မိခင်ရင်ခွင်သို့ အလည်တစ်ခေါက်
===================
တန်ဆောင်မုန်းလ္ဆန်း(၁၀)ရက်၊
24.11.2016 မနက် ၁၀း၀၀ နာရီမှာ ပရိယတ္တိသာသနဟိတအသင်းကြီး တည်ရှိရာ ၃၅×၈၅ လမ်းထောင့်ရှိ
ဦးလှသိန်းဗိမာန်သို့ ရောက်ရှိခဲ့ပါတယ်။
ကားပေါ်ကဆင်းတာနဲ့
အသင်းလူကြီးများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေကြတာ တွေ့ရပါတယ်။ အထိမ်းအမှတ်ယပ်တောင်
ဆက်ကပ်တဲ့အခါ စာရေးသူရဲ့အောင်စဉ်အမှတ်က နံပါတ်(၃) ဖြစ်နေပါတယ်။
စာရေးသူက
သတိမထားမိပေမဲ့ အသင်းဒကာကြီးက အောင်စဉ်အမှတ်(၁)ကို (၃)နဲ့ လွဲပြီးရေးမိကြောင်း လျှောက်ထားပြီး
တောင်းပန်ပါတယ်။ စာရေးသူက သတိမထားမိပါဘူး။ အမြှီးလေးဖျက်လိုက်ရင်ရပါတယ်ဗျာ--ဟု စလိုက်ပါသေးတယ်။
အသင်းဒကာကြီးတွေက ပြန်ပြင်ပေးပါတယ်။
ဆရာတော်ကြီးများနားနေဆောင်ကို
ရောက်တဲ့အခါ ပရိယတ္တိအကျော်အမော် ဆရာတော်ဘုရားများကို ဖူးမြော်ပူဇော်ခွင့်ရလိုက်ပါတယ်။
မင်္ဂလာရှိသော နေ့ထူးနေ့မြတ်တစ်ခုပါ။
မန္တလေးတိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ
မစိုးရိမ်တိုက်ကြီး ပါဠိနယူပဒေသကျောင်းဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသက စာရေးသူအား ပိဋကသုံးပုံဆော့ဖ်ဝဲလ်လာ
ပသယှ/အပသယှ/အသယှ ပုဒ်နှင့်ပတ်သက်ပြီး ရှင်းပြပါတယ်။ စာရေးသူရေးတဲ့ သာသနာ့မိခင်ကြီးအမည်ရှိ
လက်ကမ်းစာစောင်လေးမှာပါတဲ့ ဂါထာကိုရည်ရွယ်တာပါ။
ဗန်းမော်ဆရာတော်ကြီးနှင့်
မိုးတားဆရာတော်ကြီးတို့ကို သွားဦးချတော့ ဆရာတော်ကြီးနှစ်ပါးက ၀မ်းသာအားရ နှုတ်ဆက်ကြပါတယ်။
မိုးတားဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသက သက်တော်(၈၄) နှစ်ရှိပါပြီ။ အင်တာနက်လည်းသုံးပါတယ်။
အင်းတာနက်သုံးမှ သတင်းစုံတာကွဟု မိန့်ပါတယ်။ စာရေးသူရဲ့ ဖေ့ဘွတ်ခ်သတင်းများကိုလည်း
အားပေးတော်မူပါတယ်။မိုးတားဆရာတော်ဆရာတော်ကြီးအား စာရေးသူအပေါ် ကျေးဇူးကြီးမားတော်မူကြောင်း
လျှောက်ထားခဲ့ပါတယ်။
ဗန်းမော်ဆရာတော်ကြီးကတော့
နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးလည်းဖြစ် သကျသီဟအသင်းကြီးရဲ့ ၀ဋံသကာ ရွှေတံဆိပ်ဆုရှင်လည်းဖြစ်လို့
ထပ်ဆင့်ဂုဏ်ပြုပွဲတက်ရတာ ၀မ်းသာပျော်ရွှင်နေပုံရပါတယ်။ ၀ဋံသကာဆရာတော်နှစ်ပါးနှင့် ၀ဋံသကာ
လူပျံတော်နှစ်ဦး တက်ရောက်တယ်ကွဟုလည်း မိန့်တော်မူပါတယ်။
စာရေးသူရဲ့
ငယ်ဆရာ ကျောက်ဆည်မြို့ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသလည်း
တက်ရောက်တော်မူပါတယ်။ ငယ်ဆရာအား ဖူးမြော်ပူဇော်ရင်း ငယ်ဆရာရဲ့ ဘယ်ဘက်ဘေးမှာ ထိုင်နေတဲ့
မစိုးရိမ်တိုက်သစ် နာယကဟောင်းလည်းဖြစ် စာရေးသူရဲ့ စာချဆရာလည်းဖြစ်တဲ့ ၀ိဘဇ္ဇ၀ါဒီစာသင်တိုက်
ပဓာနနာယကဆရာတော် ဘဒ္ဒန္တ၀ိလာသာဘိဝံသအား ဖူးမြော်ပူဇော်ပါတယ်။
ဆက်လက်ပြီး
ဆွမ်းစားဆောင်မှာ နေ့ဆွမ်းစားကြပါတယ်။ မစိုးရိမ်တိုက်သစ်နာယကဆရာတော်လေးများဖြစ်တဲ့
ဘဒ္ဒန္တသူရိယာဘိဝံသ၊ ဘဒ္ဒန္တဇနကာဘိဝံသ၊ ဓမ္မိကာရာမတိုက် ဗိုလ်ကျောင်းဆရာတော်လေး ဘဒ္ဒန္တသုစိတ္တာဘိဝံသတို့နှင့်အတူဆွမ်းစားကြပါတယ်။
ဗိုလ်ကျောင်းဆရာတော်လေးဆိုတာ စာရေးသူတို့အိုးဘိုမှာနေကြစဉ် အမြဲတမ်းထောက်ပံ့ပေးခဲ့သော
စာချအကျော် ဆရာတော်လေးဖြစ်ပါတယ်။ ဆွမ်းစားနေစဉ် အသင်းဒကာကြီးများက လာရောက်နှုတ်ဆက်ကြပါတယ်။
ပျော်စရာကောင်းတဲ့နေ့တစ်နေ့ပါ။ အသင်းဒကာကြီးတစ်ဦးကတော့ စာရေးသူအပေါ် ကာယကံ ၀စီကံနှင့်
ပြစ်မှားမိသည်များကို ၀န်ချတောင်းပန်နေပါတယ်။ စာရေးသူက ကျန်းမာချမ်းစေကြောင်း ဆုမွန်ကောင်းတွေပေးလိုက်မိပါတယ်။
အွန်လိုင်းအင်သတင်းများကို အဟုတ်ထင်ပြီး စာရေးသူကို ပြစ်မှားမိပုံရပါတယ်။
နေ့ဆွမ်းစားပြီးတဲ့အခါ
တောင်ကြီးမဘသဆရာတော် ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသနှင့် ရေနွေးအတူသောက်ပြီး အသင်းတိုက်ကြီးရဲ့
အပေါ်ဆုံးထပ်သို့ တက်ခဲ့ကြပါတယ်။ ငယ်စဉ်က စာဖြေခဲ့တဲ့နေရာ ငယ်စဉ်က စာအောင်ဆုတွေရယူခဲ့တဲ့နေရာ
စာအောင်ပဒေသာပင်တွေ မဲပေါက်တဲ့နေရာ ရှေးဟောင်းနှောင်းဖြစ် ပြောဆိုမိကြတာပါ။
အသက်(၈၃)နှစ်အရွယ်
ဝဋံသကာ ရွှေတံဆိပ်ဆုရှင် ဗိုလ်ကြီးကျော်နိုင်နဲ့တွေ့ပါတယ်။ ကျန်းမာရေးကောင်းသော်လည်း
အကြားအာရုံနည်းသွားပါပြီ။ ဗိုလ်ကြီးကျော်နိုင်က ၁၃၁၇ ခု/၁၉၅၇ ခုနှစ်မှာ (၈)ပါးမြောက်
ဝဋံသကာရခဲ့တဲ့ ဘဒ္ဒန္တကစ္စာယနာဘိဝံသဖြစ်ပါတယ်။ စာရေးသူရေးတဲ့ သေနေ့မင်္ဂလာတရားတော် စာအုပ်လေး
လက်ဆောင်ပေးလိုက်ပါတယ်။
အခမ်းအနားမစတင်ခင်
ဘီးတပ်ကုလားထိုင်နှင့်ကြွလာသူ စစ်ကိုင်းမြို့ မိဂဒါဝုန်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ၀ရာဘိဝံအား
ဖူးမြော်ပူဇော်ပါတယ်။ ဆရာတ်ာကြီးက သက်တော်(၇၁) နှစ်ရှိပါပြီ။ ကျန်းမာရေးမကောင်းရှာပါ။
စာရေးသူရဲ့ ရဟန်းဒကာ ဒကာမများရဲ့ ဇာတိရွာကဖြစ်ပါတယ်။
အဲဒီနောက်
စာရေးသူရဲ့ငယ်ဆရာ ဘဒ္ဒန္တဇနိတာဘိဝံသအား ဖူးမြော်ပူဇော်ပြီး မိုးကောင်းကျောင်းတိုက် သိန်းသန်းဆရာတော်ကြီးအား
ဖူးမြော်ချင်တယ်ဆို၍ လိုက်ပို့ခဲ့ပါတယ်။ နေရာအခက်အခဲကြောင့် စာရေးသူက လက်အုပ်ချီပြီး
မတ်တပ်ရပ် ပူဇော်နေရပါတယ်။
ရန်ကုန်မြို့
ဗဟန်းညောင်တုန်းကျောင်းတိုက်မှ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသအား ဖူးမြော်နှုတ်ဆက်လိုက်ပါတယ်။
ဘ၀တက္ကသိုလ်ကျောင်းတော်ကြီးမှ ပြန်လာချိန်မှစ၍
အခုတစ်ခါပဲ တွေ့ဆုံနှုတ်ဆက်ခွင့်ရတာပါ။ စာရေးသူအပေါ် အမြင်မကြည်မှန်းသိသော်လည်း တာဝန်ဝတ္တရားရှိသည့်အတိုင်း
ဆရာသမားလို သဘောထားပြီး ရှိခိုးနှုတ်ဆက်လိုက်တာပါ။ လက်ရှိအသင်းဥက္ကဋ္ဌကြီး ဦးရှမ်းက ဆရာတော်ဦးနာရဒရဲ့
ရဟန်းဒကာ ကျောင်းဒကာဖြစ်သလို စာရေးသူရဲ့ဆွမ်းဒကာလည်းဖြစ်ပါတယ်။ ဒကာကြီးဦးရှမ်းကတော့
စာရေးသူက NLDကို မထောက်ခံလို့ ပို့နေကျဆန်ပြုတ်ကလေး ရုပ်သိမ်းသွားတဲ့ ဒကာကြီးပါ။ သူနဲ့အတူ
ပဒေသာပင်အလှူရှင် ဆွမ်းဒကာ ဒကာမတွေလည်း စာရေးသူကို သပိတ်မှောက်သွားကြပါတယ်။ ဒကာကြီးဦးရှမ်းတို့မိသားစုနှင့်
တွေ့ဆုံနှုတ်ဆက်ခွင့်ရခဲ့ပေမဲ့ ပဒေသာပင်အလှူရှင် ဆွမ်းဒကာ ဒကာမ မိသားစုကိုတော့ မတွေ့ခဲ့ရပါဘူး။
ဝဋံသကာရွှေတံဆိပ်ဆုရှင်
နောက်တစ်ဦးဖြစ်တဲ့ ဦးသောင်းလွင်(အရှင်သုမန BA ၀ဋံသကာ)က အခမ်းအနားစမှရောက်လာလို့ နှုတ်ဆက်ခွင့်မကြုံလိုက်ပါဘူး။
ဦးသောင်းလွင်ဟာ ၁၃၁၄ ခုနှစ်/၁၉၅၂ ခုနှစ်မှာ လေးပါးမြောက် ၀ဋံသကာရွှေတံဆိပ်ဆုရှင် ဘဒ္ဒန္တသုမနာဘိဝံသဖြစ်ပါတယ်။
အရှင်သုမန(BA ၀ဋံသကာဆိုရင် အင်္ဂလိပ်စာလေ့လာသူတိုင်း သိကြပါတယ်။ နည်းသစ်အင်္ဂလိပ်သဒ္ဒါစာအုပ်ကို
ရေးသားပြုစုခဲ့သူပါ။ စာရေးသူ အိုးဘိုမှာနေရစဉ် ၄င်းစာအုပ်ကို ၀တ္ထုလိုဖတ်လိုက်၊ ဆောင်းပါးလိုမှတ်လိုက်၊
ပြဋ္ဌာန်းစာလို လေ့ကျင့်ခန်းလုပ်လိုက်နှင့် အခေါက်ခေါက် အခါခါ လေ့လာဖြစ်ခဲ့ပါတယ်။
အခမ်းအနားမှာ
ဗန်းမော်ဆရာတော်ကြီး၊ ဆင်မင်းဆရာတော်ကြီး၊ သိန်းသန်းဆရာတော်ကြီးတို့ သီလပေး တရားဟော
ရေစက်ချ ချီးမြှောက်တော်မူပါတယ်။
အခမ်းအနားစပြီး
မကြာခင်မှာ မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်အဖွဲ့ ရောက်လာကြပါတယ်။
အခမ်းအနားအပြီးမှာ ဒေါက်တာဇော်မြင့်မောင်က စာရေးသူရဲ့ငယ်ဆရာ ဘဒ္ဒန္တဇနိတာဘိဝံသအား ဖူးမြော်ပူဇော်နေတာတွေ့ရပါတယ်။
ဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသက မန္တလေးမှာနေစဉ် ဒေါက်တာဇော်မြင့်မောင်တို့အိမ်မှာ ဆွမ်းခံကြွခဲ့သူဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်တို့ ငယ်စဉ်ကလေးဘ၀ကတည်းက ဆွမ်းခံကြွခဲ့တာဖြစ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းများလည်း
ပို့ချပေးခဲ့သူဖြစ်ပါတယ်။ စာရေးသူနဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့က ဆရာတူတပည့်တွေဖြစ်ပေမဲ့
နိုင်ငံရေးမှာတော့ အမြင်မတူသူတွေလို့ ဆိုရမှာပါ။
အခမ်းအနားအပြီးမှာ
လှူဖွယ်ဝတ္ထုများ လောင်းလှူကြပါတယ်။ တစ်ပါးချင်းစီ အောင်မြင်သည့်ခုနှစ်နှင့် အောင်စဉ်နံပါတ်
ဘွဲ့အမည်အလိုက် တန်းစီပြီး လောင်းလှူကြတာပါ။
စာရေးသူအောင်တာက
၁၃၆၁ ခု(၁၉၉၉)ခုပါ။ အောင်မြင်သူ(၆)ပါးရှိပြီး စာရေးသူက အောင်စဉ်နံပါတ်(၁) ပထမ အမှတ်အများဆုံးနဲ့
အောင်မြင်ခဲ့တာပါ။ စာရေးသူတို့ (၆)ပါးလုံး သာသနာ့ဘောင်မှာ တာဝန်ကိုယ်စီ ထမ်းဆောင်နေကြပြီဖြစ်သော်လည်း
တစ်ပါးနှင့်တစ်ပါး ထိတွေ့ခွင့်သိပ်မရကြပါ။ အခမ်းအနားသို့ (၅)ပါးသာတက်ပြီး မိုးကောင်းတိုက်
ဦးပညာသီဟာဘိဝံသက တောရဆောက်တည်နေလို့ အခမ်းအနားမတက်ဖြစ်ပါ။ ဦးပညာသီဟာဘိဝံသဟာ စာရေးသူနဲ့
တရားဆွေးနွေးဘက်ဖြစ်ပြီး စိန်ပန်းမဟာစည်ဆရာတော် ဘဒ္ဒန္တပညာဝံသာဘိဝံသရဲ့ တပည့်ယောဂီလည်းဖြစ်လို့
စာရေးသူနဲ့ ပဋိပတ္တိမှာ ဆရာတူတပည့်ဖြစ်ပါတယ်။
အခမ်းအနားသို့
တက်ရောက်လာသူတိုင်းကို စာရေးသူရေးတဲ့ သာသနာ့မိခင်ကြီး လက်ကမ်းစာအုပ်လေး လှူဒါန်းပါတယ်။
ကုသိုလ်ရှင်ကတော့ မန်းမြို့ဈေး ရွှေမန်းမေအထည်ဆိုင် ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ မိသားစုဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကို အိုးဘိုတက္ကသိုလ်မှာ ရေးခဲ့တာပါ။ ရာပြည့်ပွဲအမီရေးသားခဲ့သော်လည်း
အကျဉ်းသားရဲ့စာမူကို အထူးထုတ်မဂ္ဂဇင်းမှာ ထည့်ခွင့်မရခဲ့လို့ အခုမှပဲ တိုက်တိုက်ဆိုင်ဆိုင်
ဓမ္မဒါနပြုခွင့်ရခဲ့တာပါ။ အသင်းလူကြီးများက စာအုပ်လေးဖတ်ရကြောင်း၊ သဘောကျကြောင်း လျှောက်ထားကြပါတယ်။
အခမ်းအနားတစ်ခုလုံး
ပင်နီတွေလွှမ်းခြုံနေတာတွေ့ရမှာပါ။ နိုင်ငံရေးပင်နီမဟုတ်ပါ။ အမျိုးသားရေးပင်နီဖြစ်ပါတယ်။
အသင်းဝတ်စုံ ပင်နီကို စတင်ဝတ်ဆင်လာတာ နှစ်ပေါင်း(၁၀၀)ကျော်ရှိပါပြီ။ အမျိုးသားရေးလက္ခဏာစစ်စစ်
ပင်နီဝတ်စုံများကိုမြင်ရတာ အင်မတန်စိတ်ချမ်းသာစရာကောင်းပါတယ်။
ဝဋံသကာနှင့်
အဘိဝံသ ထပ်ဆင့်ဂုဏ်ပြုပွဲကြီးကား ပြီးဆုံးသွားခဲ့ပါပြီ။ ဆရာတော်ကြီးများအား ဒူးတုပ်ပူဇော်ခဲ့ခြင်းကြောင့်
ပေါင်ကြောတွေ နာကျင်ခဲ့တာ သုံးရက်ကြာပါတယ်။ ညီတော်နောင်တော်များကတော့ နှစ်စဉ်နှစ်တိုင်း
မိခင်ရင်ခွင်ကို ခိုလှုံချင်ကြကြောင်း တစ်ဖွဖွပြောရင် တသသလွမ်းနေကြပါတယ်။
သာသနာ့မိခင်ကြီး
ကျန်းမာရေးကောင်းမွန်ပါစေ။ အသက်ရှည်ပါစေ။ မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ဆက်လက်မွေးဖွားပေးနို်င်ပါစေ။
ဦးပဉ္စင်း
ဝီရသူ-မစိုးရိမ်
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း
နာယက၊
မစိုးရိမ်တိုက်သစ်၊
မန္တလေးမြို့။
No comments:
Post a Comment