“ထိုင်းနိုင်ငံခရီးစဉ် (၃)”
=============
ဝါခေါင်လပြည့်နေ့ 26.8.2018 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီ၊ ထိုင်းနိုင်ငံ၊
မဟာချိုင်မြို့၊ ဝပ်စီမိန်းကျောင်းတိုက်မှာ နေ့တရားပွဲကျင်းပပါတယ်။
တရားပွဲမစခင် အမျိုးသားရေးအဆိုတော်လေးများဖြစ်ကြတဲ့ လင်းထိုက်၊ ကြည်ဖြူခင်တို့က
အမျိုးသားရေးဓမ္မတေးများဖြင့် ဧည့်ခံသီဆိုပါတယ်။
တရားဟောပြီးတဲ့အခါ သင်္ကန်းဆက်ကပ်ကြပါတယ်။
သင်္ကန်းကပ်သူ များပြားတဲ့အတွက်ကြောင့် ရှိခိုးဦးချခွင့်တောင် မပေးတော့ဘဲ
စီတန်းကပ်လှူကြရတာပါ။
သင်္ကန်းကပ်ပြီးတဲ့အခါ ဓမ္မပူဇာအလှူငွေ လှူဒါန်းလိုသူများက တရားဦးဆောင်ကျင်းပသူများကို
အသိပေးပြီး လှူဒါန်းကြပါတယ်။
တရားဟောပြီးတဲ့အခါ မေးခွန်းများလည်း မေးကြပါတယ်။
အဲဒီအထဲမှာမှ လူငယ်လေးတစ်ယောက် မေးတာ မှတ်သားစရာကောင်းလို့ မှတ်မိနေပါတယ်။
အွန်လိုင်းနှင့် ကောလာဟလတွေကြောင့် ဆရာတော်ကို ပြစ်မှားမိတာ ပရိသတ်ရှေ့မှာပဲ
ဝန်ချတောင်းပန်ပါတယ်။
တပည့်တော်လို မသိနားမလည်သူများ မပြစ်မှားမိရလေအောင်၊ အကုသိုလ်မဖြစ်ရလေအောင်
ဆရာတော်၏ ပရဟိတဆောင်ရွက်ချက်များကို မိန့်တော်မူပါဘုရား ဆိုတာပါပဲ။
စာရေးသူ လုပ်ဆောင်နေတဲ့ ပရဟိတတွေကို အကုန်ချပြလိုက်လျှင် ပရိသတ်တွေ
ပင်ပန်းနွမ်းနယ်မှာစိုးလို့ နဂါးနီနှင့် လောကအလင်း၊ ပုထိုးတော်ကြီး၊ မဟော်သဓာပညာရေးလောက်ပဲ
ပြောပြလိုက်ပါတယ်။
စာရေးသူ ဟောကြားခဲ့တဲ့တရားက နမောတဿတရားတော် ဖြစ်ပါတယ်။
လက်တွေ့ ၁၀ မိနစ်ခန့် တရားထိုင်ခိုင်းကာ နမောတဿ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
စီးဖြန်းပုံ သင်ကြားပြသခဲ့ပါတယ်။
အဓိကကတော့ သူများတိုင်းပြည်မှာ အန္တရာယ်ကင်းစွာ လုံခြုံစွာနေထိုင်နိုင်ရေးနှင့်
စီးပွားလာဘ်လာဘ ဖြစ်ထွန်းရေးအတွက်ပါပဲ။
နမောတဿရွတ်ပွားပါ၊ ဘေးရန်ကင်းလို့ချမ်းသာမှာ။
ဘေးကင်းလုံခြုံပြည့်စုံဖို့၊ နမောတဿရွတ်ကြစို့။
No comments:
Post a Comment