Sunday, November 15, 2015

“ထိုင်းတောင်ပိုင်းတွင် ဗုံးကွဲ (၄)ဦးသေ”


ဘန်ကောက်၊ နိုဝင်ဘာ ၁၃
ရည်မွန်အောင်
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကျေးရွာစစ်ဆေးရေးစခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် လူလေးဦးသေဆုံးပြီး အခြားလူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင်ပြောဆိုခဲ့သည်။
ပတ္တနီခရိုင်ရှိ ခေါ့ဖိုစီရင်စု၌ ကြာသတေးနေ့နောင်းပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပတ္တနီခရိုင်မှာ မွတ်ဆလင်သူပုန်များ ပုန်ကန်မှုပြုလုပ်နေသည့် ခရိုင်သုံးအနက် တစ်ခုဖြစ်သည်။
သူပုန်များက ဗုံးထောင်ခဲ့ခြင်းဖြစ်ကြောင်း ပတ္တနီခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ တာနွန်ဆက် ဝန်ဆူဖာက ပြောဆိုခဲ့သည်။ တည်ငြိမ်မှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တာနွန်ဆက်က ပြောဆိုခဲ့သည်။
မလေးရှားနယ်စပ်ရှိ ယာလာ၊ ပတ္တနီနှင့် နာရာသီဝတ်ခရိုင်များတွင် ၂၀၀၄ ခုနှစ်မှစပြီး အကြမ်းဖက်မှုများကြောင့် လူ (၆၅၀၀)သေဆုံးခဲ့ပြီး ဖြစ်သည်။ ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း တောင်ပိုင်းဒေသမှာမူ မွတ်ဆလင်အများစုနေထိုင်သော ဒေသဖြစ်ကာ ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်များ၏ အုပ်ချုပ်မှုမှ ခွဲထွက်ရန် ကြိုးပမ်းမှုများရှိနေသည့် ဒေသတစ်ခုဖြစ်သည်။
၂၀၁၄ ခုနှစ်၊ မေလတွင် အာဏာသိမ်းခဲ့သည့်စစ်တပ်က တောင်ပိုင်းတွင် တစ်နှစ်အတွင်း ငြိမ်းချမ်းရေးရရှိစေမည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။ မလေးရှားအစိုးရ၏ ကြားဝင်မှုဖြင့် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် သူပုန်အဖွဲ့နှင့် စစ်တပ်တွင်း သဘောထားကွဲလွဲမှုများ ရှိနေသောကြောင့် တိုးတက်မှုမရှိဘဲ ရပ်ဆိုင်းခဲ့ရသည်။
Source: Reuters

14.11.2015: မန္တလေးအလင်း

No comments:

Post a Comment