Tuesday, December 29, 2015

“မြန်မာလူငယ်နှစ်ဦးအမှုအား အစိုးရက သာမန်အမှုသဖွယ် သဘောထားနေဟု ဦးဝီရသူဆို”


မန္တလေး၊ ဒီဇင်ဘာ ၂၈
ကျော်ဝေမင်း
ထိုင်းနိုင်ငံတွင် သေဒဏ်ပေးခံထားရသည့် မြန်မာလူငယ်နှစ်ဦးအမှုအား မြန်မာအစိုးရတာဝန်ရှိသူများက သာမန်အမှုသဖွယ် သဘောထားနေကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဆရာတော်ဦးဝီရသူက မိန့်ကြားလိုက်သည်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရဌာနီခရိုင်၊ ခိုတောင်ကျွန်းရှိ ခရီးသွားအပန်းဖြေစခန်းတစ်ခုတွင် ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သော Mr. David Miller နှင့် Ms. Hannah Witheridge တို့၏ အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် သေဒဏ်အမိန့်ချမှတ်ခဲ့သည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ပြည်သူအများစုက နေရာအနှံ့အပြားတွင် ဆန္ဒထုတ်ဖော်မှုများ ဆုတောင်းပွဲများအား ယနေ့အချိန်ထိ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
“နိုင်ငံရေးသမားအချို့တွေနှင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ လျစ်လျိုရှုထားလို့ပါ။ စာနယ်ဇင်းသမားတွေက ဒီသတင်းကို စဉ်ဆက်မပြတ် ရေးသားမှုတွေ လုပ်ခဲ့တယ်။ အဲဒီအပေါ်မှာ သူတို့တွေအနေနဲ့ သာမန်အမှုတစ်ခုလိုသာ သဘောထားပြီး ချစ်လျူရှုထားတဲ့အတွက် အခုလိုဖြစ်သွာရတာပါ။ တကယ်လို့သာ သူတို့အာရုံစိုက်ပြီး လုပ်ဆောင်ခဲ့မယ်ဆိုရင် ဆောင်ရွက်ချက်တွေကို အလျင်အမြန် လုပ်နို်င်မှာပါ”ဟု ဆရာတော် ဦးဝီရသူက မိန့်သည်။

သေဒဏ်ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားနှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေးအတွက် မဘသအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသံရုံးမှတစ်ဆင့် ထိုင်းအစိုးရနှင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ မေတ္တာရပ်ခံစာ ပေးပို့ထားသည်။
“အခုလိုမျိုး တစ်ပြည်လုံး ဆောင်ရွက်နေတာတွေ့ရတော့ ဦးဇင်းတို့အနေနဲ့ အားရကျေနပ်မိပါတယ်။ ဒီကလေးနှစ်ယောက်က အပြစ်မရှိတာ ပေါ်လွင်နေတာပဲလေ။ အဲဒီအတွက် ဦးဇင်းတို့ မဘသ(ဗဟို)ဦးဆောင်ဆရာတော်ဘုရားကြီးကိုယ်တိုင်က မေတ္တာရပ်ခံစာတွေ ထုတ်ပြန်ထားတဲ့အတွက် ဦးဇင်းတို့နေနဲ့ကလည်း ဒီကလေးတွေ လွတ်မြောက်ရေးအတွက် ဝန်းရံသွားမှာပါ”ဟု ဦးဝီရသူက ဆက်မိန့်ကြားသည်။

မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ်ချမှတ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးတည်ရှိရာ မနော်ဟရီလမ်းတွင် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများကို အမိန့်ချသည့်နေ့မှ ယနေ့အထိ ဆက်လက်ပြုလုပ်လျက်ရှိသည်။

29.12.2015 - မန္တလေးအလင်းသတင်းစာ

No comments:

Post a Comment