Wednesday, March 29, 2017

တရားဟောပိတ်ထားခြင်း ပြဿနာ


တရားဟောပိတ်ထားခြင်း ပြဿနာ
========================

ဆရာတော် ဦးဝီရသူအား အရေးယူရန် မီဒီယာလောက အာဏာလောကမှ အတော်ကြီးကြိုးစားလာသည်ကို တွေ့ရသည်။ စည်သူအောင်မြင့်တို့ကလည်း ဆောင်းပါးရေးလျက် မ ဘ သ နှင့် ဦးဝီရသူအား အရေးယူရန် ဖိအာပေး၏။ ဆွေဝင်းကလည်း မ ဟ န ကို စာပို့ပြန်၏။ အာဏာလောကမှ တာဝန်ရှိအချို့ကလည်း သတင်းလွင့်ခဲ့ပြီးပြီ။ ဧရာဝတီသတင်းဌာနမှလည်း ဗန်းမော်ဆရာတော်ဘုရားကြီးအား သူတို့ထွက်လာစေချင်သည့် စကားများထွက်လာရန် အမေးအဖြပြုလျက် ဖိအားပေးလာပေပြီ။ ထို့ကြောင့် တရားပွဲကိစ္စ ဝေဖန်ပါဦးအံ့။
နိုင်ငံတော် သံဃမဟာနာယက၏ တစ်နှစ်တိတိ တရားဟောပိတ်ပင်သည့် စာတွင် “ ဦးဝိစိတ္တာဘိဝံသ (ဝီရသူ)ကို ၁၀ . ၃ . ၂၀၁၇ ရက်နေ့မှ ၉.၃.၂၀၁၈ နေ့အထိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း တရားဟောပြောခွင့်ကို တစ်နှစ်ပိတ်ပင်လိုက်သည်” ဟု သာပါရှိသည်။
ထိုစာ၌ “တရားဟောပြောခွင့်” ဟုသာ ပါရှိသည်ကို သတိပြုရပါမည်။ အပူဇော်ခံခြင်းမပြုရ ၊ ဟောထားသည့် တရားခွေများဖွင့်ခြင်းများလည်း မပြုရစသည်ဖြင့် မပါပေ။ ထို့ကြောင့် ဆရာတော်ဦးဝီရသူ၏ တရားပလ္လင်တွင် အပူဇော်ခံနေလျှက် ဟောထားသည့် တရားခွေများ ဖွင့်ပေးထားခြင်းသည် တရားဟောပိတ်ပင်ထားခြင်းကို တိုက်ရိုက်ဖီဆန်နေ သည် ။ မလိုက်နာဘဲ ဆက်လက်ဟောပြောနေသည်ဟု ပြော၍ မရဆိုသည် ကို အထူးသတိပြုရန် လိုအပ်ပါမည်။
အကယ်၍ အစိုးရအဖွဲ့အစည်းမှ တရားဟောပြောခွင့် တရားပွဲကျင်းပခွင့် တရားပလ္လင်ပေါ်၍ အပူဇော်ခံခွင့် တရားခွေ ဖွင့်ခွင့်တို့ကို ပိတ်ပင်ခဲ့သော် အဖြေကားတစ်မျိုးထွက်လာပါမည်။ ခုထိတော့ ဆရာတော်ဦးဝီရသူအနေဖြင့် သံဃမဟာနာယက အဖွဲ့၏ အမိန့်ကို လိုက်နာနေဆဲဟု သာ ဆုံးဖြတ်ရပါမည်။
ပါးစပ်ကို တိတ်ဖြင့် ပိတ်၍ ဆန္ဒဖော်ထုတ်ခြင်းကြောင့်တော့ အရေးယူ၍ ရစကောင်းသည်မဟုတ်ပါ။
ယခင်အစိုးရနှင့် ယခုအစိုးရကို နှိုင်းယှဉ်ဟောပြောခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သလော ?
တရားပွဲပိတ်ခြင်း အကြောင်းပြချက်တစ်ခုနေဖြင့် ဧရာဝတီတိုင်း ငပုတောမြို့နယ် ကျုံကူးကျေးရွာတွင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်ကအခြေအနေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့လက်ထက်အခြေအနေကို နှိုင်းယှဉ်ဟောပြောခြင်း တစ်ချက်ပါဝင်နေသည်။
(၁) ဤတွင်မေးဖွယ်ရာ မေးခွန်းမှာ ထိုသို့ နှိုင်းယှဉ်ဟောပြောခြင်းသည် ဒီမိုကရေစီကို အဘယ်သို့ ထိခိုက်ပါသနည်း ဒီမိုကရေစီလမ်းစဉ်နှင့်မကိုက်ညီပါ၍ လောဟူ၍ ဖြစ်သည်။
ဒီမိုကရေစီစနစ်အရ အစိုးရကို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ရှိ၏။ အရင်အစိုးရ ယခုအစိုးရ စသည်တို့ကို လည်း နှိုင်းယှဉ်ပိုင်ခွင့် ရှိ၏။ နှိုင်းယှဉ်ရမည်သာ ဖြစ်၏။
နောက်ပြီး မိမိအားပေးလိုသည့် ပါတီကို လွတ်လပ်စွာပင် အားပေးနိုင်၏။ အပြစ်ပြောဖွယ်မရှိ။ အကယ်၍ အရင်အစိုးရနှင့် ယခုအစိုးရကို နှိုင်းယှဉ်ဟောပြောခြင်းကြောင့်လည်းကောင်း ၊ မိမိတို့နှင့်ဆန့်ကျင်ဘက်ပါတီကို အားပေးခြင်းကြောင့်လည်း ကောင်း အစိုးရတရပ်သည် သာသနာရေးဝန်ကြီးမှ တစ်ဆင့် နိုင်ငံတော်သံဃမဟာနာယကသို့ လျှောက်လျက် တရားပွဲပိတ်အောင် ဆောင်ရွက်သည်ဆိုလျှင် အတော်ရှက်ဖွယ်ကောင်းသော ဒီမိုကရေစီ အစိုးရဟု ဆိုရမည်ဖြစ်၏။ ဒီမိုကရေစီကြွေးကျော်သံနှင့် ဆန့်ကျင်ဘက် ခြေလှမ်းနေပြီဟု ဆိုရမည်ဖြစ်သည်။ (မိမိနှင့်ဆန့်ကျင်ဘက် ပါတီ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်တို့ကို အားပေးခြင်းကြောင့် ဝေဖန်တိုက်ခိုက်သည် ပိတ်ပင်ရန်ကြိုးစားသည်ဆိုခြင်းသည် ဒီမိုကရေစီနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ကြောင်း အထူးသတိပြုသင့်ကြပေသည်)(ရွေးကောက်ပွဲအကြိုကာလ ထုတ်ပြန်ချက်များကို ကြည့်လျှင် ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ တော်သူကိုမဲပေးကြရန် တိုက်တွန်းထားချက်များတွေ့ရမည်ဖြစ်သည်။ )
(၂) အမုန်းတရား ဟောပြော၍ ပိတ်ပါသည်ဆိုလျှင်လည်း မည်သည့်နေရာတွင် မည်သို့သော ဟောပြောချက်များက အမုန်းတရားဟောပြောချက်များဖြစ်ကြောင်း အတိအကျ ဖော်ထုတ်တင်ပြရမည်ဖြစ်သည်။ (လွန်ခဲ့သော နှစ်များစွာက ဟောပြောချက်များကို ပြန်ရှာဖွေ မွေနှောက်လျက်တင်ပြမည်ဆိုလျှင်လည်း အဓိပ္ပါယ်မဲ့ကြောင်း သတိပြုသင့်သည်)
မည်သို့ဆိုစေ အစိုးရ၏ ဖိအားဖြင့် မ ဟ န က (ခေါ်ယူဆုံးမခြင်း သတိပေးခြင်းစသည်တို့ လုံးဝမပြုတော့ဘဲ) တရားပွဲပိတ်လိုက်ခြင်းသည် ဒီမိုကရေစီအစိုးရအတွက် အတော်ရှက်ဖွယ်ကောင်းသော ဒီမိုကရေစီလမ်းစဉ်သွေဖီမှု တရပ်ပင်ဖြစ် သည်။
ရဟန်းတော်ဖြစ်လျက်နှင့် နိုင်ငံရေးကိစ္စများ၌ ဝေဖန်ဟောပြောသောကြောင့် ပိတ်ရပါသည်ဆိုလျှင်လည်း ထိုကိစ္စသည် မ ဟ န နှင့်သာ သက်ဆိုင်သည်။ အစိုးရအဖွဲ့မှ မ ဟ န အားဖိအားပေးစရာမလိုကြောင်းသတိပြုရပါမည်။ မ ဟ န မှ (မည်သည့်အစိုးရအဖွဲ့၏ ဖိအားပေးမှုမှ မပါဘဲ) ဆောင်ရွက်ခြင်းသာ ဖြစ်ရပါမည်။
ဒီမိုကရေစီအစိုးရဆိုလျှင် ဒီမိုကရေစီနှင့်သွေဖီခြင်းမရှိရန် နှင့် ဥပဒေဘောင်အတွင်းမှ စနစ်တကျ ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း အထူးသတိပြုသင့်တော့သည်။
ဒီမိုကရေစီ အစိုးရသည် ရဟန်းဖြစ်စေ လူဖြစ်စေ မည်သူ၏မဆို အကြောင်းအကျိုးထောက်ပြလျက် လွတ်လပ်စွာ ဝေဖန်ခွင့်ကို လက်ခံနိုင်တတ်ရမည်။ လက်မခံနိုင်ဘဲ နိုင်သည့်နည်းဖြင့် အတင်းဖိအားပေးလျက် ဆောင်ရွက်သော် လွန်စွာရှက်ဖွယ်ကောင်းသော အမည်ခံဒီမိုကရေစီဖြစ်လိမ့်မည်ဖြစ်ကြောင်း သတိပြုသင့်၏။
ယခုဝေဖန်ခြင်းကား ဆရာတော် ဦးဝီရသူ အပြစ်ရှိခြင်း မရှိခြင်းကို ဝေဖန်ခြင်းမဟုတ်။ ဒီမိုကရေစီဟု ကြွေးကျော်လျက် ဒီမိုကရေစီမဆန်သော ရှက်ဖွယ်ကောင်းသော ဆောင်ရွက်ပုံနည်းလမ်းကို ဝေဖန်ခြင်းဖြစ်ပါသည်။ အပြစ်ရှိသည်ဟု ယူဆလျှင် သူနည်းလမ်းနှင့်သူ ဆောင်ရွက်တတ်ရန်လိုအပ်၏။ ထောင်ကျလောက်သော အပြစ်ဟု တွေ့ရှိလျင် ထောင်ချနိုင်သည်ပင်ဖြစ်၏။ သို့သော် အမုန်းတရား အာဃာတတရားတို့ဖြင့် မဟုတ်ဘဲ ဥပဒေလမ်းကြောင်းအတိုင်းသာ ဖြစ်ရပါမည်။
စဉ်းစားရန်တစ်ချက်မှာ ထိုသို့ အပြစ်ပေးရန် ထောင်ချရန် နည်းလမ်းမှတစ်ပါး ကျန်သော ပို၍ အဆင်ပြေသော အားလုံးအတွက်လည်း ပိုကောင်းသော နည်းလမ်းကို မစဉ်းစားတတ်ကြပြီလော ။ မကြံဆတတ်ကြပြီလောဟု မေးခွန်းထုတ်လို သည်။
အသဲရောင်အသားဝါရောဂါနှင့်ငှက်ဖျားရောဂါ ပြိုင်တူစွဲကပ်နေသော လူနာကို ရောဂါတစ်ခုတည်းရှုထောင့်မှ ကြည့်လျက် ဆေးပေးသူသည် လူနာကိုသတ်သည့် ဆေးသမားသာဖြစ်၏။ ထိုနည်းတူပင် နိုင်ငံရေးရှုထောင့်မှ ပြဿနာများ ၊ ဘာသာယဉ်ကျေးမှု အားပြိုင်မှုရှုထောင့်မှ ပြဿနာများဖြင့် ရောယှက်နေသော ပြဿနာကို နိုင်ငံရေးရှုထောင့်တစ်ခုတည်းမှ သာကြည့်လျှက် ပြဿနာဖြေရှင်းရန် ကြံလျှင် နိုင်ငံကို ဘာသာသာသနာကို သတ်သူပမာရှိလိမ့်မည်ဖြစ်ကြောင်း အထူးသတိပြု သင့်လှတော့သည်။
အာဏာရှင်ကို မုန်းတီးသူတို့သည် အာဏာရှင်၏ အပြစ်ကို နှလုံးအိမ်တွင် စိမ်ဖန်များလျှင် အလိုအလျှောက် အာဏာရှင် ဓာတ်တို့ ကူးစက်သွားတတ်ပေ၏။ ထိုသို့များ ဖြစ်နေပြီလောဟု လည်း တွေးမိပါသတည်း။

Wana Warthi ဝနဝါသီ
၂၉ . ၃ . ၂၀၁၇





No comments:

Post a Comment