Friday, January 19, 2018

"ဗမာက မုန်းစရာလား? အာဏာက မုန်းစရာလား?"



"ဗမာက မုန်းစရာလား? အာဏာက မုန်းစရာလား?"
============================
အခုတလော ရသေ့တောင်မြို့နယ် စာပေဟောပြောပွဲဟောပြောချက်တွေ တွေ့နေရတယ်။
ဗမာမကောင်းကြောင်းတွေလည်း ပါပါတယ်။
ဗမာဟာ မုန်းစရာလား အာဏာဟာ မုန်းစရာလား ဒီလိုလေးတွေတွေးမိလို့ ဒီစာလေးကို ရေးတာပါ။
စာရေးသူအမြင်အရ အာဏာလက်ဝယ် ရရှိသွားတဲ့သူတွေ ရရှိထားတဲ့သူတွေကပဲ မုန်းစရာကောင်းတာပါ။
ဒါလည်း အပြည့်အဝမဟုတ်ပါဘူး။
မုန်းစရာကောင်းတဲ့ အာဏာပိုင်တွေ အာဏာရှိတွေ အာဏာရှင်တွေ အာဏာရူးတွေ ရှိခဲ့သလို ချစ်စရာကောင်းတဲ့ အာဏာပိုင်တွေလည်း ရှိခဲ့ပါတယ်။
နည်းတော့ နည်းတယ်လို့ ပြောရမှာပါ။
ဗမာလူမျိုးက လူဦးရေများနေလို့ ဗမာလူမျိုးကပဲ အစိုးရအကြီးအကဲတွေ ဖြစ်နေပြီး အဲဒီ ဗမာအစိုးရ အကြီးအကဲတွေ မကောင်းတဲ့ဒဏ်ကို ဗမာလူမျိုးအားလုံး လှိမ့်ခံနေရတာပါ။
မိဘမကောင်း သားသမီးခေါင်းပေါ့ဗျာ။
မိဘတွေရဲ့အရိပ် သားသမီးကို အမိုးခံရသလိုပေါ့။
ပြည့်တန်ဆာမသားသမီးတို့၊ အရက်သမားသားသမီးတို့ ဒီလိုတွေ မျိုးရိုးကိုလိုက်ပြီး အထင်အမြင် သေးတတ်ကြတဲ့အလေ့အထကြီးက ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်နေတာကြောင့် မိဘတွေရဲ့ ဆိုးမွေကို သားသမီးတွေ ခံခဲ့ရသလို အစိုးရအကြီးအကဲ ဗမာတွေကြောင့် ဗမာပြည်သူတွေအားလုံး အမုန်းဒဏ် ခံရခြင်းပဲဖြစ်ပါတယ်။
တကယ်တော့ အစိုးရဆိုတာ သူ့အာဏာကိုထိပါးလာရင် ပြည်နယ်တိုင်းရင်းသားတွေကိုသာ ဖိနှိပ်တာ မဟုတ်ပါဘူး။
ပြည်မဗမာတွေကိုလည်း ဖိနှိပ်တာပါပဲ။
ပြည်နယ်တိုင်းရင်းသားတွေအပေါ်သာ မကောင်းတာမဟုတ်ပါဘူး၊ ပြည်ပ ဗမာတွေအပေါ်လည်း မကောင်းကြပါဘူး။
ထို့အတူ တိုင်းရင်းသားပြည်သူတွေကိုသာ နှိပ်စက် သတ်ဖြတ် အကြမ်းဖက်ခဲ့ကြတာ မဟုတ်ပါဘူး။
ဆရာတော် သံဃာတော်တွေကိုလည်း နှိပ်စက် သတ်ဖြတ် အကြမ်းဖက်ခဲ့ကြတာပါပဲ။
ဖဆပလ လက်ထက်မှာလည်း သံဃာတွေအဖမ်းခံခဲ့ရတယ်။
မဆလလက်ထက်မှာလည်း သံဃာတွေအဖမ်းခံခဲ့ရတယ်။
နဝတလက်ထက်မှာလည်း သံဃာတွေ အကြမ်းဖက် စီးနင်း ဖြိုခွင်း နှိပ်စက် သတ်ဖြတ် ခံခဲ့ရတယ်။
ဦးသိန်းစိန်လက်ထက်မှာလည်း သံဃာတွေ အကြမ်းဖက် ဖြိုခွင်း စီးနင်း ခံခဲ့ရတယ်။
ဒေါ်စုလက်ထက်မှာလည်း သံဃာတွေ အကြမ်းဖက် ဖြိုခွင်း နှိပ်စက် ဖမ်းစီး ရိုက်နှက် ထောင်ချ ခံခဲ့ရတယ်။
ဒါတွေကိုကြည့်ရင် အစိုးရဆိုတာ သူ့အတ္တကို ထိပါးလာသူမှန်သမျှကို ရန်သူလိုသဘောထားပြီး နှိမ်နင်းတယ်ဆိုတာ ပေါ်လွင်ပါတယ်။
တိုင်းရင်းသားတွေကိုသာ နှိမ်နင်းတာမဟုတ်ပါဘူး။
သံဃာတွေကိုလည်း နှိမ်နင်းတာပါပဲ။
တိုင်းရင်းသားကို နှိမ်နင်းလို့ တိုင်းရင်းသားတွေက ဗမာကိုမုန်းကြမယ်ဆိုရင် အနှိမ်နင်းခံရတဲ့သံဃာတွေက ဘယ်သူ့ကိုမုန်းရမှာလဲ?
ဗမာကို ဗမာက ပြန်မုန်းရမှာပါပဲ။
ဒါဆိုရင် ဗမာမကောင်းတာလား အာဏာမကောင်းတာလား ထင်ရှားသွားမှာပါ။
အာဏာရရင် တိုင်းရင်းသားတွေလည်း အစိုးရအကြီးအကဲ ဗမာတွေလိုပဲ အာဏာရမ္မက် စွဲကပ်သွားကြမှာပါ။
ဥပမာလေးတစ်ခုပေးပါရစေ........
အခု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ဟာ အရင်ဦးသိန်းစိန်လက်ထက်တုန်းက စာရေးသူအပေါ် အင်မတန်ကြည်ညိုလေးစားမှုကို ပြခဲ့ပါတယ်။
ဒေါ်စုလက်ထက်ရောက်တော့ ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားမှာ သံဃာတော်တွေကို လျှော့ချခိုင်းလို့ ဆိုပြီး သူကိုယ်တိုင် သံဃာတွေကို လျှော့ချပစ်တယ်။
ဦးဝီရသူကို မပင့်ရဘူးဆိုလို့ ဦးဝီရသူကို မပင့်တော့ဘူးလုပ်ပြန်တယ်။
ဦးဝီရသူကို မပင့်လို့မဖြစ်ဘူးဆိုပြန်တော့လည်း မဟောပြောခိုင်းရဘူးဆိုလို့  ဟောပြောမည့်စာရင်းထဲ မထည့်တော့ပါဘူး။
ဦးဇော်အေးမောင်ဟာ ရခိုင်အရေးကို ဦးစားပေးမှာလား၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အမိန့်အာဏာဆိုတဲ့ ဗမာအရေးကို ဦးစားပေးမှာလား?
ဒီနှစ်ခုမှာ ရခိုင်လူမျိုးဖြစ်တဲ့ ဦးဇော်အေးမောင်ဟာ ဦးဝီရသူကို မျက်ကွယ်ပြုသွားပြီး ရန်ကုန်တိုင်းအစိုးရ အလိုကျ လုပ်ဆောင်သွားတာတွေ့ရပါတယ်။
ဒါဟာ ရခိုင်လူမျိုးဖြစ်ပါလျက် ရခိုင်အရေးဦးစားမပေးဘဲ ဗမာအရေးကို ဦးစားပေးသွားတာပါပဲ။
ဘာကြောင့်လဲဆိုရင် ဦးဝီရသူက ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ကျေးဇူးတရားကို အမြဲတမ်း ထုတ်ဖော်ဟောပြောကာ ရခိုင်အရေး အလေးထားဆောင်ရွက်ခဲ့လို့ပါပဲ။
ဦးဝီရသူကို ပစ်ပယ်တာဟာ ရခိုင်အရေးကို ပစ်ပယ်တာပါပဲ။
ဒါဆိုရင် ဦးဝီရသူက ဦးဇော်အေးမောင်ကိုမုန်းရမှာလား၊ ရခိုင်တွေက ဦးဇော်အေးမောင်ကို မုန်းရမှာလား။
ရခိုင်တွေက ဦးဇော်အေးမောင်ကိုမုန်းရင် ရခိုင်က ရခိုင်ကို ပြန်မုန်းသလိုဖြစ်သွားမှာပေါ့။
ဦးဝီရသူကတော့ ဦးဇော်အေးမောင်ကို မမုန်းနိုင်ပါဘူး၊ အာဏာရမ္မက်ကိုပဲ မုန်းမိတာပါ။
နောက်တစ်ခုပြောစရာရှိပါသေးတယ်။
မကြာသေးခင်က နုတ်ထွက်သွားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီဟာ ကရင်လူမျိုး ခရစ်ယာန်ဘာသာ ဖြစ်ပါတယ်။
ဦးမန်းဂျော်နီလက်ထက်မှာ ဦးဝီရသူကို ဒေသန္တရအမိန့်ထုတ်ပြီး ဧရာဝတီတိုင်းအတွင်း တရားဟောပြောခွင့်ကို ပိတ်ပင်ပစ်လိုက်ပါတယ်။
ဒါဟာ ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့်ကို ကျော်လုပ်တာဖြစ်သလို ခရစ်ယာန်ဝန်ကြီးချုပ်တစ်ယောက်က ဗမာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးကို နှိပ်ကွပ်လိုက်တာပါပဲ။
ဒါတင်မကသေးဘူး၊ ဒေသန္တရအမိန့်ဟာ တရားမဝင်တဲ့အတွက် ကမ္ဘာအေးထိတက်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ တရားဟောပြောခွင့် ပိတ်ပင်နိုင်အောင် ကြံစည်ခဲ့ကြလို့ မဟနက ထုံးတမ်းအစဉ်အလာ လုပ်ထုံး လုပ်နည်းတွေကို ကျော်နင်းကာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ပစ်လိုက်ရတော့တာပါ။
ရွှေညဝါဆရာတော်ကို တရားပွဲမပိတ်ခင် မဟနက အကြိမ်ကြိမ် ခေါ်ယူသတိပေးခြင်း သြဝါဒပေးခြင်း မေတ္တာရပ်ခံခြင်း ဒုဗ္ဗဇဟု ကြေညာချက်ထုတ်ပြန်ခြင်းတွေ ပြုလုပ်ပြီး မတက်သာတဲ့အဆုံးကျမှ တရားပွဲပိတ်ပင်တဲ့အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ပေမဲ့ ဦးဝီရသူကိုတော့ အဆင့်ဆင့်ကိုကျော်ဖြတ်ပြီး လုပ်ထုံးလုပ်နည်းမဟုတ်တဲ့ အဓမ္မနည်းလမ်းနဲ့ အမိန့်ဒီဂရီ တန်းချပစ်လိုက်တာပါ။
ဒါကိုကြည့်ရင် ဦးမန်းဂျော်နီကိုမုန်းရမှာလား ကရင်လူမျိုးကိုမုန်းရမှာလား။
ဝန်ကြီးချုပ်ကိုမုန်းရမှာလား ခရစ်ယာန်ကိုမုန်းရမှာလား။
ဦးပဉ္စင်းကတော့ ဘယ်သူ့ကိုမှ မမုန်းပါဘူးဗျာ။
မတရားဖိနှိပ်ခံရလို့ မကျေနပ်တာပဲ ရှိပါတယ်။
ဦးမန်းဂျော်နီဖိနှိပ်တာဟာ ကရင်လူမျိုးဖိနှိပ်တာမဟုတ်ပါဘူး။
ဒါကြောင့် ကရင်လူမျိုးကို မမုန်းနိုင်ပါဘူး။
ဝန်ကြီးချုပ်ဖိနှိပ်တာဟာ ခရစ်ယာန်က ဖိနှိပ်တာ မဟုတ်ပါဘူး။
ဒါကြောင့် ခရစ်ယာန်ကို မမုန်းနိုင်ပါဘူး။
အခုလည်းပြောဦးမယ် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကရင်တစ်ဝက် ဗမာတစ်ဝက် ကပြားတစ်ဦး ဖြစ်ပါတယ်။
ကရင်တွေအပေါ် ဘာကောင်းသလဲ?
ဗမာတွေအပေါ်ကော ဘာကောင်းသလဲ?
ဗမာတွေအတွက်ရော ဘာလုပ်ပေးနိုင်သလဲ?
ကရင်တွေအတွက်ရော ဘာလုပ်ပေးခဲ့သလဲ?
ဒေါ်အောင်ဆန်းစုကြည်ဟာ ခရစ်ယာန်လိုလို ဗုဒ္ဓဘာသာလိုလို နှစ်ဘာသာ ကိုးကွယ်သူသဘောမျိုး သက်ရောက်နေပေမဲ့ မန္တလေးသပိတ်စခန်းကို အကြမ်းဖက်ဝင်စီးခဲ့တုန်းက ကျေးဇူးတင်စကားတောင် လူသိရှင်ကြား တရားဝင်ထုတ်ပြန်လိုက်ပါသေးတယ်။
ဒီမိုကရေစီခေါင်းဆောင် တရားဥပဒေစိုးမိုးရေးနတ်သမီး ဒုတိယဘုရားသခင် အရပ်သားအစိုးရအကြီးအကဲ လူ့အခွင့်အရေး မိခင်တစ်ဦးဖြစ်ပါလျက် ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သံဃာတော်တွေကို ညှိနှိုင်းခြင်း မေတ္တာရပ်ခံခြင်း ပန်ကြားခြင်း လုံးဝမရှိဘဲ သူပုန်စခန်းကို ဝင်စီးသလိုမျိုး အကြမ်းဖက် အဓမ္မ ထုထောင်း ရိုက်နှက် ထိုးကြိတ် ကန်ကျောက် ဖြိုခွင်း ဖျက်ဆီး လုယက် ယူဆောင် သွားခဲ့ကြပါတယ်။
ဒါကိုကြည့်ရင် လူမျိုးကမုန်းစရာလား အာဏာက မုန်းစရာလား?
အာဏာရမ္မက်ဟာ ကြောက်စရာလား လူပုဂ္ဂိုလ်ဟာ ကြောက်စရာလား?
ဒါဆိုရင် သပိတ်စခန်းဖြိုခွင်းမှုနဲ့ပတ်သက်တဲ့ တာဝန်အရှိဆုံးအစိုးရအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာကရင် ကပြားဖြစ်လို့ ဗမာတွေကိုရော ကရင်တွေကိုပါ မုန်းရမှာလား?


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရမ္မက်ကို မုန်းရမှာလား?
စဉ်းစားကြပါ တိုင်းရင်းသားတို့ရာ။
တိုင်းရင်းသားတွေမှာ ဗမာမုန်းတီးရေးဝါဒ ကြီးစိုးနေတယ်ဆိုတာ သိပါတယ်။
အဲ့ဒါတွေဟာ နိုင်ငံရေးသမားတွေရဲ့ မှိုင်းတွေ စွဲကပ်နေတာလို့ ခေါ်ပါတယ်။
အဲဒီမှိုင်းတွေကို ဖယ်ရှားနိုင်မှ အမှန်မြင်ပြီး အမြင်မှန်ကြရမှာပါ။
ဘယ်လူမျိုးမှ မုန်းစရာမဟုတ်ပါ။
လူမျိုးတွေရဲ့ စရိုက်ဆိုးတွေသာ မုန်းစရာဖြစ်ပါတယ်။
အာဏာရမ္မက်ရှိတဲ့သူတိုင်း စရိုက်ဆိုးတွေရှိကြပါတယ်။
ဗမာလူမျိုးဆိုတာ ပြည်နယ်တိုင်းရင်းသားတွေရဲ့ အမုန်းခံလူတန်းစားတွေဖြစ်နေပေမဲ့ ဗမာလူမျိုးတွေကတော့ အစွဲမရှိဘူးဗျ၊ အနုပညာရှင်တွေထဲမှာလဲ တိုင်းရင်းသားတွေပါပဲ။
သရုပ်ဆောင်၊ မော်ဒယ်၊ ဂီတ၊ အဆိုတော်တွေမှာ ဗမာလူမျိုးထက် ပြည်နယ်တိုင်းရင်းသားတွေက ပိုများပါတယ်။
ဗမာတွေက လူမျိုးမခွဲဘဲ အားပေးကြလို့ သူတို့တတွေ ရပ်တည်နေနိုင်ကြတာပါ။
ဒါ့အပြင် ဗမာတွေက လူမျိုးစွဲမရှိဘဲ လူမျိုးတိုင်းရဲ့ အကျိုးစီးပွားကို လိုလိုလားလား ဆောင်ရွက်တတ်ကြပါတယ်။
ရခိုင့်သမီးပျိုလေး သီတာထွေးဆိုရင် လူတိုင်းသိကြပါတယ်။
သီတာထွေး အသတ်ခံရတဲ့နေ့ဆိုရင် ဆွမ်းလောင်းပွဲတွေလုပ်ကြ၊ ဟောပြောပွဲတွေလုပ်ကြ၊ ဆုတောင်းပွဲတွေလုပ်ကြနဲ့ စုံနေတာပါပဲ။
အဲဒီပွဲတွေကို ဦးဆောင်တဲ့သူတွေက ရခိုင်တွေမဟုတ်ကြပါဘူး။
သီတာထွေးနဲ့ပတ်သက်လို့ ပုံပြင်မဟုတ်ပါဆိုတဲ့ ဗီဒီယိုဇာတ်လမ်းလည်း ရိုက်ထားပါတယ်။
ရခိုင်သရုပ်ဆောင်တွေကို အတော်ရှာရခက်ပါတယ်။
အဲဒီကားကို ဦးစီးရိုက်တဲ့သူတွေထဲမှာလည်း ရခိုင်မဟုတ်တဲ့သူတွေကများတာပါ။
အခု အင်းစိန်ထောင်ထဲမှာ အချုပ်ခံထားရတဲ့ ဦးပါမောက္ခဟာ ဗမာဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးဖြစ်ပါတယ်။
ရခိုင်လူငယ်လေး ရဲမင်းဦး အဖမ်းခံထားရစဉ်တုန်းက ဗုဒ္ဓဟူးနေ့တိုင်း ဆုတောင်းပွဲတွေ ဦးဆောင်ကျင်းပခဲ့တဲ့သူဟာ ဗမာဦးပါမောက္ခပဲဖြစ်ပါတယ်။
ရခိုင်ဆရာတော်တွေမဟုတ်ပါဘူး။
ရခိုင်က ရခိုင်အကျိုးကို မသယ်ပိုးပဲ ဗမာက ရခိုင်အကျိုးကို သယ်ပိုးတာက အပြစ်လား။
လူမျိုးမတူလို့ အကျိုးမဆောင်ရဘူးလား။
ဒါဆိုရင်တော့ ဦးပါမောက္ခ မှားခဲ့ပြီ။
ဦးသိန်းစိန်လက်ထက် ဝှိုက်ကဒ်ပြဿနာပေါ်လာတုန်းက ဦးဆောင်ဆန္ဒပြတဲ့ သက်မျိုးဦးဟာ ဗမာဗုဒ္ဓဘာသာဖြစ်ပါတယ်။
ငြိမ်းစုစည်းဥပဒေအရ သက်မျိုးဦးထောင်ကျသွားပါတယ်။
ရခိုင်အရေးမှာ ရခိုင်တွေက ထောင်မကျဘဲ ဗမာသက်မျိုးဦးက ထောင်ကျသွားပါတယ်။
ကိုယ့်လူမျိုးမဟုတ်လို့ ထောင်ကျမခံရတော့ဘူးလား။
ထောင်ကျခံပြီး အကျိုးမဆောင်ရတော့ဘူးလား။
အဲ့ဒီလို အကျိုးမဆောင်ရဘူးဆိုရင် သက်မျိုးဦးကြီး အမှားကြီး မှားခဲ့ပြီ။
ဝီရသူဟာ ဗမာဗုဒ္ဓဘာသာဘုန်းကြီးပါ။
ဝီရသူဟာ ရခိုင်လူမျိုးတွေကိုချစ်ပါတယ်။
ရခိုင်လူမျိုးတွေအပေါ်ထားတဲ့ ဝီရသူရဲ့ မေတ္တာတရားက ရာခိုင်နှုံးအပြည့်ရှိပေမဲ့ ရခိုင်လူမျိုးတွေ ဝီရသူအပေါ်ထားတဲ့မေတ္တာတရားက ဝီရသူလောက် ရာခိုင်နှုံးပြည့်နိုင်မလား။
ဘာကြောင့်လဲဆိုရင် ဝီရသူရခိုင်ပြည်ကိုလာပြီး ရခိုင်ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဖြည့်စွမ်း ပေးတဲ့အခါမှာ ဝီရသူကို မလိုလားတဲ့ ရခိုင်လူမျိုးတွေကိုလည်း တွေ့နေရလို့ပါ။
ဗမာမုန်းတီးရေးဟောနေတဲ့ ရခိုင်ခေါင်းဆောင်တွေကိုပြောချင်ပါတယ်။
ရခိုင်တွေအကျိုးကို ဝီရသူလောက် သယ်ပိုးပြီးပြီလားလို့။
စာရေးသူကို ရခိုင်ဆရာတော်တွေက ချီးကျူးတဲ့အချက်နှစ်ချက်ရှိပါတယ်။
သူတို့တတွေတောင် မရောက်ဖူးတဲ့ မရောက်နိုင်တဲ့ အင်မတန်ခေါင်တဲ့နေရာတွေထိ ရောက်အောင်သွားလို့ ချီးကျူးတာကတစ်မျိုး၊ ရခိုင်လူမျိုးမဟုတ်ဘဲ ရခိုင်အကျိုးကို ရခိုင်တွေထက် ပိုပြီးသယ်ပိုးနေတာကို တွေ့ရှိရလို့ ချီးကျူးတာက တစ်မျိုးပါ။
အချို့ဆရာတော်တွေဆိုရင် အမျိုးသားရေးဗိုလ်ချုပ်ကြီးလို့တောင်မှ တင်စားခေါ်ဝေါ်ကြပါတယ်။
ဆရာတော်ဦးဥတ္တမဝင်စားတာလို့တောင် ယုံကြည်နေကြပါတယ်။
ဒါဟာ ဝီရသူရဲ့ မေတ္တာတရားတွေကြောင့်ပါ။
ဝီရသူဟာ ဗမာလူမျိုးဖြစ်လို့  ရခိုင်အကျိုး မသယ်ပိုးရဘူးဆိုရင် ဝီရသူလုပ်ရပ်တွေ မှားခဲ့ပြီ။
ဘယ်သူတွေက အမှားအမှန်ဆုံးဖြတ်ပေးကြတော့မှာလဲ။
အာဏာယဇ်မူးသွားပြီဆိုရင် ဘယ်လူမျိုးမှ အချိုးမကျတော့ပါဘူးဗျာ။
ဒီမိုကရေစီဆိုတာ အဲဒီလို အာဏာယဇ်မူးတဲ့သူတွေ မပေါ်ပေါက်အောင် အချိုးမကျတဲ့သူတွေ မပေါ်ပေါက်အောင် ထိန်းကျောင်းပေးတဲ့ စနစ်ဖြစ်ပါတယ်။
ဒီစနစ်ကို အပြည့်အဝ မလိုက်နာနိုင်သေးတဲ့အတွက်ကြောင့် ဒီမိုကရေစီလူပါးဝခြင်းခံနေရတာပါ။
ရခိုင်ပြည်နယ်အပေါ် ဒီအစိုးရ ဘာတွေကောင်းခဲလို့လဲ?
ဒီအစိုးရ မကောင်းလို့ ဗမာကိုမုန်းမှာလား? အာဏာကို မုန်းမှာလား?
ကရင်ကိုမုန်းမှာလား အာဏာကို မုန်းမှာလား?
ဒီအစိုးရခေါင်းဆောင်ဟာ ဗမာတစ်ဝက် ကရင်တစ်ဝက်ဖြစ်တယ်နော်။
မုန်းရင် ဗမာကိုရောမုန်းရမှာ ကရင်ကိုရော မုန်းရမှာ။
တကယ်တော့ လူမျိုးဟာ မုန်းစရာမဟုတ်၊ ပုဂ္ဂိုလ်သာ မုန်းစရာဖြစ်တယ်။
နေရာဟာ မုန်းစရာမဟုတ် အာဏာယဇ်မူးခြင်းသာ မုန်းစရာဖြစ်တယ်။
နိုင်ငံရေးသမားတွေရဲ့ ပယောဂကြောင့် သေခဲ့ရတဲ့ ပြည်သူတွေသာရှိပါတယ်၊
ပြည်သူတွေရဲ့ပယောဂကြောင့် သေခဲ့ရတဲ့နိုင်ငံရေးသမားဆိုတာ ရာဇဝင်မှာ မရှိခဲ့ပါဘူး။
ဒါကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ဥမကွဲ သိုက်မပျက် ဆက်လက် ရပ်တည်နိုင်ဖို့အတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ယုယုယယ ပျော်ပျော်ရွှင်ရွှင် နေကြရတော့မှာပါ။
ဘုံရန်သူဆိုတာ ဘယ်သူလဲ?
ဘုံရန်သူကိုပဲ ပစ်မှတ်ထားရမှာပါ။
လူမျိုးမဟုတ်ဘူး၊ ဘာသာမဟုတ်ဘူး၊ ဘုံရန်သူဆိုတာ ရှိတယ်။
ပစ်မှတ်ကိုရအောင်ရှာရမှာပါ.........။     
မိမိအကျိုး၊ ဆောင်သယ်ပိုးက
ဆွေမျိုးမဟူ၊ မည်သူမဆို
ချစ်ကြည်ညိုလော့၊ အဟိုရှေးက
ညွန်၌ကျသား၊ သီဟရာဇာ၊ ကေသရာကို
ယက်ကာမြေခွေး၊ သက်ကယ်ပေး၍
သားမြေခုနစ်ဆက်၊ ချစ်မပြတ်အောင်
နှစ်သက်ကြည်ညို၊ ပေါင်းဖက်ကြို၏။
(မဃဒေဝ-၂၂၀)
ဝီရသူ(မစိုးရိမ်)
19.1.2018
PM 9:10




No comments:

Post a Comment