"ဦးနာအောက်
အမွေ ထိန်းသိမ်းစေ(၂)"
=====================
မွန်သူဌေးကြီးဦးနာအောက်အကြောင်း
ကြားဖူးကြမှာပါ။
မျိုးချစ်ပုဂ္ဂိုလ်ကြီး
စီးပွားရေးနှင့် စစ်အေးကို ပထမဦးဆုံး ဆင်နွှဲခဲ့တဲ့ပုဂ္ဂိုလ်ကြီး၊ သူ့အကြောင်း သူ့ရာဇဝင်
လူတိုင်းသိကြပေမဲ့ သူ့ဇာတိ သူ့အတ္ထုပ္ပတ် သူ့ဘဝဖြစ်စဉ်တွေနဲ့ သူ့ဓမ္မအမွေတွေကို လက်ဆင့်ကမ်း
ထိန်းသိမ်းစေလိုတဲ့အတွက် ဒီဆောင်းပါးလေးကို စာစီပြီး ပြန်တင်ပေးလိုက်တာပါ။
ဓာတ်ပုံတွေကတော့
မော်လမြိုင်မြို့ မြစေတီရဲကျောင်းစာချဆရာတော်လေး ဦးသုစိတ္တ(ဒါယဇ္ဇဓမ္မ)ရဲ့ လက်ရာတွေပါ။
ဦးနာအောက်စိတ်ဓာတ်
ဦးနာအောက်အမွေ ခံယူနိုင်ကြပါစေသတည်း။
ဝီရသူ(မစိုးရိမ်)
13.8.2017
PM
6:20
==========================================================
"အမျိုးဘာသာသာသနာကို
စောင့်ရှောက်ခဲ့တဲ့ဦးနာအောက်(၂)"
သိန်းထက်အောင်
"ရိုးသားကြိုးစား
လုပ်အားကိုအရင်းတည်"
မောင်အောက်သည်
မိဘနှစ်ပါးကွယ်လွန်ပြီးနောက် ကတိုးနှင့် ကော့နှပ်ရွာအနီး သံကပိုင်ရွာရှိ အစ်မကြီးဒေါ်ဂေ့
(မိထင်ဂွံ)ထံ သွားရောက်ပြီး အစ်မ၏လယ်မြေတွင် လယ်သူရင်းငှားအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ထိုရွာတွင် ပထမအိမ်ထောင်ကျကာ ဇနီးဖြစ်သူကွယ်လွန်ပြီးနောက် ကော့နှပ်ရှိသူဌေးကြီး ဦးထော်အာထံတွင်
အလုပ်ဝင်လုပ်ခဲ့သည်။ သူသည် ဦးထော်အာကဲ့သို့ သူဌေးကြီးတစ်ဦးဖြစ်လာရမည်ဟု ဦးတည်ရည်မှန်းချက်
ထားကာ မိမိကိုယ်မိမိ စည်းကမ်းချက်လေးချက်ကို ချမှတ်ခဲ့သည်။ ယင်းတို့မှာ (၁) အလုပ်ကိုကြိုးစားလုပ်မည်။
(၂)ရဲရဲဝံ့ဝံ့နောက်မဆုတ်ဘဲလုပ်မည်။ (၃) ရိုးသားရမည်။ (၄)မိမိကိုယ်မိမိ ဝေဖန်ထောက်ရှုရမည်ဟူသည်တို့
ဖြစ်ပါသည်။
သူဌေးကြီးဦးထော်အာသည်
မောင်အောက်၏ ရိုးသားမှု၊ ကြိုးစားမှု၊ အမြော်အမြင်ရှိမှုတို့ကို သဘောကျနှစ်သက်ပြီး အလုပ်သမားခေါင်းဆောင်အဖြစ်ခန့်ထားကာ
သစ်တောကြိုးဝိုင်းသို့ မိမိ၏ လူယုံအဖြစ် စေလွှတ်ခဲ့သည်။ မောင်အောက်သည် သစ်တောကြိုးဝိုင်းအတွင်း
သူဌေးကြီးအပေါ် သစ္စာရှိရှိလုပ်ကိုင် ဆောင်ရွက်ပေးခဲ့သဖြင့် အတော်ဆုံးနှင့်သစ္စာအရှိဆုံးအလုပ်သမားခေါင်းဆောင်အဖြစ်
အသိအမှတ်ပြုခြင်း ခံရကာ အခါအားလျော်စွာ ဆုငွေများပေးအပ်ခြင်း၊ သူကောင်းပြုခြင်းများခံရသည်။
သို့သော် သူသည် ဘဝင်မမြင့်၊ အောက်ခြေမလွတ်ဘဲ မိမိရောက်လိုသောပန်းတိုင်ကိုသာ စိတ်တွင်စွဲမြဲစွာထားကာ
အလုပ်ကိုသာပိုမိုကြိုးစားလုပ်ကိုင်ခဲ့ပြီး ရသမျှလုပ်အားခတို့ကိုစုဆောင်းခဲ့သည်။ ထို့နောက်
စုဆောင်းရထား သမျှ ပစ္စည်းဥစ္စာနှင့် သူဌေးဦးထော်အာထံမှ ချေးယူသောငွေကြေးဖြင့် အရင်းအနှီးပြုကာ
မိမိကိုယ်ပိုင် သစ်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တော့သည်။
သစ်လုပ်ငန်းရှင်
ဦးနာအောက်
မောင်အောက်သည်
မိမိကိုယ်မိမိယုံကြည်မှုအပြည့်ဖြင့် သစ်တောသို့ထွက်သွား၍ အလုပ်လုပ်လေတော့သည်။ ထိုအချိန်က
မြန်မာနိုင်ငံအောက်ပိုင်းကို အင်္ဂလိပ်တို့က သိမ်းပိုက်ထားရာ ကယားတိုင်းရင်းသားများသည်
အင်္ဂလိပ်တို့ကို အားမတန်၍ မာန်လျှော့ရသော်လည်း ကယားစော်ဘွားများက မိမိတို့ပိုင်သစ်တောများကို
တိုင်းရင်းသားညီအစ်ကိုတော်သူ မွန်လူမျိုးဦးနာအောက်အား ဈေးပေါပေါဖြင့် သစ်ထုတ်လုပ်ခွင့်ပေးလေတော့
သည်။ ရှမ်းစော်ဘွားများကလည်း ဦးနာအောက်အား ဈေးနှုန်းချိုသာစွာဖြင့် လုပ်ကိုင်ခွင့်ပေးသည်။
ထိုကဲ့သို့ တိုင်းရင်းသားအချင်းချင်းရိုင်းပင်းကူညီမှုကြောင့် ဦးနာအောက် စီးပွားရေးမှာ
အချိန်တိုအတွင်း အံ့သြလောက်အောင် တိုးတက်လာတော့သည်။
ဦးနာအောက်သည်
ဆင်းရဲသားဘဝမှ ချမ်းသာလာသော်လည်း မိမိ၏ဘဝဟောင်းကိုမမေ့ဘဲ အလုပ်သမားများအပေါ် အသက်အရွယ်လိုက်ကာ
ဆုံးမသင့်သူကိုဆုံး၊ ချီးမြှောက်သင့်သူကိုချီးမြှောက်၊ အသက်ကြီးသူများကို ရိုသေလေးစားစွာဆက်ဆံလေသည်။
ထို့ကြောင့် အလုပ်သမားများက ချစ်ခင်လေးစားပြီး တလေးတစား မွန်ဘာသာအားဖြင့် အနဲာ(အနိုင်)၊
အနာအံက်(အနိုင်အောက်)ဟူ၍ တလေးတစားနှင့် ချစ်စနိုးအမွှမ်းတင်ပြီး ခေါ်ဆိုကြခြင်းဖြစ်သည်။
အဓိပ္ပါယ်မှာ ဘကြီးအောက်ဟူ၍ပင်ဖြစ်ပါသည်။ ထို့နောက် ကာလရွေ့လာသည့်အခါ ဦးနာအောက်ဟူ၍
ပြောင်းလဲလာခြင်းဖြစ်သည်။
ဦးနာအောက်သည်
အမြတ်ငွေများရရှိလာသည့်အခါ အမျိုးကိုချစ်သူပီပီ မိမိတိုင်းရင်းသားများကို ကုလား၊ တရုတ်
စသည့်နိုင်ငံခြားသားများက သွေးမစုပ်၊ အမြတ်မထုတ်အောင် သံလွင်မြစ်အရှေ့ဘက် ယိုးဒယားပြည်တွင်းရှိ
သစ်တောကို အခွန်ဆောင်ပြီး သစ်ထုတ်လုပ်ငန်းကို လုပ်ကိုင်ပြန်သည်။ ဦးနာအောက်သည် အလုပ်လုပ်ရာတွင်
တက်ကြွစွာလုပ်၏။ နိုးနိုးကြားကြားအမြဲရှိ၏။ အလုပ်သမား၊ ငယ်သားများအပေါ် သနားတတ်၏။ အမြင်မတော်သည်များကို
သည်းခံတတ်၏။ ကောင်း၊ မကောင်း၊ မှန်၊ မမှန်ဝေဖန်ဆန်းစစ်၍ စနစ်တကျလေ့လာပြီးမှလုပ်ကိုင်လေ့ရှိ၏။
ထိုကဲ့သို့ ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခုဟူသော နာယကဂုဏ်ခြောက်ပါးကို
လက်ကိုင်ထားပြီး လုပ်ကိုင်ဆောင်ရွက် သောကြောင့် သူ၏လုပ်ငန်းများသည် လျင်မြန်စွာကြီးပွားတိုးတက်လာလေသည်။
သင်္ဘောသူဌေးဦးနာအောက်
ဦးနာအောက်သည်
တရုတ်ပွဲစား၊ ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် မိမိတို့တိုင်းရင်းသား တောင်သူလယ်သမားများအား
မတန်တဆအတိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ခြယ်လှယ်ခံနေရခြင်းမှကယ်တင် ရန်အလို့ငှာ
အတိုးနှုန်းနည်းပါးစွာဖြင့် ငွေတိုးချစားခြင်းနှင့် စပါးရောင်းဝယ်ခြင်းလုပ်ငန်းကိုလည်း
အခက်အခဲ အတိုက်အခံအမျိုးမျိုးကြားမှ ဝင်ရောက်လုပ်ကိုင်ကာ တောင်သူလယ်သမားတို့၏ အကျိုးလည်းဆောင်ရွက်
ခဲ့ပါသည်။ (၇.၈.၂၀၁၇ ရက်နေ့ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်ပြည်သူများ၏
စကားဝိုင်းဆွေးနွေးပွဲတွင် ပုဂ္ဂလိက ဘဏ်တစ်ခုက အတိုးနှုန်း ၃၀ ရာခိုင်နှုန်းအထိယူကြောင်း
ကြားသိလိုက်ရ၍ ဒေါ်အောင်ဆန်းစုကြည်ပင် အံ့အားသင့်ခဲ့ရပါသည်။ ဦးနာအောက်၏ ဆင်းရဲသားတောင်သူလယ်သမားများ
အပေါ် ထားရှိသည့်စေတနာနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်)။
ဦးနာအောက်သည်
မိမိတို့တိုင်းရင်းသားများ နိုင်ငံခြားသားတို့၏ သွေးစုပ်ခြယ်လှယ်မှုအောက်မှ လွတ်မြောက်
ရန်ရည်ရွယ်၍ စကော့တလန်နိုင်ငံ ဂလာစကိုမြို့ရှိ မက္ကီအင်ဘက္ကစတားကုမ္ပဏီထံမှ သင်္ဘောအသစ်များကို
ဝယ်ယူခဲ့သလို သဘောင်္အဟောင်းများကို လွန်းတင်ခြင်း လုပ်ငန်းများပြုလုပ်ရန်အတွက် ၁၂၆၂
ခုနှစ်တွင် မုတ္တမမြို့၌ သင်္ဘောကျင်းတစ်ခုတည်ဆောက်သည်။ ဦးနာအောက်သည် ၄င်းပိုင်သင်္ဘောကိုးစင်ကို
သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်စသည်တို့တွင် ပြေးဆွဲစေခဲ့ပြီး သင်္ဘောခများမှာ ဧရာဝတီသင်္ဘောများထက်သက်သာကာ
ဘုန်းကြီး၊ ကိုရင်၊ သီလရှင်၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအား အခမဲ့သယ်ယူပို့ဆောင်ပေးသည်။
နှစ်စဉ် နှစ်တိုင်း သင်္ဘောပြေးဆွဲရာမြစ်ကြောင်းတစ်လျှောက်ရှိ ဘုန်းကြီးကျောင်းများတွင်
ကထိန်သင်္ကန်းများကိုလည်း ဆက်ကပ်လှူဒါန်းပါသည်။
(ဆက်လက်ဖော်ပြပါမည်။)
(Democracy
Today သတင်းစာ ၁၁.၈.၂၀၁၇ ရက်နေ့ထုတ် သိန်းထက်အောင်ဆောင်းပါးကို ကူးယူဖော်ပြပါသည်။)














No comments:
Post a Comment