"သံဃာသန့်ရှင်းမှ
သာသနာသန့်ရှင်းမည် (၁၃)"
===========================
ဤစာမူသည်
အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ မြစ်ကြီးနားထောင်မှာနေရစဉ် ထောင်ဝင်စာ လာတွေ့သော
တပည့်လေး အရှင်သုမင်္ဂလထံရေးပို့သောစာမူဖြစ်ပါသည်။ အပတ်စဉ်ဖော်ပြသွားပါမည်။
အယ်ဒီတာအဖွဲ့
ယခင်အပတ်မှအဆက်
ဒီလိုနဲ့
လေးငါးလကြာတော့ ဈေးကားမမှာတော့ပြန်ဘူး။ ထောင်ဝင်စာလာတဲ့နေ့ဆို လူလွှတ်ပြီး တောင်းခိုင်းတာမျိုး
လုပ်လာပြန်တယ်။ ပေးရတာပဲလေ။ မပေးရင် တာဝန်မဲ့ရာရောက်မှာပေါ့။ ဒါပေမဲ့ကွာ သူ့အတွက် တာဝန်ကြီးတစ်ရပ်လိုဖြစ်ပြီး
အမြဲပို့နေရတော့ ငြီးငွေ့တာပေါ့နော်။
ထောင်ထဲမှာ
ပိုက်ဆံရှိတိုင်း၊ စားစရာရှိတိုင်း ကျွေးချင်ရာကျွေး၊ ပေးချင်ရာပေးလို့ရတာမှ မဟုတ်တာ။
တစ်နေရာမှ တစ်နေရာပို့တယ်ဆိုတာ လူကြုံကောင်းမှ ရောက်တာလေ။ သို့မဟုတ်ရင် လမ်းမှာတင်ပျောက်
သွားမှာပေါ့။ ဒီလို လူကြုံရှာရတာက တစ်ဒုက္ခ၊ ပြင်ရဆင်ရခွဲခြမ်း ရတာကလည်း တစ်ဒုက္ခဆိုတော့
စာရေးတာတို့ စာဖတ်တာတို့မှာ အနှောင့်အယှက် ဖြစ်လာတော့တာပေါ့နော်။ ဘယ်လိုလုပ်ပြီး စိတ်ဖြောင့်ပါတော့မလဲ။
ပိုဆိုးတာက
သူကအသုံးအဖြုန်းကြီးတယ်။ ဆီတစ်ဘူးကို တစ်ရက်နဲ့ ကုန်အောင်သုံးပစ်တာ။ ဘုန်းဘုန်းတို့က
တစ်ပတ် ဆယ်ရက် သုံးတဲ့ဆီကို သူကတစ်ရက်ပဲသုံးတယ်။ ဒီနေ့ ထည့်ပေးလိုက်ရင် နောက်နေ့ တန်းပြီးဘူးခွံပြန်ပေးတော့တာ။
ထောင်ထဲမှာက ဒီလိုပဲ။ တောင်းတဲ့လူကတော့ အားမနာဘူး။ ပေးတဲ့လူက အားနာရင် အားနာမှပဲ။ တောင်းတဲ့လူက
ဘယ်တော့မှ အားမနာတတ်ဘူး။ နောက်တော့ သူကဘူးခွံပြန်ပို့တိုင်း ချက်ချင်းထည့်မပေးတော့ဘူး။
တစ်ပတ်ကြာမှပဲ ထည့်ပေးတော့တယ်။
ဒီအချိန်မှာ
သူဟာ အနေလည်းကြာလာပြီး ထောင်ပါးလည်း ဝလာပြီ။ အလုပ်လည်း ရှိလာပြီ။ ဒါကို သူက ဘုန်းကြီးသူဋ္ဌေးပဲဆိုပြီး
သက်သက်ကို ညှဉ်းနေတာ။ မြှောက်ပေးတဲ့သူကလည်း မြှောက်ပေးမှာပေါ့။
သူ့အလုပ်က
ကွမ်းယာဘုတ်ပါ။ ကွမ်းယာဘုတ်ဆိုတာ အကျဉ်းသားတွေ စားဖို့အတွက် ထောင်ကရောင်းပေးတာကို သူတို့က
ကွမ်းယာရ၊ လိုက်ပို့ရ၊ စာရင်းမှတ်ရ၊ လုပ်ရတာကိုပြောတာပါ။ ကွမ်းယာဘုတ်မှာ နေရသူက အလုပ်လည်း
သက်သာတယ်။ နေရိပ်ထဲမှာပဲ နေရတာကိုး။ စားစရာ (ဝါးတီး)လည်း ပေါတယ်။ သူတို့က ခွဲတမ်းလည်းရ၊
အလကား လည်းစားရတော့ သူတို့ခွဲတမ်းလေးတွေကို မစားဘဲသိမ်းထားပြီး အဆောင်ရောက်ရင် ပြန်ရောင်းကြတာလေ။
ကော်ဖီမစ်နဲ့ လဲသူကလဲ။ ဟင်းနဲ့ လဲသူကလဲပေါ့။ ဒီလို သူ့ဘဝသူ ကျောင်းနိုင်နေတာတောင် ဆရာသမားကို
ချမ်းသာမပေးချင်ဘူး အမြဲမှာတတ်တယ်။
ဘုန်းဘုန်းက
စားစရာတွေကို စိစစ်လာတော့ သူက တစ်မျိုးကြံပြန်တယ်။ ရောဂါဖောက်လာပြီဆိုပြီး ဆေးဝါးတွေ
မှာတော့တာ။ မှာတဲ့ဆေး အမျိုးအစားတွေကလည်း အများကြီး၊ တစ်မျိုးစီကိုလည်း လေးငါးကတ်အထိမှာတာ။
ဝယ်မပေးပြန်ရင်လည်း အခက်။ ဝယ်ပေးပြန်ရင်လည်း အခက် ဆိုတာမျိုး ဖြစ်နေတော့တာပေါ့။ လိမ်တောင်းတာထင်ပြီး
ဝယ်မပေးဘဲ နေလိုက်တဲ့အခါနဲ့ ရောဂါတကယ် ဖောက်တာနဲ့ တိုက်ဆိုင်သွားရင် တာဝန်မကျေရာ ကျမယ်လေ။
ဝယ်ပေးလိုက်တဲ့ ဆေးတွေကို ရောင်းစားမှာလည်း စိုးရတယ်လေ။ ထောင်ထဲအနေကြာတော့ ထောင်ကျင့်
ထောင်ကြံတွေ တတ်လာတော့တာပေါ့။ ဝယ်ပေးပြန်ရင်လည်း အချဉ်ဖြစ်ဦးမယ်။ ဝယ်မပေး ပြန်ရင်လည်း
ငြိုငြင်ခံရဦးမယ်ဆိုတော့ ဘုန်းဘုန်းဘက်က စဉ်းစားရတာပေါ့။
နောက်ဆုံးတော့
သူမှာတဲ့ ဆေးကို အကုန်ဝယ်လိုက်တယ်။ သူ့ဆီကိုတော့ တစ်ခါတည်း အကုန်မပို့တော့ဘူး။ တစ်ရက်
ဘယ်နှစ်ကြိမ်သောက်ရမလဲ ရေတွက် စိစစ်ပြီး တစ်ပတ်စာစီပဲ ပို့ပေးရတော့တယ်။ ဒါမှ ရောင်းစားရင်တောင်
တစ်လုံးတစ်ခဲတည်း ရောင်းပစ်လို့ မရမှာပါ။
တော်ပါသေးတယ်။
မကြာခင်ပဲ သူလွတ်မြောက်သွားတယ်။ ဘုန်းဘုန်းလည်း ဝဋ်ကျွတ်သွားတော့တယ်။ သူကထောင်မှ မလွတ်ခင်
ဘုန်းဘုန်းဆီ လူလွှတ်ပြီး 'ဘုန်းဘုန်းကျောင်းမှာပဲ နေတော့မယ်။ စာရေးပေးလိုက်ပါ' လုပ်ပါလေရော။
ထောင်ထဲကျမှ ဆုံရတဲ့တပည့်ကို ဘုန်းဘုန်းက ဘယ်လိုယုံရမှာလဲ။ စာရေးပေးလိုက်လို့ အဲဒီစာကြီးကိုင်ပြီး
ဘုန်းဘုန်းနာမည်ကို ရောင်းစားနေရင် မခက်လားပေါ့။ ဒါကြောင့် ရေးမပေးလိုက်တော့ဘူး။ လွတ်ခါနီး
အကြိုတစ်ရက်မှာတော့ လာပြီး ရှိခိုးနှုတ်ဆက်သွားပါတယ်။
ဒါပေမဲ့ ဘုန်းဘုန်းဆီကငှားသွားတဲ့
စာအုပ်တွေတော့ အမေ့ခံသွားတယ်။ ပြန်မပေးတော့ဘူး။ အချို့စာအုပ်တွေဆို ဘုန်းဘုန်းတောင်
ဖတ်ရသေးတာမဟုတ်ဘူး။ တပည့်ကျော်က မ,သွားတာ။
ရဟန်းဘွဲ့နဲ့
လူအမည်ကိုတော့ တေဇာနန္ဒ(ခ)တင်ဝင်းလို့ ထောင်မှာ ပေးထားတာတွေ့ရတယ်။ ဒါပေမဲ့ အဲဒီဘွဲ့တို့
အမည်တို့ကို မခေါ်ကြပါဘူး။ ကွမ်းယာသည်တို့၊ ကွမ်းယာကိုယ်တော်တို့၊ ကွမ်းဘုန်းကြီးတို့ပဲ
ခေါ်ကြတာ တွေ့ရတယ်။
၂ဝ၁၁ ခု နှစ်ဆန်းပိုင်းမှာ
ဘုန်းဘုန်း မြစ်ကြီးနား ထောင်ကို ပြောင်းရတယ်။ မြစ်ကြီးနားထောင်မှာ ၂၉၅(က)တွေမရှိတော့
ရေးစရာမရှိဘူးပေါ့။
ဒါပေမဲ့ ထူးခြားတာတစ်ခုကြုံရတယ်။
တစ်နေ့မှာ ဘုန်းဘုန်းဆီ ပါဆယ်ထုပ်တွေ ရောက်လာတယ်။ ပီနံအိတ်ကြီးတွေနဲ့ ထုပ်ထားတာ။ သစ်သီးဝလံတွေ
အတော်စုံသလို မုန့်ခြောက်တွေ ကော်ဖီမစ်၊ တီးမစ် တွေလည်းပါတယ်။
ထုံးစံအတိုင်း
ဘယ်သူလဲ? ဘယ်ကလဲ? စုံစမ်းရတာပေါ့။ ထောင်အထိ ရိက္ခာလာပို့တယ်ဆိုတာ တော်တန်ရုံသံယောဇဉ်နဲ့
မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ဘယ်ကလဲ၊ မြစ်ကြီးနားကလား။ မန္တလေးကလား။ တပည့်တွေထဲကလား။
သူငယ်ချင်းတွေထဲကလား။ ဒကာ ဒကာမတွေထဲကလား။ အတွေးတွေ အများကြီးဝင်တာပေါ့။
သိပ်မကြာပါဘူး။
ပစ္စည်းစာရင်းနဲ့အတူ ပါဆယ်ပို့သူအမည်ရောက်လာတယ်။ အရှင်တေဇာနန္ဒ(ခ)တင်ဝင်းတဲ့။ သိလိုက်ပြီလေ
အိုးဘိုထောင်ထွက် တပည့်ကျော်ကြီးပဲ။ ဖုန်းနံပါတ်ပါလား။ နေရပ်လိပ်စာပါလား စုံစမ်းကြည့်တော့
အရှင်တေဇာနန္ဒ(ခ)တင်ဝင်းဆိုရင် ရပါပြီလို့ပဲ ပြောသွားတယ်တဲ့။
ရရှိကြောင်း
ကျေးဇူးတင်ကြောင်း ပြောချင်လို့ စာလေးဘာလေး ရေးပို့ချင်လို့ စုံစမ်းပေမယ့် တပည့် ၂၉၅
ကြီးက အဆက်အသွယ်ခံချင်ပုံ မရဘူး။
ပေးပို့လာတဲ့
ပါဆယ်ပစ္စည်းတွေကလည်း များပြားလွန်းတော့ အိုးဘိုတုန်းက သူ့အပေါ် ငြိုငြင်မိခဲ့တာတွေ နောင်တရပြီး
စိတ်မကောင်း ဖြစ်နေမိတော့တာပေါ့။
နောက်တစ်လကျော်ကြာတော့
ထပ်ပို့လာပြန်တယ်။ အရင်လိုပဲ စားနပ်ရိက္ခာတွေ အစုံအလင်ပေါ့။
မန္တလေးကနေ
မြစ်ကြီးနားအထိ အဝေးကြီးလာပြီးပို့ဖော်ရတဲ့တပည့် ၂၉၅ ကြီးအကြောင်း အကျဉ်းသားအချင်းချင်း
ချီးမွမ်းခန်းထုတ်လို့တောင် မဝနိုင်ပါဘူးကွာ။
ကြောင်ကြာကြာ
ရေမငုတ်နိုင်ဘူးဆိုတာ မှန်သားရယ်။ မြစ်ကြီးနားမြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊
ကျောင်းအုပ်ဆရာတော်လေး အရှင်သီလာစာရ တရားဟောကြွလာတဲ့အခါမှ အကြောင်းစုံသိရတော့တယ်။ ထောင်သားတွေက
အရှင်သီလာစာရကို ဆွမ်းကပ်တဲ့အခါ ဘုန်းဘုန်းလည်း အနားမှာနေပြီး ရှေးဟောင်းနှောင်းဖြစ်တွေ
ပြောမိသွားတာပေါ့။ အဲဒီတော့မှ အရှင်တေဇာနန္ဒ(ခ)တင်ဝင်း လာပို့သွားတဲ့ ရိက္ခာတွေဟာ ကျောင်းအုပ်ဆရာတော်
အရှင်သီလာစာရ လှူလိုက်တာတွေဖြစ်ကြောင်း သိရတယ်။
ဒါလည်း တပည့်ကျော်ကြီးကို
ကြံဖန်ပြီး ချီးကျူးနေမိတာ။ အဝေးကြီးကနေ လာရတယ်။ သူလာလို့ ကျောင်းအုပ်ဆရာတော်က လှူဖြစ်တယ်။
တပည့်ကျေးဇူး မနည်းဘူးပေါ့။
ကျောင်းအုပ်ဆရာတော်
အရှင်သီလာစာရက ဆက်ပြောတယ်။ ငွေသုံးသိန်းကျပ်လှူတာ နှစ်ခါရှိပြီ ရလားတဲ့။ ဘုန်းဘုန်းအံ့သြသွားတယ်။
ဘယ်သူနဲ့ ထည့်ပေးလိုက်တာလဲလို့ ပြန်မေးတော့ အရှင်တေဇာနန္ဒ(ခ) တင်ဝင်းနဲ့တဲ့။ ဟိုက်....
အဲဒီတော့မှ အရှိုက်ထိ သွားတော့တယ်။
သူက ဘုန်းဘုန်းရဲ့
အသိမိတ်ဆွေတွေကို စုံစမ်းပြီး လိမ်စားနေတာကိုး။ ဘုန်းဘုန်းဆီ ရိက္ခာတွေပဲပို့ပြီး ငွေကို
သူပဲယူသွားတာကိုး။
အရင်တုန်းက
ချီးကျူးခဲ့တာတွေ၊ အားနာမိတာတွေ၊ စိတ်မကောင်းဖြစ် မိတာတွေ၊ အထင်ကြီးခဲ့တာတွေ အလကားဖြစ်သွားတော့တာပေါ့ကွာ။
နောက်တစ်လနေတော့
ကျောင်းအုပ်ဆရာတော် အရှင်သီလာစာရကြွလာသေးတယ်။ တပည့်ကျော်၂၉၅ကြီး က ဖုန်းဆက်ကြောင်း၊
အကူအညီ တောင်းခြင်းဖြစ်ကြောင်း၊ ငွေချေးခြင်းဖြစ်ကြောင်း ''မင်း ငါ့ဆီဖုန်းဆက် ရဲသေးသားပဲ''ဟု
ပြောလိုက်တော့ ဖုန်းချသွားကြောင်း ပြောပြရှာတယ်။ သူငွေလိမ်တဲ့အကြောင်း မသိသေးဘူးလား။
သိသွားပြီလား။ သိချင်လို့ ဖုန်းဆက်တာလည်း ဖြစ်နိုင်တာပေါ့။
အရှင်တေဇာနန္ဒ(ခ)တင်ဝင်းရဲ့
ကိုယ့်ဆရာသမားအပေါ် လိမ်လည်မှုကြီးက မပြီးနိုင်သေးဘူးကွ။ ဘုန်းဘုန်းထောင်ကလွတ်လာတော့မှ
တဖြည်းဖြည်းချင်း ထပ်သိလာရတယ်။
ဘုန်းဘုန်းရဲ့
မိခင်စာသင်တိုက် (ကျောက်ဆည်)ကို သွားပြီးသင်္ကန်း အလှူခံသတဲ့။ ဘုန်းဘုန်းတပည့်ဖြစ်ကြောင်း
ထောင်ထဲမှာ အတူနေရကြောင်း၊ ဘုန်းဘုန်းက လွှတ်လိုက်တာ ဖြစ်ကြောင်းပြောပြီး ငွေနဲ့သင်္ကန်း
အလှူခံတော့ သူငယ်ချင်းတွေက အထောက်အထားတောင်းပါလေရော။ သူကလည်း ထောင်ထဲတုန်းက ဘုန်းဘုန်းဆီကငှားပြီး
ပြန်မပေးဘဲ ယူထားတဲ့စာအုပ်တစ်အုပ်ကို ပြပါလေရော။ ဒါနဲ့ ယုံကြည်ပြီး သင်္ကန်းလှူလိုက်တယ်
ဆိုပါတော့။
သူက ဘုန်းဘုန်းဆီက
စာအုပ်တောင်းတာ အကြံနဲ့ တောင်းတာကိုး။ ဘုန်းဘုန်းလည်း ထိပ်တည့်တည့် အချခံရတာတောင် ချက်ချင်းမသိခဲ့ဘူး။
အတော်ကြာမှသိရတာ။
နောက်တော့
ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင် သစ္စဝေဒဂူကျောင်းသွားပြီး ထပ်လိမ်သေးတယ်။ အောင်မြင်သွားတယ်ကွ။
ဘုန်းဘုန်းက စာရေးပြီး အကူအညီတောင်းတဲ့ပုံစံမျိုးနဲ့ စာပြပြီး သွားလိမ်တာ။ ငွေနှစ်သိန်း၊
သုံးသိန်း ရသွားတယ်ဆိုပဲ။
သစ္စဝေဒဂူဆိုတာ
ဘုန်းဘုန်းနဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေမှာ အလုပ်အတူတွဲလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုး။
ရဟန်းအချင်းချင်း လိမ်မယ်လို့လည်း မထင်နိုင်ဘူးလေ။
နောက်တစ်ခါ
ထပ်ကြားရ သေးတယ်။ သီတဂူကြယ်တစ်ပွင့် အရှင်ပညာနန္ဒဆီသွားလိမ်တာ။ ဟိုက လူပုံကြည့်ပြီး
စစ်ဆေးမေးမြန်းလိုက်တော့ ကြောက်သွားပုံရတယ်။ ဆက်မလိမ်ရဲတော့ဘူး။ ဒါနဲ့ ငေါက်လွှတ်လိုက်တယ်လို့
အရှင်ပညာနန္ဒ ပြန်ပြောပြမှ သိရတာ။
မျက်နှာကလည်း
မျောက်မျက်နှာနဲ့။ အသားအရေကလည်း မွဲခြောက်ခြောက်၊ ခန္ဓာကိုယ်ကလည်း ပိန်လှီနေတာ။ ပုံစံကြည့်တော့လည်း
ရောဂါသည်(ရှူနာရှိုက်ကုန်း) အကြံ ဉာဏ်တွေကတော့ အထွက်သား။ ဆရာသမားအပေါ်လည်း မညှာမတာဆော်သကွ။
ဘုန်းဘုန်း
ထောင်ကလွတ်လာပြီး တော်တော်ကြာတော့ သူကဘုန်းဘုန်းဆီ ဖုန်းဆက်တယ်ကွ။ ဘုန်းဘုန်းက ပြောလိုက်တယ်။
ဖိုးတွမ်တီး လူမထွက်သေးဘူးလား။ သင်္ကန်းကြီးနဲ့ လိုက်လိမ်နေဦးမှာလားမေးပြီး မင်း ငါ့အပေါ်
လုပ်ရက်သားပဲလို့ ပြောတော့ ဘုန်းဘုန်း မြစ်ကြီးနားထောင်မှာရှိနေတုန်းက အဝေးကြီးကနေလာပြီး
ရိက္ခာတွေလာပို့သေးတဲ့အကြောင်း သူကပြန်လျှောက်ပါတယ်။ ဦးသီလာစာရ ပေးတဲ့ရိက္ခာတွေကိုပဲ
သူ့ရိက္ခာလိုလို လိမ်သေးတာ။
မကျေနပ်တာလည်း
မကျေနပ်တာပဲပေါ့။ တိုင်လည်း မတိုင်ချင်တော့ပါဘူး။ ထောင်ကျလည်း နောင်တရမည့် ကောင်မျိုး
မဟုတ်တော့ အကုသိုလ်ပဲ အဖတ်တင်မှာမို့ တပည့်ကျော်ကြီး ၂၉၅ ကို မေ့ပစ်လိုက်ရပါတယ်။
သူနဲ့ပတ်သက်ပြီး
ဘုန်းဘုန်း ကံကောင်းသွားတာတစ်ခုရှိသေးတယ်။ သူ အိုးဘိုထောင်မှ လွတ်ခါနီးမှာ ထောက်ခံစာ
ရေးပေးဖို့ သူကလျှောက်လာသေးတယ်။ ဘုန်းဘုန်း တပည့်ဖြစ်တဲ့အကြောင်း အတူနေရ သူဖြစ်ကြောင်း
စာတိုလေးရေးပြီး လက်မှတ်ထိုးပေးပါလို့ လျှောက်ထားလာတာပါ။
သူက ဘာဏကကျောင်းထွက်
ဆိုတာတော့ ယုံလို့ရတယ်။ ဒါပေမဲ့ ထောင်ထဲရောက်မှ သိကြရတာ။ သူဘာအမှုနဲ့ ကျလာတတယ်ဆိုတာလည်း
မသိရဘူး။ ထောင်ကလွတ်ရင် ဘာတွေလုပ်မယ် ဆိုတာလည်း မသိရဘူး။ တကယ်လို့ ရေးပေးလိုက်ရင် ဒီလက်မှတ်ကြီးနဲ့
လျှောက်လိမ်နေရင် ခက်မယ်ဆိုတဲ့ အတွေးနဲ့ ရေးမပေးလိုက်မိတာ။ သစ္စဝေဒဂူကို စာအတုသွားပြကြောင်း
သိရတော့မှ ဒင်းကအကြံနဲ့ကိုးလို့ မှတ်ချက်ချမိသွားတာ။ စာရေးမပေးလိုက်တာ အတော်ကံကောင်းသွားတယ်။
သို့မဟုတ်ရင်တော့ ဘုန်းဘုန်းနဲ့ ပတ်သက်သမျှ ရဟန်းရှင်လူ ပြည်သူတွေ ခံပေရော့နေမှာပဲ။
အခုလောက်ဆိုရင်
ငယ်ဖြူရဟန်းပျိုတွေ ထောင်ထဲမှာတွေ့ကြုံ ခံစားနေရတဲ့ ဘဝဒုက္ခအဖုံဖုံကို အပြည့်အစုံ မဟုတ်တောင်မှ
အတော်လေး အားရကျေနပ်နိုင်လောက်အောင် ပြောပြပြီးပြီလို့ ဆိုရမယ်။ အပြည့်အစုံ မဟုတ်တာကိုတော့
ဝန်ခံရမယ်။ ဘာကြောင့် လဲဆိုတော့ ဘုန်းဘုန်းတို့ တိုက်ဝင်းထဲကို ရောက်မလာတဲ့'၂၉၅'တွေ
အများကြီးကျန်သေးလို့ပါပဲ။
တချို့ ဇာတ်မြှုတ်နေကြတာတွေ
ရှိသလို တချို့ကို သနားစရာအဖြစ်သာ မြင်တွေ့ရတာ။ သူတို့နေရထိုင်ရ စားရသောက်ရ တွေ့ကြုံ
ခံစားရတာတွေကို လေ့လာကြည့်ရှုခွင့်၊ တွေ့မြင်သိရှိခွင့် မရလို့ပါပဲ။
အိပ်ဆောင်တွေမှာ
စီးပွားရေး သမားတွေနဲ့ပေါင်းပြီး နံပါတ်ဖိုးကုန်ကူးလို့ မူးယစ်ဆေးမှုနဲ့ ကျလာတဲ့ စီးပွားဖြစ်ရဟန်းပျိုတွေ
ရှိသလို၊ စီးပွားရေးသမားတွေက အယောင်ပြ အသုံးချခဲ့လို့ ဘုမသိ၊ ဘမသိနဲ့ ထောင်ထဲရောက်လာတဲ့
ရဟန်းပျိုတွေလည်း ရှိတယ်။ သူတို့ကတော့ နှစ်တွေအများကြီး ကျတာ။ နှစ်ကြီး သမားတွေပေါ့။
သူတို့အကြောင်းကိုတော့ ဘုန်းဘုန်းက လေ့လာခွင့် မရနိုင်ဘူးလေ။ ဒါကြောင့် မပြည့်စုံသေးဘူးလို့
ပြောခဲ့ခြင်းဖြစ်တယ်။
ဝီရသူ(မစိုးရိမ်)
(ဆက်လက်ဖော်ပြပါမည်)
4.2.2017
- အတုမရှိဂျာနယ် အတွဲ(၃) အမှတ်(၂၀)

No comments:
Post a Comment