Sunday, April 26, 2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃)
စာချကျင့်စဉ်
(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)
-------------------------------------------------

မနက်အိပ်ရာထမှ အစိန္တေယျဘုရားရှိခိုးရွတ်ဆိုပူဇော်ပြီး မေတ္တာပို့ပြီးသည့်အခါ စာဝါချဖို့ ပြင်ဆင်ရပါသည်။ မနက် ၉း၃၀ နာရီမှာ အဋ္ဌသာလိနီစာဝါ ပို့ချရပါသည်။ စာချတန်းစာဝါဖြစ်ပြီး စာဝါပို့ချဖို့အတွက် အဋ္ဌကထာစာအုပ်၊ ပြည်နိသျစာအုပ်နှင့် ဝါကျဥယျာဉ်၊ မဏ္ဍိုင်နှင့် လက်ရေးမူမှတ်စုစာအုပ်များ ကြည့်ရှုရပါသည်။ မှတ်စုသီးခြားထုတ်နုတ်ထားခြင်းမရှိပါ။ မိမိရရှိထားသော နည်းနာနိသျများနှင့် တိုက်ဆိုင်ညှိကြည့်ကာ အဖြစ်သင့်ဆုံး အဖြေတစ်ခုရအောင် ထုတ်ပေးသည့်နည်း  ပို့ချပေးခြင်းဖြစ်ပါသည်။ 

နေ့စဉ် ဝါကျအတွက် မိနစ်၅၀ခန့်ပို့ချကာ နံပါတ်(၁၀)အတွက် ပဋ္ဌာန်းပစ္စည်းပြိုင်နည်းကို ဆယ်မိနစ်ခန့် ပို့ချပေးပါသည်။ အကြောင်းမှာ အဋ္ဌသာလိနီသမားများသည် ပဋ္ဌာန်းပစ္စည်းပြိုင်ကို ကြောက်ကြသောကြောင့်ဖြစ်၏။ စာရေးသူ ကျမ်းမပြီးခင် စာချဘုန်းကြီးဘဝမှာ အဋ္ဌသာလိနီလေ့ကျင့်ခန်းစာမေးပွဲများ ကျင်းပပေးခဲ့ရပါသည်။ လပြည့်လကွယ်နေ့များမှာ မေးခွန်းထုတ်ခြင်း၊ စာစစ်ခြင်းများ ပြုလုပ်ပေးရသည့်အခါ နံပါတ်(၁၀) ပစ္စည်းပြိုင်မှာ အားနည်းတတ်ကြသည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်ပါသည်။ အချို့စာသင်သားများဆိုလျှင် စာရေးသူတို့ထက် သိက္ခာဝါကြီးနေတတ်ကြသလို နှစ်ကျမ်းစွဲထားသူများ ဖြစ်နေကြသည်ကိုလည်း တွေ့ရပါသည်။ အဋ္ဌသာလိနီတစ်ကျမ်းတည်းသာ ကျန်တော့သော်လည်း ပဋ္ဌာန်းပစ္စည်းပြိုင်ဆိုလျှင် နံကြားထောက်ပြီး ရမ်းသမ်းဖြေတတ်ကြပေသည်။ ထိုသို့သောအားနည်းချက်ကို ဖြည့်စွက်ပေးသည့်အနေဖြင့် နေ့စဉ် ဆယ်မိနစ်ခန့် ပဋ္ဌာန်းပစ္စည်းပြိုင် ပို့ချပေးခြင်း ဖြစ်ပါသည်။ 

ပဋ္ဌာန်းပစ္စည်းပြိုင်အတွက် စာချသည့်အခါ မစိုးရိမ်တိုက်ကြီးများ၏ ဖခင် ကျေးဇူးတော်ရှင် အဂ္ဂါဘိဓဇ မစိုးရိမ်ဆရာတော်ဘုရားကြီး၏ ပဋ္ဌာန်းနှစ်ချက်စုမူကို လက်ကိုင်ထားကာ ပို့ချခြင်းဖြစ်ပါသည်။ အင်မတန် လွယ်ကူပါသည်။ ပဋ္ဌာန်းပို့ချရခြင်း၏ အခြားသောအကြောင်းတစ်ချက်မှာ စာချတန်းအတွက် ပဋ္ဌာန်းစာဝါကို သီးသန့်ပို့ချပေးသူ မရှိသောကြောင့် ဖြစ်ပါသည်။

ထိုသို့ ပဋ္ဌာန်းပစ္စည်းပြိုင်ကို နေ့စဉ်ပို့ချပေးခြင်းဖြင့် တစ်စုံတစ်ခုသော အကျိုးသက်ရောက်မှု ရှိသည်ဟု ဆိုရပေမည်။ စာရေးသူတို့ မစိုးရိမ်တိုက်သစ်မှ စာချတန်း ပထမ(အဂ္ဂမဟာအကျော်ဘွဲ့) ရရှိခဲ့သော ဦးပဉ္စင်းတစ်ပါးက ၎င်း၏ဂုဏ်ပြုပွဲအထူးထုတ်မဂ္ဂဇင်းတွင် စာရေးသူ၏ စာဝါလိုက်ရသည်မှာ ပျော်ရွှင်ရကြောင်း၊ ပဋ္ဌာန်းနေ့စဉ်ပို့ချပေးသည့်အတွက် နားလည်ခဲ့ရကြောင်း၊ ပဋ္ဌာန်းကို စိတ်ဝင်စားသဖြင့် စာဝါလိုက်နေတာ ပျော်ခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်။

စာရေးသူ စာဝါချလျှင် တိုင်းရေးပြည်ရေး နိုင်ငံရေး အမျိုးသားရေး စသည့် စာဝါပြင်ပစကားများ လုံးဝ မပြောပါ။ အရေးကြုံ၍ သြဝါဒပေးလျှင်လည်း အဘိဓမ္မာ အနက်အဓိပ္ပါယ်များသာ ရှင်းလင်းဖွင့်ဆို၍ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်များကို ပို့ချတတ်ပါသည်။ ဥပမာ- ကရုဏာ၏ အဖွင့်၌ ပရဒုက္ခာပနယနာကာရလက္ခဏာ- သူတစ်ပါးဒုက္ခကို ဖယ်ရှားလိုခြင်းလက္ခဏာ၏ ဆိုလိုရင်းကို ခရီးသွားအတွေ့အကြုံ ဘဝအတွေ့အကြုံများဖြင့် သာဓကများစွာ ဖြစ်ရပ်များစွာကို နမူနာတစ်ရပ်အဖြစ် ပြောပြခြင်းမျိုး ဖြစ်ပါသည်။

စာရေးသူ၏စာဝါကို နိုင်ငံခြားရုပ်သံသတင်းဌာနတော်တော်များများ လေ့လာရိုက်ကူးကြတတ်ပေသည်။ ၎င်းတို့က စာဝါချရင်း အမျိုးသားရေးအတွေးအခေါ်များ ရိုက်သွင်းသည်ဟု ထင်မြင်ယူဆထားပုံ ရပါသည်။ WML(ကမ္ဘာ့မူဆလင်အဖွဲ့ချုပ်)အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်များဖြစ်သော ဆော်ဒီအာရေဗျမှ မူဆလင်အကြီးအကဲများ လာစဉ်ကလည်း စာဝါပို့ချချိန်ထိ စောင့်ဆိုင်းကာ တစ်နာရီပြည့်အောင် နားထောင်သွားခဲ့ကြပါသည်။

စာရေးသူသည် အလုပ်ကို သူ့အကန့်နှင့်သူ ခွဲခြားထားပါသည်။ အမျိုးသားရေးက သက်သက်၊ စာဝါက သက်သက်၊ ပရဟိတက သက်သက်၊ ပညာရေးက သက်သက် လုံးဝ အရောယှက်မခံပါ။

ပရိယတ္တိသံဃာများနှင့် ပညာရေးဝန်ထမ်းများ မတူညီသည့်အချက်တစ်ခု ရှိပါသည်။ ၎င်းမှာ သံဃာများက ဥပုသ်နေ့တစ်ရက်သာ စာဝါရပ်နား၍ ဆရာ ဆရာမများက စနေ တနင်္ဂနွေ နှစ်ရက် ကျောင်းပိတ်ခြင်း ဖြစ်ပါသည်။ စာရေးသူသည် ဥပုသ်နေ့မဟုတ်ဘဲ စာဝါပိတ်တာ မနှစ်မြို့ပါ။ စာရေးသူ စာသင်သားတစ်သက်မှာလည်း ဥပုသ်နေ့တစ်ရက်သာ စာဝါပိတ်တာ ကြုံဖူးပါသည်။ စာရေးသူ မြစ်ဆုံတောရမှ ပြန်ရောက်လာ၍ စာဝါချသည့်အခါ အဖိတ်နေ့မှာ စာဝါပိတ်သည်ကို တွေ့လိုက်ရပါသည်။ စာဝါချဖို့သွားသည့်အခါ သံဃာများကို မတွေ့ရ၍ မေးကြည့်မှ အဖိတ်နေ့တိုင်း ကျောင်းသန့်ရှင်းရေးလုပ်ရသောကြောင့် စာဝါမလာခြင်းဖြစ်ကြောင်း သိရပါသည်။ မစိုးရိမ်တိုက်သစ်မှာ အဖိတ်နေ့တိုင်း ကျောင်းသန့်ရှင်းရေးလုပ်ကြသည်မှာ အစဉ်အလာဖြစ်ပါသည်။ သို့သော် စာဝါပြီးမှ လုပ်ကြခြင်းဖြစ်ပါသည်။ အပတ်စဉ် အလှည့်ကျစနစ်ဖြင့် သန့်ရှင်းရေးလုပ်ကြသောကြောင့် နာရီဝက်ဆိုလျှင် အားလုံးပြီးစီးသွားကြပါသည်။ သန့်ရှင်းရေးကိုအခွင့်ကောင်းယူ၍ စာဝါမလိုက်ကြခြင်း ဖြစ်ပါသည်။ စိတ်မကောင်းဖြစ်ရပါသည်။ တပည့်က ဆရာကို စာဝါပိတ်လိုက်ခြင်းဖြစ်သည်ဟု ခံစားမိလိုက်ပါသည်။ အနာဂတ်သာသနာအတွက် ပူပင်စရာတစ်ရပ် ဖြစ်ခဲ့ပါလေသည်။ သို့သော် စာရေးသူက အဖိတ်နေ့ဆိုပြီး စာဝါပိတ်မပေးပါ။ မလာကြလျှင်လည်း လာကြသူနှင့်ပင် ပို့ချမည်ဟု ခံယူထားကာ အဖိတ်နေ့မှာလည်း စာဝါပို့ချပါသည်။ သံဃာလေးရာကျော် တက်ကြသောစာဝါ၌ သံဃာနှစ်ဆယ်သုံးဆယ်သာ အဖိတ်နေ့မှာ တွေ့ရတတ်ပါသည်။ မစိုးရိမ်ရှေ့ရေးအတွက် စိတ်မအေးစရာတစ်ခုပင်။

စာရေးသူ စာဝါပျက်ခဲပါသည်။ ငယ်စဉ်ကတည်းက စာဝါကိုတန်ဖိုးထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ မစိုးရိမ်တိုက်သစ် ပဌမမဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဓဇ၏ သြဝါဒကို လက်ခံယုံကြည်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဆရာတော်ကြီး၏ သြဝါဒမှာ “စာသင်သား စာဝါပျက်ရင် တစ်ပါးတည်းပျက်တာ။ စာချဘုန်းကြီးစာဝါပျက်ရင် သံဃာအားလုံး ပျက်ကုန်တာဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် စာဝါပုံမှန်ပို့ချပါသည်။ သာမန်ဖျားနာရုံဖြင့် စာဝါမနားပါ။ ဧည့်သည် အာဂန္တုရောက်နေလျှင်လည်း စာဝါမနားပါ။ သွားစရာရှိလျှင်လည်း စာဝါအမီ ပြန်လာခြင်း၊ စာဝါပြီးမှ သွားခြင်းမျိုးသာ ပြုလုပ်ပါသည်။

ဖေ့စ်ဘုတ်ပေါ်မှ တရားပွဲသတင်းများကိုကြည့်၍ စာရေးသူ စာဝါမမှန်ဘူးဟု ထင်ကြသူအချို့ရှိပါသည်။ ဝါတွင်းကာလမှာ ညအိပ်သွားရမည့် တရားပွဲများ လက်မခံပါ။ ညနေစာဝါပြီးမှသွားလျှင် ညတရားပွဲအချိန်မီနိုင်သည့် အနီးဝန်းကျင်တရားပွဲများသာ လက်ခံပါသည်။ ရန်ကုန်နှင့် ဧရာဝတီလို တရားပွဲများဆိုလျှင် အဖိတ်နေ့မျိုးကိုသာ ရွေးချယ်ပေးတတ်လေ့ရှိပါသည်။ ဟောပြောပွဲလို အစည်းဝေးလို အရေးကြီးခရီးသွားရမည်ဆိုလျှင်လည်း ကြိုတင်၍ ကြေညာထားပါသည်။ စာဝါချမည်ထင်ပြီး အဝေးမှ တကူးတကလာ၍ စာဝါလိုက်သော်လည်း စာဝါပိတ်သည်ဟုဆိုသောကြောင့် ပြန်လာရသည်ဆိုသည့်အဖြစ်မျိုးဆိုလျှင် စာချဆရာအပေါ် ယုံကြည်မှုနည်းသွားနိုင်သောကြောင့် ဖြစ်ပါသည်။ ရပ်ဝေးစာလိုက်သံဃာအပေါ် စာနာသောကြောင့် စာဝါမပို့ချဖြစ်သည့်ရက်ကို ကြိုတင်အသိပေးထားခြင်းဖြစ်၏ ဟူလိုသော်။

အဋ္ဌသာလိနီစာဝါချသည့်အခါ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး၏ အပေါ်ဆုံးထပ်ထိ သွားရပါသည်။ တစ်မိနစ် နှစ်မိနစ်ခန့် စာဝါနောက်ကျနေလျှင် ဓာတ်လှေကားဖြင့် တက်ပါသည်။ အချိန်မီရောက်လျှင် လှေကားထစ်မှ တက်ပါသည်။ စာဝါချဖို့ သဟာယကျောင်းမှ ထွက်ခွာသည့်အချိန်မှ စာဝါချဖို့ထိုင်သည့်အချိန်ထိ နမောတေဂါထာ ရွတ်ဆိုပူဇော်ပါသည်။ စာဝါမှပြန်လာလျှင်လည်း ကျောင်းရောက်သည်အထိ နမောတေဂါထာ ရွတ်ဆိုပူဇော်ပါသည်။ စာချလျှင်လည်း နေ့စဉ် နမောတဿ သုံးကြိမ်ရွတ်ဆို၍ စာဝါဖွင့်ပါသည်။ ရုပ်ပွားတော်ကို ဦးသုံးကြိမ်ချပူဇော်ပြီးမှ စာဝါပို့ချပါသည်။

စာကြည့်သည်။ စာကြံသည်။ စာတွေးသည်။ စာချသည်။ ဘုရားရှိခိုးသည်။ နမောတဿရွတ်ဆိုသည်။ အသွားအပြန် ခြေလှမ်းတိုင်းခြေလှမ်းတိုင်း နမောတေဂါထာ ရွတ်ဆိုသည်။ စာမချမီ၊ စာချစဉ်နှင့် စာချအပြီး ကာလသုံးပါး ခဏတ္တယတိုင်းမှာ ကုသိုလ်တရားများဖြင့် နှလုံးသားကို ထုံမွှမ်းထားပါသည်။
စာချကျင့်စဉ် ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)

10.4.2020



No comments:

Post a Comment