"ဒီမိုကရေစီလို့ပြောရင်
ယုံမှာတောင် မဟုတ်ဘူး(၉)"
=============================
မွန်ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာအေးဇံရဲ့ ဟင်းတစ်မယ်စကားက ခေတ်စားသွားတယ်။ ကုန်ဈေးနှုံးကြီး မြင့်ခြင်းနဲ့ ပတ်သက်ပြီး
မေးတဲ့ပြည်သူတစ်ဦးကို ဆက်ဆံပုံကလည်း ကြောက်စရာ။ အလုပ်ရှင်က အလုပ်သမားကို ဖိဟောက်သလိုမျိုးကြီး။
ဟင်းတစ်မယ်လျှော့စားခိုင်းတာ၊ အလှူမလှူဖို့တားမြစ်တာ၊ အလှူပေးရင်လည်း ဟင်းတွေအများကြီးနဲ့
မကျွေးမွေးဖို့ သတိပေးတာတွေကို နိုင်ငံရေးအယူအဆလွဲမှားမှု ဖြေရှင်းပုံနည်းလမ်းမကျမှုအဖြစ်
လက်ခံလို့ရပေမယ့် ပြည်သူတွေကို လှိမ့်ဟောက်တာကြီးကတော့ အတော်အကျည်းတန်လွန်းတယ်ဗျ။ အာဏာရှင်တွေခေတ်တုန်းက
ပြည်သူတွေအပေါ် ခပ်ကြမ်းကြမ်းကိုင် တွယ်ခံခဲ့ရလို့ ခံစားနေရတဲ့ ဝေဒနာကို ပြည်သူ့အစိုးရက
ကုစားပေးရမည့်အစား အာဏာရှင်တွေလိုပဲ အပေါ်စီးကနေ ဟောက်နေခြောက်နေတာကြီးကတော့ ရေနစ်တဲ့သူ
ဝါးမကူဘဲ သဲအိုးစွပ်ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။
ဒီဇာတ်လမ်းက
ဒီမှာတင် မပြီးသေးဘဲ ဒေါက်တာအေးဇံ ဖြေကြားနေပုံတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လ်ကို
ဖေ့စ်ဘွတ်ခ်မှာတင်ပြီး ဝေဖန်ရေးသားခဲ့တဲ့ ဦးအောင်ကိုကိုလွင်ကို အရေးယူတိုင်ကြားတဲ့
အထိ သရဖူဆောင်းပြလိုက်တာတွေ့ရပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်
လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေသော ပုတ်ခတ်ခြင်းများ
ပြုလုပ်သည်ဟုဆိုကာ မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများရေးရာကော်မတီအဖွဲ့ဝင်
ဦးစော ကျော်မိုးက တိုင်ကြားခဲ့တာပါ။ မြို့မိမြို့ဖတစ်ဦးအနေနဲ့ တိုင်ကြားခြင်းဖြစ်တယ်လို့
ပြောပေမယ့် အဝေဖန် မခံနိုင်လို့ တိုင်ကြားတယ်ဆိုတာကိုတော့ ငြင်းပယ်လို့ မရနိုင်ပါဘူး။
သိပ်မကြာသေးခင်ကလည်း
တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို သရော်စာရေးသားလို့ဆိုကာ စာရေးဆရာ တစ်ဦး တရားစွဲခံခဲ့ရပါသေးတယ်။
ဒါ့အပြင်
ရခိုင်အမျိုးသားပါတီ(ANP)ဗဟိုကော်မတီဝင်တစ်ဦး ၆၆(ဃ)နဲ့ တရားစွဲတာ ခံလိုက်ရသေးတယ်။
ရခိုင်ပြည်နယ်မှာ အဆင့်မြင့်ဈေးသစ်ကြီးတည်ဆောက်ဖို့ အိတ်ဖွင့်တင်ဒါခေါ်ယူတာဟာ ပွင့်လင်းမြင်သာမှု
မရှိကြောင်း ဝေဖန်ရေးသားလို့ တရားစွဲခံရတာပါ။ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ရဲ့
ညွှန်ကြားမှုနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က တရားလိုလုပ်တိုင်ကြားတာလို့
ဆိုပါတယ်။
အဲဒီလို
ဒီမိုကရေစီဆိုင်းဘုတ်တပ်ထားတဲ့ အရပ်သားအစိုးရ အကြီးအကဲတွေက နည်းနည်းလေးမှ အဝေဖန်မခံနိုင်ဘဲ
ဝေဖန်သူတွေကို ပုဒ်ထီးပုဒ်မတွေတပ်ပြီး အပြိုင်တရားစွဲနေတာဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်
လုပ်ရပ်တွေပါပဲ။
ဒီမိုကရေစီဆိုရင်
အဝေဖန်ခံနိုင်ရပါမယ်။ သဘောထားကြီးရပါမယ်။ အဝေဖန်မခံနိုင် သဘောထားမကြီး နိုင်ရင် ဒီမိုကရေစီဆိုင်းဘုတ်တပ်
မထားသင့်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်
အတိုက်အခံ ကာလတုန်းက ပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မိပါသေးတယ်။ အစိုးရဆိုတာ အဝေဖန်ခံနိုင်ရမယ်။
အဝေဖန်မခံနိုင်ရင် အစိုးရမလုပ်နဲ့ဆိုတဲ့ စကားလေးပါ။ အဲဒီစကားလေး ကို သမ္ဗုဒ္ဓေရွတ်သလို
မကြာမကြာရွတ်ပြီး သည်းခံခွင့်လွှတ်ကြဖို့ တိုက်တွန်းချင်တာပါ။
NLD
အစိုးရက ၂၀၁၈ ခုနှစ် နှစ်ဦးကာလမှာပဲ ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာတွေ့ရပါတယ်။
စီးပွားရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေ ကုန်ဈေးနှုံးကျဆင်းရေးနဲ့ ပတ်သက်တဲ့ နည်းဗျူဟာတွေ
ပြုပြင် ပြောင်းလဲပေးတာမဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို နှုတ်ထွက်ခိုင်းနေတာတွေ
ပြုလုပ်နေတာပါ။ ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးတစ်ဦး၊ မကွေးတိုင်းဝန်ကြီးနှစ်ဦးတို့
နှစ်ရက်ဆက်တိုက် နှုတ်ထွက်သွား တာတွေ့ရပါတယ်။
နှုတ်ထွက်ခိုင်းတာကို
ကောင်းအောင်ပြုပြင်တဲ့သဘောလို့ နားလည်ပေးလို့ရပေမယ့် အစိုးရလုပ်ရမည့် အလုပ်ကို ပါတီကလုပ်နေတာကတော့
ဒီမိုကရေစီလွဲချော်မှုတစ်ခုပါပဲ။ အာဏာရပါတီဟာ အစိုးရဖွဲ့ပြီးတာနဲ့ တစ်ပြိုင်နက် ပါတီနဲ့အစိုးရ
ဘာမှမပတ်သက်သလို ကတ္တာခြားပြီးနေရတာပါ။ ဥပဒေပြု ရေးအလုပ်ဟာ ပါတီနဲ့တိုက်ရိုက်သက်ဆိုင်ပေမယ့်
အလုပ်ချုပ်ရေး တရားစီရင်ရေးမှာတော့ ပါတီနဲ့ ကင်းရှင်းရပါတယ်။ အခုဟာကသမ္မတလုပ်ရမည့် အလုပ်ကို
အတိုင်ပင်ခံက လုပ်လိုလုပ်။ အစိုးရလုပ်ရမည့် အလုပ်ကို ပါတီက လုပ်လိုလုပ်နဲ့ ဒီမိုကရေစီသဘောတရားကို
နားမလည်တာလား၊ သိလျက်နဲ့ တမင်တကာ ကျူးလွန်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတော့တာပါ။
အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေး
အုတ်ရောရော ကျောက်ရောရော ဖြစ်နေရင်ပဲဖြစ်ဖြစ် တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ရောနှောနေရင်ပဲဖြစ်ဖြစ်
ဒီမိုကရေစီ မစစ်မှန်တော့ပါဘူး။ အဲဒါမျိုးတွေမဖြစ်အောင် ပါတီက ထိန်းကျောင်းရတာပါ။ အခုတော့
ထိန်းကျောင်းမည့်သူတွေက မထိန်းကျောင်းဘဲ ကိုယ်ကိုယ်တိုင် မရောရောအောင် လိုက်လုပ်နေသလို
ဖြစ်နေတော့တာပါ။ ဒါကြောင့်လည်း ပြည်သူ့အစိုးရဟာ ပြည်သူ့ ထောက်ခံမှု ကျဆင်းလာတာနဲ့ ကြုံတွေ့ရတာပဲ
ဖြစ်ပါတယ်။
NLD
အစိုးရက NLD ပါတီအကြီးအကဲတွေကို အုပ်ချုပ်ရေးမှာ ဝင်မစွက်ဖို့ သတိပေးဖို့ အချိန်ရောက်ပါပြီ။
NLD
ပါတီနဲ့ NLD အစိုးရက ပြည်သူလူထုအပေါ် သိမ်မွေ့ညင်သာစွာ ကိုင်တွယ်ဖို့ လိုနေပါပြီ။
ဒီလိုမှ
မဟုတ်ရင်တော့ ဒီမိုကရေစီဟာ လူမလေး ခွေးမခန့်တဲ့ဒဏ်ကို ခံယူရတော့မှာ ဧကန်မလွဲပါပဲ။
ဝီရသူ(မစိုးရိမ်)
No comments:
Post a Comment