"အမျိုးသားရေးကို
ဖိနှိပ်လာတဲ့အခါမှာလည်း ဥပဒေဘောင်ထဲကပဲ ဖိနှိပ်မှုကို တွန်းလှန်ကြပါ(၁)"
===================================================
(ဆရာတော်ဦးဝီရသူနှင့်
အမျိုးသားနိုင်ငံရေးရှုမြင်ချက်)
ဆရာတော်ဦးဝီရသူနဲ့
အောင်ဇေယျတုဂျာနယ်တွေ့ဆုံမေးမြန်းမှုဟာ ၁၁ ပတ်မြောက်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူရဲ့
အမျိုးသားနိုင်ငံရေးရှုမြင်ချက်တွေနဲ့အတူ ဘဝဖြတ်သန်းမှုပုံရိပ်တွေကို တင်ဆက်ပေးဖို့ ရည်ရွယ်ပြီး
ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုဖြစ် ပေမယ့် လတ်တလော ဖြစ်ပေါ်နေတဲ့ ခေတ်ပြိုင်သမိုင်းထဲက
အဖြစ်အပျက်တွေမှာ ဆရာတော်ရဲ့အသံကလည်း အရေးကြီးလှတယ်လို့ ယူဆမိပါတယ်။ အဲဒီအတွက် ဒီတစ်ပတ်မှာတော့
ခုရက်ပိုင်းဖြစ်ပေါ်နေတဲ့ သတင်းတွေအကြောင်းကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - သြဂုတ်လ
၁၁ ရက်နေ့မှာ ကျင်းပတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့
သိရပါတယ်ဘုရား။ အရှင်ဘုရားက အဲဒီအဖွဲ့ကြီးက နုတ်ထွက်ထားတယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့
တက်ရောက်ခဲ့သလဲဆိုတာ သိချင်ပါတယ်ဘုရား။
ဖြေ - အဖွဲ့အစည်းအနေနဲ့တော့
တရားဝင်နုတ်ထွက်ထားတာပေါ့။ ဒါပေမယ့် မန္တလေးတိုင်း ကိုယ်စားလှယ်နှစ်ပါးအနေနဲ့တော့ အဖိတ်ခံရတယ်ပေါ့။
နှစ်ပါးထဲမှာမှ တစ်ပါးက မတက်ဖြစ်တော့ ဦးဇင်းက မဖြစ်မနေ တက်ဖြစ်တဲ့သဘောဖြစ်သွားတာပါ။
နိုင်ငံတကာနဲ့ယှဉ်ပြောရရင်တော့ ဦးဇင်းက
လေ့လာသူအဖြစ် တက်ရောက်ခွင့်ရတာပေါ့နော်။
မေး - အစည်းအဝေးမှာ
အမျိုးဘာသာ သာသနာအရေးနဲ့ ပတ်သက်လို့ ဘာတွေများ ဆွေးနွေးဖြစ်ခဲ့လဲဘုရား။
ဖြေ - အမျိုး
ဘာသာ သာသနာနဲ့ပတ်သက်လို့ ဆွေးနွေးဖြစ်တာတွေတော့ အများကြီးပါပဲ။ ဦးဇင်းအနေနဲ့ တင်ပြတာကတော့
ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ ဒီရခိုင်နေရပ်စွန့်ခွာ တိုင်းရင်းသားတွေကို အားပေးနှစ်သိမ့်ကြဖို့၊
ထောက်ပံ့လှူဒါန်းကြဖို့၊ နောက် အကြမ်းဖက်ခံရတဲ့ ရွာကိုသွားပြီး အားပေးနှစ်သိမ့်ကြဖို့နဲ့
သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေကို ဝိုင်းဝန်းထောက်ပံ့ကြဖို့၊ အဲဒါလေးကို အဖွဲ့အစည်းအနေနဲ့
ကိုယ်တိုင်ကိုယ်ကျသွား ရောက်လှူဒါန်းပြီး၊ ဦးဇင်းတို့ ခါတိုင်း မောင်တောသွားပြီး
လှူဒါန်းသလိုမျိုး၊ ဦး ဇင်းသွားခဲ့တဲ့ပုံစံမျိုးလိုပဲ ဖောင်ဒေးရှင်းအဖွဲ့ကြီးကလည်း သွားရောက်ဖို့ တိုက်တွန်းခဲ့တာပါ။
မေး - ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း
အမည်နဲ့ဆက်သွားမယ်ဆိုရင်၊ ပရဟိလုပ်ငန်းတွေ လုပ်မယ်ဆိုရင် မှတ်ပုံတင်ရမယ်ဆိုတော့ မှတ်ပုံတင်ဖို့တို့ဘာတို့
ဆွေးနွေးတာမျိုးရော ရှိလားဘုရား။
ဖြေ - အဲဒါတွေ
အကျယ်တဝင့်ဆွေးနွေးတာတော့ မရှိပါဘူး။ ဒါပေမယ့် သူ တို့ မူဝါဒချမှတ်တဲ့အထဲမှာတော့ နံပါတ်
တစ်ကတော့ ပရဟိတ၊ နံပါတ်နှစ်က ပ ညာဒါန၊ နံပါတ်သုံးက ယဉ်ကျေးလိမ္မာ၊ နံပါတ်လေးမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုတော့
ပရဟိတကို ရှေ့တန်းတင်ထားတာ တွေ့ပါတယ်။
မေး - နိုင်ငံတကာ
သတင်းတွေဘက် လှည့်ချင်ပါတယ်ဘုရား။ ပုပ်ရဟန်းမင်းကြီးဖရန်စစ် နိုဝင်ဘာလကုန်ပိုင်းလောက်ကျရင်
မြန်မာပြည်လာမယ်လို့ သိရပါတယ်ဘုရား။ သူတို့သတင်းတွေမှာကိုပဲ ဗုဒ္ဓ ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့
တိုင်းပြည်ကို ခုလိုလာတာ ပထမဆုံးဖြစ် လိမ့်မယ်လို့ ရေးကြပါတယ်ဘုရား။ မြန်မာကိုလာရင်
ဘင်္ဂါလီတွေအကြောင်း ပြောဖို့ရှိနိုင်တယ်လို့ ဗာတီကန်က သတင်း တွေက ပြောထားပါတယ်ဘုရား။ သူတို့ ဘာရည်ရွယ်ချက်နဲ့လာတယ်လို့
သုံးသပ်ချင်ပါသလဲဘုရား။
ဖြေ - ပြောရမယ်ဆိုရင်တော့
အိမ်သာလို့ ဧည့်လာတာပေါ့။ နိုင်ငံရေးအသိုင်း အဝိုင်းစကားနဲ့ ပြောရရင်တော့ လူကြီးလူကောင်းတွေလာတာကို
ဦးဇင်းတို့က အား ရဝမ်းသာကြိုဆိုရမှာပေါ့။
ပုပ်ရဟန်းမင်းကြီးက ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့
နေရာကိုလာတယ်၊ ဗုဒ္ဓဘာသာတွေနဲ့ ချစ်ကြည်ရေး လိုချင်လို့၊ မဟာမိတ်ဖြစ်ချင်လို့လာတယ်။
ဒါ ကောင်းတဲ့လက္ခဏာပါ။
ဒါပေမယ့် အွန်လိုင်းက မဟုတ်က ဟုတ်ကသတင်းတွေ၊
ပြီးတော့ သူတို့ဆီ ရောက်နေတဲ့ တစ်ဖက်သတ်သတင်းတွေကို အကြောင်းပြုပြီးတော့ ဗုဒ္ဓဘာသာကပဲ ဆိုးသလိုလို၊ သွမ်းသလိုလို၊ အနိုင်ကျင့် နေသလိုလို
ပုံစံမျိုးနဲ့ တစ်ဖက်သက် ဟိုဘက်ကနေရပ်တည်ပြီးလာမယ်ဆိုရင် လူကြီးလူကောင်း မပီသရာ ရောက်တာပေါ့
နော်။
ပြီးတော့ ရဟန်းမင်းကြီးဆိုတဲ့အတိုင်း တရားမျှတမှုကို
ရှေးရှုပြီး တရားမမဲ့ဖို့၊ အဂတိမလိုက်ဖို့ကိုလည်း ကြိုသတိပေးချင်တာပေါ့နော်။
မေး - အရှင်ဘုရားဦးစီးပြီးတော့ပဲ
အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများ စောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းထားတာတွေ့ရပါတယ်ဘုရား။
အဲဒီကော်မတီကရော လတ်တလော ဘာတွေ လှုပ်ရှားနေလဲဆိုတာလေး သိချင်ပါတယ်ဘုရား။
ဖြေ - သူတို့အချက်တွေကတော့
၁။ ထောင်ဝင်စာ
ကိစ္စအတွက်ပေါ့နော်။ ဥပမာ - ဆိုကြပါစို့၊ ခြောက်ပါးနဲ့တစ်ဦးအ တွက် ပတ်သက်ရာ ပတ်သက်ကြောင်းလေးတွေ
အဖွဲ့ဖွဲ့ထားတာပေါ့နော်။ ဘယ်ဆရာတော်ဆိုရင်၊ ဘယ်ပုဂ္ဂိုလ်ကို ဆက်သွယ်ပြီး ဘယ်လိုလှူဒါန်းထောက်ပံ့နိုင်တယ်၊
ထောင်ဝင်စာတွေ့နိုင်တယ်ပေါ့။
နံပါတ်နှစ်ကတော့ ပါဆယ်ပေါ့။ ပါဆယ်ပို့မယ်ဆိုရင်
ဘယ်သူတွေဆီကို လာပို့လှည့်။ ကိုယ်တိုင်လိုက်ချင်လည်း လိုက်ပို့မယ်။ မလိုက်နိုင်ဘူးဆိုရင်လည်း
ပစ္စည်းကို ဟိုကိုအပြည့်အဝရောက်အောင် လုပ်ပေးမယ်။
နံပါတ်သုံးကတော့ ရုံးထွက်ပေါ့။ ရုံးထွက်လာတဲ့အခါမှာ
ကြိုဆိုဖို့၊ ဆွမ်းကပ်၊ ကွမ်းကပ်တွေလုပ်ဖို့၊ အားပေးစကားပြောဖို့၊ အင်အားတွေစုစည်းဖို့
ဒါတွေပေါ့နော်။ အဲဒါတွေကို လုပ်ထားတာ။
နံပါတ်လေးကတော့ အလှူငွေပေါ့။ အလှူငွေကို
အွန်လိုင်းကလှူချင်ရင် ဘယ်ဘဏ်အကောင့်ထဲကို ထည့်ရမယ်။ ဘဏ်ကပို့မယ်ဆိုရင် ဘယ်သူ့ကို ဖုန်းဆက်ရမယ်။
ကိုယ်ကိုယ်တိုင် လာလှူမယ်ဆိုရင် ဘယ်နေရာ၊ ဘယ်နေရာကို လာလှူရမယ်ပေါ့။ အဲဒါလေးတွေ လုပ်နေတာပါ။
မေး - မန္တလေး
သပိတ်စခန်းနဲ့ပတ်သက် ပြီးအဖမ်းခံထားရတဲ့အထဲမှာ ကိုကျော်မျိုးရွှေပါတယ်လို့ သိရပါတယ်ဘုရား။
ကိုကျော်မျိုးရွှေက ကိုဆွေဝင်းကို အရှင်ဘုရားကိုယ်စား ၆၆(ဃ)နဲ့ တရားစွဲထားတာဆို တော့
အမှုအခြေအနေကရော ဘယ်လိုရှိပါသလဲဘုရား။
ဖြေ - အမှုသွားအမှုလာကတော့
အခုမှ စတာပေါ့နော်။ ရုံးချိန်းက တစ်ချိန်းပဲ ရှိသေးတာကို။ အဲဒီ တစ်ချိန်းလည်း ဒီဘက်က
ပါဝါတင်၊ ပါဝါယူရုံပဲရှိသေးတာလေ။ စစ်ဆေးမေးမြန်းမှု မရှိသေးဘူးပေါ့။
ဒါပေမယ့် အမှုစတင်တည်ဆောက် ခဲ့တာက ၅ လလောက်ကြာတယ်။ မတ် လ ၇ ရက်နေ့ကနေ စခဲ့တာ။ သြဂုတ် ၇ ရက်ဆိုရင် ၅
လရှိပြီ။ အဲဒီ ၅ လအတွင်းမှာ ဒီအမှုခိုင်အောင် မြို့နယ် ဥပဒေအရာရှိတောင်းဆိုတဲ့ အချက်တွေမှန်သမျှ
အကုန်ပေးထားရတယ်။ နောက်ပြီးတော့ ခရိုင်ဥပဒေအရာရှိကိုတင်ရတယ်၊ တိုင်းဥပဒေအရာရှိကို တင်ရတယ်။
ပြီးတော့ ဆက်သွယ်ရေးဝန်ကြီးဆီကိုတင် ရတယ်။ ဆက်သွယ်ရေးဝန်ကြီးက တရား စွဲဆိုခွင့်ပြုမှ
ပြည်ထဲရေးကို ချပေးတာ။ အဆင့်အဆင့်လုပ်ရတာပေါ့။ နောက်ဆုံး မန္တလေးတိုင်းကနေ ရန်ကုန်တိုင်းကို
ကျော်ပြီးဖမ်းဆီးဖို့ကစ အမိန့်တင်ရတာပေါ့။ ပြောမယ်ဆိုရင်တော့ သူတစ်ဖက်သားကို မတရားစွပ်စွဲတာ၊
အသရေဖျက်တာ ထင်ရှားပြီးသား။ အဲဒီအတွက် ဦးဇင်းတို့က မပူပါဘူး။ အဲဒီအမှုအတွက် လုံးဝမပူပါဘူး။
ဥပဒေအတိုင်းလုပ်မယ်ဆိုရင် လုံးဝပူစရာမလိုတဲ့ အမှု။
(ဆက်လက်ဖော်ပြပါမည်)
ငြိမ်းချမ်းသာ
ဆက်သွယ်မေးမြန်းသည်။

No comments:
Post a Comment