နန္ဒ
ရန်ကုန်- မဘသဦးဆောင်ဆရာတော်ကြီးများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦးနှင့်အဖွဲ့က ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မဘသ(ဗဟို) ရုံးတည်ရှိရာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်သို့ လာရောက်တွေ့ဆုံ ဂါရဝပြုကြောင်း မဘသ(ဗဟို)က သတင်းထုတ်ပြန်သည်။
ဒီချုပ်နာယကနှင့်အဖွဲ့ကို မဘသ(ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မဘသ(ဗဟို) အတွင်းရေးမှူး မြစေတီဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိနှင့် မဘသ(ဗဟို)ဦးဆောင်ဆရာတော်များဖြစ်သည့် မဇ္ဈိမဂုဏ်ရည် ဒေါက်တာအရှင်ကောဝိဒ၊ ဒေါက်တာအရှင်သောပါကတို့က လက်ခံတွေ့ဆုံကြောင်း မဘသက ထုတ်ပြန်သည်။
“မြစေတီဆရာတော်ကြီးနှင့် မဇ္ဈိမဂုဏ်ရည်ဆရာတော်တို့ကလည်း မဘသဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားတော်မူကြောင်း၊ မဘသ၏လုပ်ရပ်က တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာအတွက် လုပ်နေတာဖြစ်ကြောင်း၊ အဖွဲ့ချုပ်လုပ်နေတဲ့ နိုင်ငံရေးဦးတည်ချက်များကို ထိခိုက်နစ်နာတယ်ဆိုရင် အချိန်မရွေးပြောဖို့ ထပ်မံဖိတ်မန္တက ပြုလိုက်ပါသေးသည်”ဟု မဘသ(ဗဟို)၏ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အင်းစိန်ရွာမဆရာတော်ကြီးက မဘသဆောင်ရွက်မှုနှင့်ပတ်သက်၍ မရှင်းတာရှိရင်မေးနိုင်ကြောင်း၊ မဘသဘက်က လွန်တာရှိရင်လည်း တိုက်ရိုက်ပြောနိုင်ပါကြောင်းဖြင့် မေးမြန်းမှုကိုဖိတ်ခေါ်ရာ ဦးတင်ဦးက မေးစရာမရှိကြောင်း လျှောက်ထားသွားသည်ဟု မဘသ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်သည်။
“နာယကကြီးကလည်း ဒီချုပ်နဲ့ပတ်သက်ပြီး မိန့်ချင်တာရှိရင် အချိန်မရေးခေါ်ပါဘုရားလို့ ဆရာတော်ဘုရားတွေကို ပြန်ပြီးလျှောက်ထားခဲ့ပါတယ်”ဟု ဦးတင်ဦးနှင့်လိုက်ပါခဲ့သူ ဦးစိုးဝင်းက ပြောကြားသည်။
“ဆရာတော်ကြီးတွေကို စုံစုံလင်လင်ဖူးခွင့်ရတာ ဒါ ပထမဆုံးပါပဲ”ဟု ဦးတင်ဦးနှင့် လိုက်ပါခဲ့သူ ဦးစိုးဝင်းက ပြောသည်။ မဘသနှင့် အင်န်လယ်လ်ဒီတို့ရဲ့ တွေ့ဆုံမှုဟာ ၂၀၁၆ ရဲ့ နှစ်သစ်မင်္ဂလာနေ့မျာ မင်္ဂလာရှိသော တွေ့ဆုံမှုဖြစ်ကြောင်း မဘသက ထုတ်ပြန်သည်။
ဦးတင်ဦးသည် အထက်မြန်မာပြည် မဘသဦးဆောင်ဆရာတော် ဦးဝီရသူကိုလည်း ယမန်နှစ်က မန္တလေးမြို့သို့ သွားရောက်ဖူးမြော်ခဲ့သေးသည်။
2.1.2015 - 7 Day Daily
2.1.2015 - 7 Day Daily


No comments:
Post a Comment