Wednesday, March 22, 2017

'' အမေရိကန် သံရုံးမှ သံအရာရှိများ မဘသ(ဗဟို)သို့ လာရောက်တွေ့ဆုံ ''


'' အမေရိကန် သံရုံးမှ သံအရာရှိများ မဘသ(ဗဟို)သို့ လာရောက်တွေ့ဆုံ ''
@@@@@@@@@@@@@@@@@@@@@@@

၁၃၇၈ ခု၊ တပေါင်းလပြည့်ကျော် (၁၀)ရက် (၂၂-၃-၂၀၁၇ ခု ဗုဒ္ဓဟူးနေ့)
အမေရိကန်သံရုံး တာဝန်ရှိသူများဖြစ်ကြသည့် နိုင်ငံရေးဆိုင်ရာအရာရှိ Mr Sean Smith၊ Mr David Galbraith၊ Hanna Kim နှင့် R. C Birthyတို့သည် ယနေ့ နံနက် ၁၀ နာရီတွင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၊ မဘသ(ဗဟို)ရုံးသို့ လာရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Mr David Galbraith နှင့်အဖွဲ့အား မဘသ(ဗဟို) ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ငါးကျမ်းပြန်ဆရာတော် ဒေါက်တာအရှင်ဓမ္မပိယက လက်ခံတွေ့ဆုံခဲ့ပြီး အမေရိကန်သံရုံး တာဝန်ရှိသူများ၏ မေးမြန်းမှုများအားဆရာတော်က တာဝန်ခံ ဖြေကြားပေးခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ဝေဖန်မှုများ မြင့်တက်လာခဲ့သည့် ဆရာတော်ဦးဝီရသူ၏ သတင်းများနှင့် ပတ်သက်၍ မဘသအဖွဲ့ကြီး၏ သဘောထားကို အမေရိကန် သံရုံးတာဝန်ရှိသူများက မေးမြန်းခဲ့ရာတွင် သက်ဆိုင်ရာ အကြောင်းကိစ္စတစ်ခုနှင့်ပတ်သက်၍ တစ်စုံတစ်ဦး တစ်ယောက်၏ ထုတ်ဖော်ပြောဆိုမှုက မဘသအဖွဲ့ကြီး တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ကြောင်း၊ ရှေ့နေဦးကိုနီ သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ ဆရာတော်ဦးဝီရသူ၏ ပြောဆိုချက်မှာ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် သူ၏ ကိုယ်ပိုင်အမြင်တစ်ခုကိုသာ ချပြခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ဒေါက်တာ အရှင်ဓမ္မပိယက ဖြေကြား သွားခဲ့သည်။
ထို့အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် ဆရာတော် ဦးဝီရသူအား တရားဟောခွင့်ပိတ်ပင်ခဲ့ခြင်းမှာ ပါရာဇိကသိက္ခာပုဒ်များနှင့် သက်ဆိုင်ခြင်းလုံးဝမရှိကြောင်း မန္တလေးတိုင်းဒေသကြီးရှိ သံဃနာယကအဖွဲ့မှ ထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း ဖြေကြားသွားခဲ့သည်။
အမေရိကန်သံရုံး တာဝန်ရှိသူများ၏ မေးမြန်းမှုများအား ဆရာတော်က ဖြေကြားခဲ့ပြီးနောက် သက်ဆိုင်ရာ သံရုံးအနေဖြင့်လည်း အမေရိကန်နိုင်ငံတွင်သာမက နိုင်ငံတကာမျက်နှာစာတွင် မဘသအဖွဲ့နှင့် ပတ်သက်သည့် သတင်းအမှန်များကို တတ်နိုင်သမျှ ဖြေကြားပေးလျက် ရှိသည်ဟု လျှောက်ထားသွားခဲ့သည်။






No comments:

Post a Comment