Sunday, January 3, 2016

“မဘသ (ဗဟို) ၆၈-နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာ”



၆၈-နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲအတွက် မြန်မာနိုင်ငံသူ နိုင်ငံသား၊ ရဟန်းရှင်လူ ပြည်သူအားလုံးသို့ ပေးပို့အပ်သော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ သဝဏ်လွှာ

နတ်တော်လပြည့်ကျော် ၉-ရက်၊ ၁၃၇၇-ခု၊ (ဇန်နဝါရီလ ၄-ရက်၊ ၂၀၁၆) တနင်္လာနေ့

ယခု ကျရောက်သည့် နတ်တော်လပြည့်ကျော် ၉-ရက်၊ ၁၃၇၇-ခု၊ ဇန္နဝါရီလ ၄-ရက်၊ ၂၀၁၆-ခု၊ တနင်္လာနေ့သည် ၆၈-နှစ်မြောက် မြန်မာ့လွတ်လပ်ရေးအောင်ပွဲ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ ၁၈၈၅-ခုနှစ်မှ ၁၉၄၇-ခုနှစ်အထိ နှစ်ပေါင်း ၆၂-နှစ်လုံးလုံး တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာပါ သူ့ကျွန်အဖြစ် နေခဲ့ရခြင်းမှ လွတ်မြောက်သော နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။

သန္ဓေယူခါ၊ ဆယ်လာကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။ (မြတ်ဗုဒ္ဓ သန္ဓေယူခန်းလင်္ကာ လယ်တီဆရာတော်)
ယခု ၆၈-ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနှစ်သည် မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်ကြုံ ဆိုသည့် မြတ်ဗုဒ္ဓဖွားမြင်တော်မူသော မဟာသက္ကရာဇ် ခုနှစ်နှင့်လည်း တိုက်ဆိုင်နေခြင်းကြောင့် တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာအတွက် ထူးခြားကြီးမြတ်သောနှစ် ဖြစ်နိုင်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ နတ်လူအောင်မြို့ လမ်းပါကို ဆိုသည့်အတိုင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မုတိနတ် အစိုးရမင်းများနှင့် တိုင်းသူပြည်သား လူအများအတွက် တိုးတက်အောင်မြင်ရေးလမ်းစများ ပွင့်လင်းလာမည့် အောင်နိမိတ်ဟုလည်း ဆိုရမည် ဖြစ်ပါသည်။

ယခု ၆၈-ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့မှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး
တိုင်းပြည်နှင့် လူမျိုးအတွက် မြန်မာ့လွတ်လပ်ရေး ထာဝစဉ် တည်တံ့ခိုင်မြဲအောင် အတူလက်တွဲဆောင်ရွက်နိုင်ပါစေကြောင်း၊
စစ်မှန်သော ချစ်ခြင်းတရားဖြင့် ပြည်ထောင်စု၏ အနာဂတ်ကို အောင်မြင်အောင် ပုံဖော်ထုဆစ်နိုင်ပါစေကြောင်း၊ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ကြီး (ဗဟို)က မေတ္တာစကား သဝဏ်လွှာပါးအပ်ပါသတည်း။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ၊

ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

No comments:

Post a Comment