"ဦးနာအောက်
အမွေ ထိန်းသိမ်းစေ"
=====================
မွန်သူဌေးကြီးဦးနာအောက်အကြောင်း
ကြားဖူးကြမှာပါ။
မျိုးချစ်ပုဂ္ဂိုလ်ကြီး
စီးပွားရေးနှင့် စစ်အေးကို ပထမဦးဆုံး ဆင်နွှဲခဲ့တဲ့ပုဂ္ဂိုလ်ကြီး၊ သူ့အကြောင်း သူ့ရာဇဝင်
လူတိုင်းသိကြပေမဲ့ သူ့ဇာတိ သူ့အတ္ထုပ္ပတ် သူ့ဘဝဖြစ်စဉ်တွေနဲ့ သူ့ဓမ္မအမွေတွေကို လက်ဆင့်ကမ်း
ထိန်းသိမ်းစေလိုတဲ့အတွက် ဒီဆောင်းပါးလေးကို စာစီပြီး ပြန်တင်ပေးလိုက်တာပါ။
ဓာတ်ပုံတွေကတော့
မော်လမြိုင်မြို့ မြစေတီရဲကျောင်းစာချဆရာတော်လေး ဦးသုစိတ္တ(ဒါယဇ္ဇဓမ္မ)ရဲ့ လက်ရာတွေပါ။
ဦးနာအောက်စိတ်ဓာတ်
ဦးနာအောက်အမွေ ခံယူနိုင်ကြပါစေသတည်း။
ဝီရသူ(မစိုးရိမ်)
13.8.2017
PM
6:20
==========================================================
"အမျိုးဘာသာသာသနာကို
စောင့်ရှောက်ခဲ့တဲ့ဦးနာအောက်(၁)"
သိန်းထက်အောင်
ကျွန်တော်တို့ငယ်စဉ်က
နိုင်ငံခြားသားပိုင် ဧရာဝတီသင်္ဘောကုမ္ပဏီကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် မွန်သူဌေးကြီးဦးနာအောက်အကြောင်းကို
ကျောင်းသင်ခန်းစာတွင်ပါသည့်အတိုင်း သိခဲ့ကြရသည်။ ထို့ကြောင့် ဦးနောက်အောက်ကို သူဌေးကြီးတစ်ဦးအဖြစ်သာ
သိခဲ့ရသည်။ အမှန်တကယ်တော့ ဦးနာအောက်သည် သူဌေးမျိုးရိုးတစ်ဦးမဟုတ်သကဲ့သို့ ရွှေပေါ်မြတင်မွေးဖွားလာခြင်းလည်းမဟုတ်ပါ။
ဆင်းရဲသောမိဘနှစ်ပါးမှ မွေးဖွားလာပြီး ရိုးသားကြိုးစားခဲ့သူဖြစ်ကာ အမျိုးဘာသာ သာသနာအတွက်
အထူးအားထုတ်ကြိုးပမ်းခဲ့သူ ဖြစ်သောကြောင့် ယခုခေတ်အခြေအနေအချိန်အခါနှင့် ကိုက်ညီနေသဖြင့်
လူငယ်များ ဗဟုသုတရရှိစေရန်နှင့် အတုယူနိုင်ကြစေရန်အလို့ငှာ ကော့နှပ်ကျေးရွာသို့ ကိုယ်တိုင်သွားရောက်လေ့လာ၍
သိရှိခဲ့သည်များနှင့် ပေါင်းစပ်လျက်(မော်လမြိုင်မြို့နယ်၊ ငန်းတေးကျေးရွာအုပ်စု၊ ၆
မိုင်ကျေးရွာမှ ပုဗ္ဗာရုံကျောင်းတိုက်ဆရာတော် ဆရာတော်ဦးကလျာဏ ရေးသားသည့်)ဦးနာအောက်အတ္ထုပ္ပတ္တိစာအုပ်ပါအချက်အလက်များကို
မှီးငြမ်းပြု၍ ရေးသားဖော်ပြလိုက်ပါသည်။
"ဆင်းရဲသားလေး
မောင်အောက်"
ဦးနာအောက်သည်
မွန်လူမျိုးတစ်ဦးဖြစ်သော်လည်း ၄င်းမွေးဖွားရာဇာတိမှာ ကရင်ပြည်နယ် ဘားအံမြို့နယ် မဲကတာချောင်းဖျားရှိ
မထင်မရှားခရဲကျေးရွာမှဖြစ်ပါသည်။ ၄င်းကိုဆင်းရဲသောတောင်သူလယ်သမား မိဘနှစ်ပါးမှ ကောဇာသက္ကရာဇ်
၁၁၉၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သားသမီးငါးယောက်အနက် စတုတ္ထမြောက်သား ဖြစ်ပါသည်။
ဦးနာအောက်ဆိုသည်မှာ
မွန်ဘာသာအားဖြင့်(အံက်)ဟုခေါ်ဆိုပြီး မြန်မာလိုအဓိပ္ပါယ်မှာ မောင်ရုပ်ဆိုး၊ မောင်ကျည်းတန်ဟုဆိုနိုင်သကဲ့သို့
သူတစ်ပါးအပေါ်တွင် နိုင်ထက်စီးနင်းမလုပ်သူ၊ ဒေါသကိုထိန်းသိမ်းနိုင်သူ၊ လူတကာကိုအောက်ကျို့၍
ဆက်ဆံတတ်သူ မောင်စိတ်ကောင်း(သို့)မောင်ဖြူစင်ဟူ၍ ခေါ်ဆိုနိုင်မည်ဖြစ် ပါသည်။
မောက်အောက်ကို
ပညာတတ်တစ်ယောက် ဖြစ်စေချင်သောမိဘများသည် သူ့အားဘုန်းတော်ကြီးကျောင်းသို့ ပို့ထားသော်လည်း
ဆင်းရဲသောမိဘနှစ်ပါးကိုကူညီရန်အတွက် ပညာစုံအောင်မသင်ကြားနိုင်ဘဲ ကျောင်းမှထွက်ကာ နွားကျောင်းသား၊
ကျွဲကျောင်းသားဘဝဖြင့် မိဘကိုကူညီခဲ့ရသည်။ သူသည် အလွန်ဆင်းရဲ သော်လည်း စိတ်ဓာတ်မှာ
ကြံ့ခိုင်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယရှိသော လူငယ်တစ်ဦးဖြစ်သည်။ အစားအသောက်ကို ကြုံသလို၊
ဖြစ်သလို ရှိရာနှင့်ပင်စားတတ်သူဖြစ်ကာ အခါကြီးရက်ကြီးများမှသာလျှင် ဆီပါပျားပါသော ဟင်းကောင်းစားခဲ့ရသူဖြစ်ပါသည်။
ထိုကဲ့သို့ ဘဝကိုဆင်းဆင်းရဲရဲနှင့်ရုန်းကန်လှုပ်ရှားနေသည့်အရွယ်မှာပင် ကတိုးရွာကြီးရှိ
သူဌေးဦးမွန်ထော်၏ ကိုးဆောင်အိမ်ကြီး၊ ကော့နှပ်ရွာရှိ သူဌေးဦးထော်အာ၏ အိမ်ကြီးတို့ကို
တွေ့ရှိရာမှ "၄င်း၏ဘဝကိုလည်း ဤကဲ့သို့ လူချမ်းသာတစ်ဦးအဖြစ် ရောက်ရှိ၊ ဖြစ်ချင်သောဆန္ဒ"မှာ
၎င်း၏ ရင်ဝယ်ကိန်းအောင်းလာခြင်းဖြစ်ပါတော့သည်။
ဘုရားဝတ်ကျောင်း၊
တန်ဆောင်းဒါယကာ
ကျွန်တော်သည်
ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က ဘားအံမြို့မှ ကီလိုမီတာ ၄၀ ခန့်အကွာ၊ ဘားအံ-မော်လမြိုင်လမ်းမကြီးပေါ်မှ
လေးမိုင်ခွဲခန့်ဝင်ရောက်ရသည့် (မွန်-ကရင်နယ်စပ်အနီးရှိ) ကော့နှပ်ရွာသို့ ရောက်ရှိခဲ့ရာ
ရွာအဝင်မှာပင်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြဘနန်းဖြစ်ခဲ့ရပါသည်။ စိမ်းလန်းစိုပြည်သော
သစ်ပင်တို့အကြားတွင် စုလစ်မွန်းချွန်တို့ဖြင့် တင့်တယ်လှပစွာ ရွှေရောင်တဝင်းဝင်း ဖြစ်နေသည့်
နန်းတော်ကြီးအလား လှပတင့်တယ်သောတန်ဆောင်း၊ ကျောင်းတော်ကြီးများနှင့် ဘုရားစေတီတို့ကို
မြင်တွေ့လိုက်ရသည့်အတွက်ပင်ဖြစ်ပါသည်။ အဆိုပါစေတီဘုရားနှင့်ဝတ်ကျောင်းတော်များ၊ တန်ဆောင်းများသည်
အများသူငါစုပေါင်းအလှူငွေဖြင့်သော်လည်းကောင်း၊ မင်းအစိုးရတို့ ကမကထပြု၍ သော်လည်းကောင်း
တည်ဆောက်ထားခြင်းမဟုတ်ဘဲ ဘုရားဒါယကာသူဌေးကြီးဦးနာအောက် တစ်ဦးတည်းက ဆောက်လုပ်လှူဒါန်းထားသောဘုရား၊
တန်ဆောင်း၊ ကျောင်းကန်များပင်ဖြစ်ကြပါသည်။
ကျောင်းဆောင်ကြီးများ၏အတွင်းသို့
ဝင်ရောက်ကြည့်ရှုလိုက်သည့်အခါ အပြင်တွင်မြင်တွေ့ရသည့်မြင်ကွင်း ထက်ပို၍ အံ့သြစရာကောင်းသည်ကိုတွေ့ရှိလိုက်ရပါတော့သည်။
သက္ကရာဇ် ၁၂၄၆ ခုနှစ်တွင် ရေစက်ချ လှူဒါန်းခဲ့သော ဘုံကိုးဆင့်ရှိ နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်းတော်ကြီးတွင်
ကနုတ်ပန်းများနှင့် ကြီးမားသော တိုင်လုံးကြီးများ၊ မှန်စီရွှေချလက်ရာများမှာ ယနေ့တိုင်တပြောင်ပြောင်၊
တဝင်းဝင်းနှင့်ပင်ရှိနေပါသည်။ အတွင်းပိုင်းနံရံများ၏အထက်ပိုင်းတွင် ဂေါတမမြတ်စွာဘုရား၏
ဖြစ်တော်စဉ်များ၊ ဗုဒ္ဓဝင်ဇာတ်တော်များကို (သာမန်ပန်းချီကားများဖြင့်မဟုတ်ဘဲ) ရုပ်လုံးကြွပန်းပုများဖြင့်
ထုလုပ်ခင်းကျင်းထားသည်။ ထို့အပြင် သထုံပြည် မနူဟာမင်း၊ ပုဂံပြည် အနော်ရထားမင်းနှင့်
ကျန်စစ်သားတို့၏ အတ္ထုပ္ပတ္တိများကို ထုလုပ်ထားသည့်အပြင် ပုဂံပြည်မှ သူရကောင်းများဖြစ်ကြသည့်
ဗျတ်ဝိ၊ ဗျတ္တနှင့် ရွှေဖျဉ်းညီနောင်တို့၏ ဇာတ်ဝင်ခန်းသရုပ်ဖော်ကွက် များ ထုလုပ်ထားသည်ကိုလည်း
တွေ့မြင်ရပါသည်။
ထို့နောက်
၁၂၆၅ ခုနှစ်တွင် ရေစက်ချလှူဒါန်းခဲ့သော ဘုံကိုးဆင့်ရှိ ဒီပင်္ကရာဝတ်တန်ဆောင်းကို ဆက်လက်ရောက်ရှိပါသည်။
ယင်းတန်ဆောင်းတော်တွင် အထက်ဖော်ပြပါ နှစ်ကျိပ်ရှစ်ဆူတန်ဆောင်းကဲ့သို့ပင် အတွင်းနံရံများ၌
ရုပ်လုံးကြွပန်းပုလက်ရာများဖြင့် ထုလုပ်ထားသော ဇာတ်နိပါတ်တော်များအပြင် ထူးခြားစွာဖူးတွေ့ရသည်မှာ
ပင်စည်တစ်ခုတည်းမှရသော ကျွန်းသားဖြင့်ထုလုပ်ထားသည့်(လူတစ်ရပ်မကမြင့် မားသည့်)ရပ်တော်မူဆင်းတုတော်နှစ်ဆူနှင့်
သစ်လုံးဖြင့်ထွင်းထုထားသည့် ရဟန်းသံဃာတော်သုံးပါးနှင့် လူရဟန္တာရုပ်တုများကိုပါ ဖူးတွေ့ရခြင်းပင်ဖြစ်ပါသည်။
မျက်နှာကြက်များထူးခြားဆန်းပြားသလို ကြမ်းခင်းများမှာ ကြွေပြားလည်းမဟုတ်၊ ကျောက်ပြားလည်းမဟုတ်သည့်
အစိမ်းရောင်ပြေးနေသည့် ဘိလပ်မြေအကောင်းစားတစ်မျိုးကို အသုံးပြုထားသည်ဟု ယူဆရပါသည်။
အထက်ဖော်ပြပါတို့အပြင်
ဦးနာအောက်သည် ရဟန်းသံဃာတော်များ ဥပုသ်ပြုနိုင်ရန်အတွက် မဟာဝိဇယသိမ် တော်ကြီးကိုလည်း
၁၂၅၇ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပြန်ပါသေးသည်။ သိမ်တော်ကြီးအတွင်းသို့ ဝင်ခွင့်မရခဲ့သဖြင့်
မလေ့လာခဲ့ရသော်လည်း ယင်း၏ကြမ်းခင်းနှင့်နံရံများ၊ မျက်နှာကြက်များ၊ တံခါးတိုင် စသည်တို့မှာဖော်ပြခဲ့သည့်
တန်ဆောင်းတော်ကြီးများအတိုင်းပင် အကောင်းဆုံးကျွန်းသားများဖြင့် ပြုလုပ်ထားသဖြင့် ယနေ့တိုင်
တည်တံ့ခိုင်မြဲလျက်ရှိပြီး မျက်နှာကြက်ပေါ်ရှိ ပန်းပုရုပ်လုံးရုပ်ကြွများမှာ အလွန်ကြည့်၍ကောင်းကြောင်း
သိရှိခဲ့ရပါသည်။ ဝတ်ကျောင်းတော်၊ တန်ဆောင်းနှင့် သိမ်တို့ကို လှူဒါန်းသကဲ့သို့ ဦးနာအောက်သည်
မဟာစေတီကြီးနှင့်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးကိုလည်း အများပြည်သူတို့ကိုးကွယ်ရန်အလို့ငှာ
တည်ထားခဲ့ပါသေးသည်။
ဤဆောင်းပါးအစတွင်
ဦးနာအောက်သည် ဆင်းရဲသားမိဘနှစ်ပါးမှ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်အခါက ဆင်းဆင်းရဲရဲဖြင့်နေထိုင်၊
လုပ်ကိုင်၊ စားသောက်ခဲ့သည်ဟုဖော်ပြခဲ့သော်လည်း ယခုကဲ့သို့ ထူးခြားဆန်းပြား လှသော ရွှေရောင်တဝင်းဝင်းနှင့်
ဘုရားတန်းဆောင်းကျောင်းကန်များကို တည်ဆောက်ပူဇော်လှူဒါန်းသည် အထိ သူဌေးကြီးတစ်ဦးဖြစ်လာရခြင်းမှာ
များစွာစိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် ယခုခေတ်လူငယ်၊ လူကြီးများ အတုယူနိုင်ကြစေရန် ရေးသားတင်ပြလိုက်ပါသည်။
ထို့အပြင်
ဦးနာအောက်၏ ရိုးသားစွာ ကြိုးစားအားထုတ်မှု၊ ဖြူစင်သောစိတ်နေသဘောထားနှင့် ဦးနာအောက်၏
စိတ်နေစိတ်ထား၊ ခံယူချက်နှင့် ပြုမူဆောင်ရွက်ခဲ့ပုံများမှာ ယနေ့အမျိုးသားရေးဟု ကြွေးကြော်နေသူများအနေဖြင့် နမူနာယူလိုက်နာကျင့်သုံးဆောင်ရွက်သင့်သည့်အတွက် တင်ပြလိုက်ပါ သည်။
(ဆက်လက်ဖော်ပြပါမည်။)
(Democracy
Today သတင်းစာ ၁၁.၈.၂၀၁၇ ရက်နေ့ထုတ် သိန်းထက်အောင်ဆောင်းပါးကို ကူးယူဖော်ပြပါသည်။)


















No comments:
Post a Comment