကို ကြည့်ရသည့် အဘိဓမ္မာလေ့လာသူများက ကြည်ညိုကြ လာရောက်ဆွေးနွေးကြ ဖူးမြော်ပူဇော်တတ်ကြပါသည်။ ပါချုပ်ဆရာတော်ကြီးထံ အဘိဓမ္မာသင်တန်းလာတက်သော ရန်ကုန်မှ သင်တန်းသားမိသားစုများ မစိုးရိမ်သို့ရောက်လာသည်မှာ ထူးခြားမှုတစ်ခုပင်။အမျိုးသားရေးလည်း မပါဝင် နိုင်ငံရေးလည်း မဆွေးနွေးဘဲ အဘိဓမ္မာသဘောတရားသက်သက်သာ မေးလျှောက်ကြပါသည်။ “ကျုပ်က အဘိဓမ္မာဆရာကြီးဗျ၊ လိုအပ်ချက်အရသာ လူဆိုးကြိးလုပ်နေတာ၊အဘိဓမ္မာနဲ့ ပတ်သက်တာ အားမနာတမ်း ဆွေးနွေးလို့ရပါတယ်” ဖိတ်ခေါ်ပြီးမှ ဆွေးနွေးခြင်း ဖြစ်ပါသည်။ ၄င်းတို့ မေးလျှောက်သည်များကလည်း အဆင့်အတန်းမြင့်ပါသည်။ စာချတန်းစာဝါချစဉ် ၄င်းမေးခွန်းကို ပြန်ပြောပြရာ စာသင်သားများ အံ့အားသင့်နေသည်ကို တွေ့ရပါသည်။ ၄င်းမိသားစုကလည်း စာရေးသူထံ နောက်တစ်နေ့မနက် ပြန်လည်ရောက်ရှိလာကာ န၀ကမ္မအလှူငွေများ ထပ်မံလှူဒါန်းသွားကြပါသည်။
ပဋ္ဌာန်းစာဝါပြီးလျှင် စာရေးသူအတွက် ကိုယ်ပိုင်အချိန်များ ဖြစ်သွားပေပြီ။ ထိုအချိန်မှစ၍ အမျိုးသားရေးလုပ်ငန်းများထဲ စိတ်နှစ်ထားရပါတော့၏။ ညဥ့်နက်သည်အထိ အလုပ်လုပ်တတ်ပါသည်။
ည ဆယ်နာရီခန့်တွင် လုပ်ငန်းများ ခဏနားပါသည်။ ဘုရားတရားလုပ်ဖို့ အချိန်ပေးရပါသည်။ သဟာယကျောင်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက်လျက် ပဋ္ဌာန်းပါဠိတော် ရွတ်ဖတ်သရဇ္ဈာယ်ပါသည်။ ပစ္စယနိဒ္ဒေသပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်း ဖြစ်ပါသည်။
ပဋ္ဌာန်းရွတ်ရာ၌ အများတကာလို နားထောင်ကောင်းအောင် ကြည်ညိုဖွယ်ဆောင်သည့် အသံအနေအထားမျိုးဖြင့် ရွတ်ဆိုခြင်းမဟုတ်ပါ။ ပစ္စည်း ပစ္စယုပ္ပန် အကြောင်း အကျိုးစပ်ဆက်ဟန်ကို နှလုံးသွင်း၍ ရွတ်ဆိုခြင်း ဖြစ်ပါသည်။ ဥပမာ- ဟေတုပစ္စယောတိ တစ်ဖြတ၊် ဟေတူ တစ်ဖြတ် ၊ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ တစ်ဖြတ်၊ ဟေတုပစ္စယေန ပစ္စယော တစ်ဖြတ်အားဖြင့် ယတိဖြတ်ချိန်တိုင်း တစ်ထောက်ရပ်ကာ ပါဠိတော်များအပေါ် အနက်အဓိပ္ပါယ်ထပ်ဆင့်လျက် ဆင်ခြင်နှလုံးသွင်း ရွတ်ဖတ်ပူဇော်ခြင်း ဖြစ်ပါသည်။ ဦးနှောက်အတွေးအခေါ် ဉာဏ်ပညာ အသိအမြင်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးစေနိုင်သည့်နည်းလမ်း ဖြစ်ပါသည်။ လွန်စွာအကျိုးကျေးဇူးများပါသည်။
မရွတ်ခင် နတ်ဒေဝါများကို ဖိတ်ကြားပါသည်။ ရွတ်ပြီးလျှင် အမျှဝေပါသည်။ အမျှဝေပြီးမှ မေတ္တာပို့ပါသည်။ ထိုသို့မေတ္တာပို့သောအခါ အကျဉ်း အတို အနည်းငယ်မျှသာ ပို့သခြင်းမဟုတ်တော့ပါ။ အကျယ် အရှည် အချိန်များစွာပို့သခြင်း ဖြစ်ပါသည်။
အမျှဝေ မေတ္တာပို့ပြီးသည်နှင့် အမျိုးသားရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပါသည်။ သီးသန့်အနားယူသည်ဟူ၍လည်းကောင်း၊ သက်သောင့်သက်သာ နေချိန်ဟူ၍လည်းကောင်း လုံးဝ မရှိပါ။ အချိန်ရှိသရွေ့ အမျိုးသားရေး၊ မအိပ်မချင်း အမျိုးသားရေး၊ မိုးလင်းမိုးချုပ် အမျိုးသားရေး၊ အိပ်ရာထ အိပ်ရာဝင် အမျိုးသားရေး၊ အချိန်တိုင်းမှာ အမျိုးသားရေးကို ခေါင်းထဲထည့်ထားပြီး သမိုင်းပေးတာဝန်ကြီးတစ်ရပ်အဖြစ် တာဝန်သိစိတ်ဓာတ်အပြည့်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။
ညစာဝါနှင့် ပဋ္ဌာန်းကျင့်စဉ် ပြီးပါပြီ။
ဝီရသူ(မစိုးရိမ်)
24.4.2020

No comments:
Post a Comment