“မစိုးရိမ်တိုက်သစ် ဝါဆိုသင်္ကန်းကပ်နှင့် ပဒေသာပင်စုံ စိုက်ထူပွဲ
အလှူတော်မင်္ဂလာ”
=====================================
စက်တင်ဘာ၊ ၁၁၊ ၂၀၁၉၊ မန္တလေး
သာမဏေကျော်ကိုရင် အပါး ၃၀၀တို့အား ဝါဆိုသင်္ကန်းကပ်ခြင်းနှင့် ပညာရေးပဒေသာပင်၊
ဆေးပဒေသာပင်၊ မီးပဒေသာပင်များ စိုက်ထူပွဲ အလှူတော်မင်္ဂလာကို ယနေ့ နံနက် ၉ နာရီခန့်က မန္တလေးမြို့
မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ရှိ မစိုးရိမ်တိုက်သစ်၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ် မြဝတီမြို့ ဇေယျာသိင်္ဂီ သီလရှင်စာသင်တိုက် ပဓာနနာယက ဆရာကြီး
ဒေါ်ကေဝလ၊ ဒေါ်ဣန္ဒစာရီ မောင်နှမတစ်စုက ဦးဆောင်လှူဒါန်းခြင်းဖြစ်ပြီး ကောင်းမှုရှင်များက
သာမဏေကျော်ကိုရင် အပါး ၃၀၀ တို့အား သဟတ္ထိကမြောက် လှူဒါန်းခဲ့ကြသည်။
၎င်းအပြင် ကြွရောက်ကောင်းမှုပြုကြသော ဆရာကြီးဆရာလေးများက မစိုးရိမ်တိုက်သစ်အတွင်း
အတန်းစုံ စာဝါလိုက်သံဃာတော်များကိုလည်း နဝကမ္မများ ကပ်လှူခဲ့ကြသည်။
ထို့နောက် မစိုးရိမ်တိုက်သစ် နာယကဆရာတော်များအား ဝါဆိုသင်္ကန်းများ
ဆက်ကပ်လှူဒါန်းကြပြီး မစိုးရိမ်တိုက်သစ် ပညာရေးပဒေသာပင်အတွက် (၅)သိန်းကျပ်၊ ဆေးပဒေသာပင်အတွက်
(၅)သိန်းကျပ်၊ မီးပဒေသာပင်အတွက် (၅)သိန်းကျပ်တို့ကိုလည်း မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်
ဘဒ္ဒန္တ ကေသရာဘိဝံသထံ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြပြီး ရေးစက်ချသွန်းချ အနုမောဒနာတရားများ
နာကြားခဲ့ကြသည်။
ယနေ့ကောင်းမှုပြုပွဲတွင် သိန်း(၈၀)ကျော် ကုသိုလ်ယူခဲ့ကြကြောင်း အလှူရှင်များထံမှ
သိရသည်။
007 news










No comments:
Post a Comment