Monday, October 5, 2015

အမျိုးစောင့်ဥပဒေပေါ်ပေါက်လာရေး ကြိုးပမ်းမှုအဆင့်ဆင့်နှင့် မ.ဘ.သအဖွဲ့ကြီး (၂)


မဘသအဖွဲ့ကြီး
ကျွန်ုပ်တို့ နေထိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးတို့ စုပေါင်းနေထိုင်ခဲ့ကြ ပါတယ်။ ထိုတိုင်းရင်းသားများဟာ ဘာသာ အယူဝါဒကြောင့် ပြဿနာတစ်စုံတရာ မဖြစ်ခဲ့ကြပါ။ မိမိတို့ ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခဲ့ကြပါတယ်။ နိုင်ငံတော်ကလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဥပဒေနှင့်အညီ ပေးထားပြီးသားလည်း ဖြစ်ပါတယ်။ 
သို့ရာတွင် ယခုနောက်ပိုင်းကာလ၌ အခြားနိုင်ငံသားများ ဘာသာခြား၊ လူမျိုး ခြားများ ဝင်ရောက်လာပြီးနောက် ဘာသာရေး အယူအဆကြောင့်လည်းကောင်း၊ လူမျိုးရေးအသွင်သဏ္ဍာန်ဖြင့်လည်းကောင်း၊ ဘာသာတစ်ခုက အခြားဘာသာတစ်ခုကို အတင်း သွတ်သွင်းခြင်းများ၊ အရွယ်မရောက်သေးသော ဘာသာမတူသည့်မိန်းကလေးများကို နည်းမျိုးစုံဖြင့် လက်ထပ်ပြီး ဘာသာ သွတ်သွင်း ခြင်းများ၊ အဓမ္မပြုကျင့်ခြင်းများရှိလာခဲ့ရာ ထိုကဲ့သို့သော ဘာသာ အယူဝါဒကြောင့် ပြဿနာများ ထပ်မံ မဖြစ်ပေါ်စေရန်အတွက် လည်းကောင်း၊ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားများညီအစ်ကို မောင်နှမများ ညီညွတ်ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေးအတွက် လည်းကောင်း၊ အမျိုးဘာသာ သာသနာ (တိုင်းပြည်နှင့်လူမျိုး)ကို မပျောက်ပျက်အောင် တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက်လည်းကောင်း တူညီစွာ လိုက်နာကြရမည့် ဥပဒေများ ဖေါ်ဆောင်ရန် အခြေအနေအချိန်အခါသို့ ရောက်ရှိနေပြီဟု ဦးဆောင်ဆရာတော်များက သုံးသပ်မိပါသဖြင့် အမျိုးစောင့်ဥပဒေပေါ်ထွက်အောင် ကြိုးပမ်းရာတွင် ထိရောက်မှုရှိစေရေးနှင့် ညီညွတ်မှု ရရှိရေးကိုပါစဉ်းစားတော်မူကြပြီး မဘသအဖွဲ့ ဖွဲ့စည်းရေးကို ဆက်လက်လှုပ်ရှားခဲ့ကြပါတယ်။
ရွာမပရိယတ္တိစာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ဦးစီးဦးဆောင်မှုပြုကာ အောက်ပါ ဆရာတော်များနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းတိုင်ပင်ခဲ့ကြပါတယ်။
= ပိဋကသုံးပုံ နိကာယ်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ
(ရွှေရတု တိပိဋကဓရ၊ပါဠိပါရဂူ၊ တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)၊
= တိပိဋကပုလဲရောင်ရှိန်စာသင်တိုက်ဆရာတော် 
ဘဒ္ဒန္တ ဣန္ဒပါလ
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)၊
= သိမ်ဇရပ် ဓမ္မဒူတပရိယတ္တိစာသင်တိုက်ဆရာတော် 
ဘဒ္ဒန္တ ပညာဝရ၊
= မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် 
ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်)၊
= မရမ်းကုန်း၊ စံပြသာသနာပြုကျောင်းဆရာတော် 
ဘဒ္ဒန္တ ကောသလ္လ၊
= အပေါင်မြို့နယ် ဆရာတော် ဘဒ္ဒန္တ ကဝိသာရ၊
= ရှင်စန္ဒာသီရိ 
(အင်းစိန်မြို့နယ်လုံးဆိုင်ရာ ပူးပေါင်းဆွမ်းလောင်းအသင်းကြီး-မိုဘိုင်းလ်)၊

အဆိုပါတွေ့ဆုံပွဲကို အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် အစည်းအဝေးခန်းမကြီး၌ (၆.၅.၂ဝ၁၃) တနင်္လာနေ့၊ နေ့လယ်(၂)နာရီတွင် ကျင်းပခဲ့ကြပြီး ညှိနှိုင်းသဘောတူဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။
အစည်းအဝေးဆုံးဖြတ်ချက်များမှာ-
၁။ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဟု အမည်သတ်မှတ်ခေါ်တွင်စေရန်၊
၂။ အဖွဲ့ကို 
(က) နိုင်ငံတော်သြဝါဒါစရိယဆရာတော်များပါဝင်သည့် 
ဦးဆောင် ဆရာတော်များအဖွဲ့၊
(ခ) စာသင်တိုက်ဆရာတော်များပါဝင်သည့် 
ဦးဆောင်ဆရာတော်များအဖွဲ့၊
(ဂ) ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယဆရာတော်များပါဝင်သည့်
ဦးဆောင်ဆရာတော်များအဖွဲ့ဟူ၍ ဖွဲ့စည်းထားရှိရန်
၃။ ဦးဆောင်ဆရာတော်များအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရန်အတွက်
စာသင်တိုက်ဆရာတော်များကို ဘဒ္ဒန္တတိလောကာဘိဝံသကလည်းကောင်း နိုင်ငံတော်သြဝါဒါစရိယနှင့်တိပိဋက ဆရာတော်များကို ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသနှင့်ဘဒ္ဒန္တ ဣန္ဒပါလ တို့ကလည်းကောင်း၊ ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော်များကို ဘဒ္ဒန္တ ပညာဝရ နှင့်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်) တို့ကလည်းကောင်း တာဝန်ယူနှိုးဆော် စည်းရုံးဆောင်ရွက်ရန်၊
၎။ အမျိုးဘာသာ သာသနာကို မကွယ်ပျောက်အောင် တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အမျိုးစောင့်ဥပဒေတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက်(ရေရှည်) စီမံချက် ချမှတ်ဆောင်ရွက်သွားရန်၊
၅။ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် သင့်တော်သည့် အချိန်တွင် ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာများ အသုံးပြု၍ အသိပညာပေးဆောင်ရွက်သွားရန်၊
၆။ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူလူထုအင်အားကို ညီညွတ်စွာ ပူးပေါင်းရယူဆောင်ရွက်သွားရန်၊
၇။ ဘာသာရေး, လူမှုရေးအဖွဲ့အစည်းများနှင့် လူထုအခြေပြု အသိပညာ စည်းရုံးရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို -
အထက်မြန်မာပြည် တာဝန်ခံဆရာတော်အဖြစ် 
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်)ကလည်းကောင်း၊
အောက်မြန်မာပြည် တာဝန်ခံဆရာတော်အဖြစ် ဘဒ္ဒန္တပညာဝရ 
ကလည်းကောင်း တာဝန်ယူဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။
၎င်း၌ သိမ်ဇရပ် ဓမ္မဒူတပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ပညာဝရမှ ၄င်း၏ဒကာအရင်းဖြစ်သူ ဦးရဲခေါင်ညွန့် (B.Sc., B.L.) တရားလွှတ်တော် ရှေ့ကြီးနေအိမ်သို့ြ<ွကရောက်ပြီး အထက်ပါ ဥပဒေများကို အမြန်ဆုံးရေးဆွဲပေးရန် တိုက်တွန်း တောင်းဆိုခဲ့သဖြင့် ဦးရဲခေါင်ညွန့်က တာဝန်ယူခဲ့ပါတယ်။ တာဝန်ယူပြီး မူကြမ်းကို ဆရာတော်ထံတင်ပြခဲ့ပါတယ်။
၎င်းနောက် ဆရာတော်က ရွာမပရိယတ္တိ စာသင်တိုက် အင်းစိန်ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသအားတင်ပြ၍ မူကြမ်းကိုလက်ခံတော်မူ၍ ကိုယ်တိုင်ဦးဆောင်ပါဝင်ပေးရန်အတွက်လည်း လက်ခံတော်မူခဲ့ပါတယ်။
သာသနာနှစ် ၂၅၅၇ခု၊ ကောဇာနှစ် ၁၃၇၅ခု၊ နယုန်လပြည့်ကျော် (၄)ရက်၊ ခရစ်နှစ် ၂ဝ၁၃၊ ဇွန် (၂၇)ရက် ကြာသပတေးနေ့တွင် အင်းစိန်မြို့ အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်၌ သံဃာ (၁၅၅၃)ပါးတို့ တက်ရောက် သည့် သံဃာ့ညီလာခံကြီးက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟိုအဖွဲ့ကြီး စတင်ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။
မဘသ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ ''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လူမျိုးရေး ဘာသာရေးများ၌ အကြမ်း ဖက်မှုပဋိပက္ခများ မဖြစ်စေရန် အသိပညာပေးစည်းရုံးတားဆီးကာကွယ်နိုင်ရေး နိုင်ငံသူ/သားအားလုံး အပြန်အလှန် ချစ်ကြည် လေးစားလျက် စည်းကမ်းတကျ ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး''ဟူသော မူဝါဒကို အခြေခံထားကာ  ဆောင်ရွက်ကြ ခြင်း ဖြစ်ပါတယ်။
အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယလည်း ဖြစ်တော်မူသော ဘဒ္ဒန္တတိလောကာဘိဝံသ ဆရာတော်ကြီးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ တစ်နိုင်လုံး ရပ်ကွက်/ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ တိုင်းဒေသကြီး စသည်ဖြင့် ဖွဲ့စည်းပုံအတိုင်း အဆင့်ဆင့်ဖွဲ့စည်းထားခဲ့ကြပါတယ်။

(B)
အမျိုးစောင်ဥပဒေတောင်းဆိုခြင်း
ဘာသာခြား လူမျိုးခြားများနှင့်လက်ထပ်ထိမ်းမြားကြသော မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများအတွက် စနစ်တကျ ကာကွယ်ထားသည့် ဥပဒေမရှိခဲ့သဖြင့် အိမ်ထောင်ခန်းပြဿနာ ပေါ်လာသောအခါ မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများ ခေတ်အဆက်ဆက် နစ်နာဆုံးရှုံးခဲ့ရသည်။ ထိုကဲ့သို့မဖြစ်စေရန် မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများအတွက် လုံခြုံစိတ်ချရသည့် ဓမ္မဝိနယနှင့် ညီသည့် တရားဥပဒေ အကာအကွယ်ပြုလုပ်ပေးရန် ဥပဒေပညာရှင်များထံ မဘသအဖွဲ့ကြီးက တောင်းခံခဲ့ကြပါတယ်။ ဥပဒေပညာရှင်များအဖွဲ့က-
၁။ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊
၂။ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊
၃။ တစ်လင်တစ်မယားစနစ်ဥပဒေနှင့်
၎။ လူဦးရေတိုးပွားနှုန်းဆိုင်ရာ ဥပဒေ 
ဟူသော ဤဥပဒေလေးရပ်ကို ရေးဆွဲပေးခဲ့ကြပါတယ်။
မဘသဖွဲ့စည်းခဲ့တဲ့ အင်းစိန်သံဃာ့ညီလာခံကြီးမှာပဲ ဥပဒေပညာရှင်ကြီး ဆရာဦးရဲခေါင်ညွန့် ရေးဆွဲပေးတဲ့ အမျိုးစောင့်ဥပဒေ လေးရပ် မူကြမ်း အပြည့်အစုံကို ဝေငှဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ လူ့အခွင့်ရေးသမားများ အမျိုးသမီးအခွင့်အရေး သမားများ နိုင်ငံတကာစံနှုန်းတိုင်းတာသူများက ဥပဒေကို မလေ့လာဘဲ ''အမျိုးစောင့်ဥပဒေ''ဟူသော အသံကြားရုံနဲ့တင် စတင် ကန့်ကွက်ကြပါတော့တယ်။
မဘသဆရာတော်များကလည်း ဝေဖန်မှုမျိုးစုံကြားထဲက အမျိုးဘာသာ သာသနာအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြပါတယ်။
မဘသအဖွဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး ဒေါက်တာအရှင်သောပါက၊ ရှင်စန္ဒာသီရိ၊ ဆရာဦးအောင်မြိုင်၊  ဓမ္မစက္ကဦးမောင်မောင်၊ ရှေ့နေဦးအေးပိုင်၊ စာရေးဆရာမောင်သွေးချွန်အစရှိတဲ့ ဆရာများက မဘသအကြောင်း သိကောင်းစရာ အမျိုးစေင့်ဥပဒေ ဆိုင်ရာများ  အမျိုးသားရေး ဟောပြောပွဲများ လိုက်လံဟောပြောပြီး မဘသအဖွဲ့တွေကိုလည်း တစ်နိုင်ငံအလုံးအနှံ့ လိုက်လံ ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။
ထိုမှတစ်ဖန် (၂၇.၆.၂ဝ၁၃) နေ့စွဲဖြင့် ဥပဒေရေးရာဌာနအတွက် ဥပဒေပညာရှင်များအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း လက်မှတ်များ ကောက်ခံခဲ့ကြပါတယ်။
ထိုဥပဒေ ၄-ရပ်မူကြမ်းနှင့်တကွ မြန်မာ့တိုင်းရင်းသားများ အိမ်ထောင် ခန်းနှင့်ပတ်သက်၍ လုံခြုံစိတ်ချလောက်သော အကာအကွယ်များ ဆောင်ရွက်ပေးပါရန် နိုင်ငံတော်သမ္မတကြီးထံ မဘသအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး ကိုယ်တိုင် လက်မှတ်ရေးထိုး၍တောင်းဆိုခဲ့ပါတယ်။
၂ဝ၁၄ ခု၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင် ရာ ဝံသာနုရက္ခိတအဖွဲ့အစည်းကြီး ဖွဲ့စည်းခဲ့ပြီး တဲ့နောက် ၂ဝ၁၄ ခု၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော်၊ ဥပ္ပါတ သန္တိစေတီတော်ကြီးရဲ့ ဗုဒ္ဓပူဇနိယကွင်း၊ နေပြည်တော်အမျိုး သားကဇာတ်ရုံကွင်းကြီးထဲမှာ အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ကြီးရဲ့ ကြီးမှူး ညွှန်ကြားချက်အရ ဝံသာနုရက္ခိတ အဖွဲ့ကြီးက စီစဉ်ကျင်းပတဲ့ 'မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရေး လူ ထုဆန္ဒခံယူပွဲကြီး' ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရေး လူထုဆန္ဒခံယူပွဲကြီးမှာ ပရိသတ် ငါးသောင်းကျော်တက်ရောက်ခဲ့ပြီး ဆန္ဒပြုလက်မှတ်ပေါင်းများစွာလည်း ကောက်ခံရရှိခဲ့ပါတယ်။
လုံခြုံစိတ်ချလောက်သော အကာအကွယ် ဥပဒေများ ဆောင်ရွက်ပေးပါရန် နိုင်ငံတော်သမ္မတကြီးထံ မဘသအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော်ကြီး ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ၂ဝ၁၃-ခု၊ ဇူလိုင်လ ၉-ရက်နေ့တွင် ပြည်သူလူထု လက်မှတ်များနှင့်တကွ တောင်းဆိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်။ 
နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြခဲ့ရာတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အမျိုးစောင့်ဥပဒေကြမ်းသည် လူမျိုးခြား, ဘာသာခြားများနှင့် လက်ထပ် ထိမ်းမြားထားသော မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အကျိုးစီးပွားကို ကာကွယ်ပေးမည်ဖြစ်ကြောင်း (၂၅.၂.၂ဝ၁၄)နေ့စွဲဖြင့် ပြည် ထောင်စုလွှတ်တော် နာယကထံ အထက်အကြောင်းအရာပါ ဥပဒေများပြဋ္ဌာန်းပေးရန်ကိစ္စအတွက် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ရဟန်းရှင်လူ ပြည်သူအများတို့ကလည်း ထိုဥပဒေများကို အမြန်ဆုံး ပြဋ္ဌာန်းပေးပါရန် လက်မှတ်ရေးထိုး တင်ပြတောင်းဆိုခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်နာယကကြီးထံ ပေးပို့ပြီးစာတွင် ''အမျိုးဘာသာ သာသနာနှင့် တိုင်းပြည်အကျိုးကို စောင့်ရှောက်ရန်လိုလားကြသော ဦးဆောင်ဆရာတော်များ၊ နိုင်ငံတစ်ဝန်းရှိ သံဃာတော်များ အပါအဝင်နိုင်ငံသား (၁၃၃၅၆ဝဝ)ဦးတို့က လက်မှတ်ရေးထိုး ဆန္ဒပြုထားခြင်းဖြစ်ကြောင်း'' ဖော်ပြထားခဲ့ပါသည်။
(ဒုတိယအသုတ် လက်မှတ်ထိုးပြီး မတင်ပြသေးဘဲ စုဆောင်းထားသည်များ နှင့်ပေါင်းပါက လက်မှတ်ပေါင်း (၄)သန်းကျော် ငါးသန်းခန့် စုဆောင်းထားခဲ့ပြီးဖြစ်ပါတယ်)

၂ဝ၁၅၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတကြီးထံ အကြောင်းကြားစာ သဝဏ်လွှာ ပြန်လည် ပေးပို့ခဲ့ပါတယ်။ 
၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်၊ စနေနေ့က မဘသ အဖွဲ့(ဗဟို)ရဲ့ ဦးဆောင်မှုနဲ့ ရန်ကုန်မြို့မှာ ရဟန်းရှင်လူ ပရိသတ်ပေါင်း သိန်းချီလျက် 'အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး လူထုတောင်းဆို ပွဲကြီး'ကို စတင်ကျင်းပ နိုင်ခဲ့ကြပါတယ်။
အလားတူ  ၂ဝ၁၄ ခု၊ အောက်တိုဘာလ ၃ဝ ရက်၊ ကြာသပတေးနေ့က မန္တလေးမဘသရဲ့ ဦးဆောင်မှုနဲ့ မန္တလေးမြို့မှာ မျိုးစောင့်ဥပဒေအမြန်ပြဋ္ဌာန်းပေးရေး လူထုဆန္ဒပြတောင်း ဆိုပွဲကြီးကိုလည်း ကျင်းပနိုင်ခဲ့ကြပါတယ်၊ ပရိသတ်အင်အား ၁ သိန်းကျော် ပါဝင်ခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်မဘသအဖွဲ့ပေါင်း ၂၅ဝ ကျော် ရှိလာမှုနဲ့အတူ မဘသအဖွဲ့ကြီးရဲ့ လှုပ်ရှားမှုများ အင်အား ကောင်းလာတာနဲ့အမျှ ဆက်တိုက်မြို့နယ်တိုင်းတောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတော်သမ္မတကြီးနဲ့ သက်ဆိုင်ရာ လွှတ်တော်အစိုးရအဖွဲ့များက အသိအမှတ်ပြုခဲ့ကြခြင်းကြောင့် တောင်းဆိုမှုများ ရပ်လိုက်ကြပါတယ်။
မဘသအဖွဲ့များကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လပတ်အစည်းအဝေးပွဲများ၊ နှစ်ပတ်လည် ညီလာခံပွဲများ၊ အထူး အစည်းအဝေးပွဲများစသည့် အမျိုးဘာသာ သာသနာအတွက် ရှုထောင့်မျိုးစုံကနေ ကာကွယ်ရေးစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးရဲ့ တင်ပြလာမှုကြောင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်'ဟူသော လွှတ်တော် ၃-ရပ်က လိုအပ်သလို ပြုပြင်ဖြည့်စွက်၍ ဆွေးနွေးခဲ့ကြပြီး ထောက်ခံမဲ အပြတ်အသတ်ဖြင့် အတည်ပြုလိုက်တဲ့ အဆိုပါ ဥပဒေ ၄-ရပ်ကို နိုင်ငံတော်သမ္မတကြီးက ထပ်မံအတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီး ပြဋ္ဌာန်းပေးလိုက်ခြင်းကြောင့် ဤဥပဒေ ၄-ရပ် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။
၂ဝ၁၅ ခု၊ သြဂုတ် လ ၃၁ ရက် နေ့ဟာ မျိုးစောင့်ဥပဒေလေးရပ်စလုံးကို သမ္မတကြီးဦးသိန်းစိန်က အပြီးသတ် လက်မှတ် ရေးထိုးလိုက်သည့်နေ့မို့ ယင်းနေ့ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင် နေ့ထူးတစ်နေ့ပင် ဖြစ်ခဲ့ရသလို မဘသအတွက် အမျိုးဘာသာ သာသနာတော်အတွက် အောင်မြင်မှုတစ်ရပ်ပင် ဖြစ်ခဲ့ရပါတယ်။

(C)
အမျိုးစောင့်ဥပဒေမရှိ၍ နစ်နာဆုံးရှုံးမှုများ

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် အိမ်ထောင်ခန်းဆိုင်ရာ ဥပဒေများ ရှိပင်ရှိငြားသော်လည်း လုံလောက်အောင် ကာကွယ်ပေးနိုင်စွမ်းမရှိသောကြောင့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများဟာ နစ်နာဆုံးရှုံးခဲ့ကြရပါတယ်။
မြန်မာနိုင်ငံရှိ အခြားဘာသာများကြီးများဖြစ်သော အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်ဘာသာများ၏ အိမ်ထောင်ခန်း ဥပဒေများ တွင် ၄င်းတို့ဘာသာဝင်မဟုတ်သူနှင့် လက်ထပ်ထိမ်းမြားလျှင် (ဇနီးမယားအဖြစ် ပေါင်းသင်းလျှင်) တရားဝင် ဇနီးမယား ဖြစ်ခွင့် မရှိဟု ပါရှိကြောင်း တွေ့ရပါတယ်။ ပစ္စည်းအမွေခံစားခွင့်နှင့်ပတ်သက်ရင်လည်း မည်သည့်အကျိုးခံစားခွင့်၊ ပိုင်ဆိုင်ခွင့်မျှ မရရှိဘဲ နစ်နာ ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ကြရပါတယ်။
သို့သော်လည်း ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများဟာ ဘာသာခြားများနဲ့လက်ထပ်နေကြရတယ်၊ အတင်းအကျပ် လက်ထပ်ခြင်းလည်း ခံနေရပါတယ်။ ဗုဒ္ဓဘာသာထဲဝင်ပါ့မယ်လို့ ပြောပြီးလိမ်လည် လက်ထပ်ခြင်းမျိုးလည်း ရှိခဲ့ပါတယ်။
ဘာသာကူးပြောင်းခြင်းနှင့်ပတ်သက်ရင်လည်း လက်မထပ်ခင်က ကြိုက်တဲ့ဘာသာကို ကိုးကွယ်ခွင့်ပေးမယ်လို့ ကတိပေးခဲ့ ပေမယ့် လက်ထပ်ပြီးသည့်နောက်ပိုင်းတွင်တော့ ထိုကဲ့သို့မျိုးမဟုတ်တော့ဘဲ နည်းမျိုးစုံနဲ့ ဘာသာကူးပြောင်းခိုင်းလာ တတ်ကြပါ တယ်။
အနုနည်းနဲ့မရပါက အကြမ်းနည်းကိုသုံးပြီး အတင်းအကျပ်ဘာသာကူးပြောင်းစေတာမျိုးတွေ ရှိခဲ့သလို ရိုက်နှက်နှိပ်စက်ခြင်း ဖြင့် ဘာသာကူးပြောင်းစေတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်တဲ့ ဘုရားရှင်ရဲ့ရုပ်ပွားတော် ပုံတော်များကိုပင် ခြေနဲ့နင်းပြီးသူတို့ဘာသာအတွင်းသို့ အတင်း ဝင်ခိုင်းတာမျိုးလည်း ရှိခဲ့ပါတယ်။
ဘာသာခြားယောက်ျားလေးက ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးနှင့် ချစ်ကြိုက်မိ၍ ဗုဒ္ဓဘာသာသို့ ဝင်ပါမယ့်ဟု လိမ်လည် ပြောဆို၍လက်ထပ်မှုများ၊ လက်မထပ်ခင်က အချစ်နယ်ကျွံခဲ့မိလို့ ကိုယ်ဝန်ရလာတဲ့အခါမှာလည်း ဗုဒ္ဓဘာသာသို့ ဝင်မယ်လို့ပြောပြီး လက်ထပ်ခဲ့မှုများ ပြုလုပ်လာတတ်ကြပါတယ်။ အမှန်တကယ်လက်ထပ်ပြီးသွားချိန်မှာတော့ မိန်းကလေးကိုပဲ ကိုးကွယ်ခွင့်ပေးထားပြီး  တဖြေးဖြေးနဲ့ ကလေး လေးငါးယောက်မွေးသည်အထိ ချော့မော့အချိန်ဆွဲလာခဲ့ကြပါတယ်။ ယင်းနောက်မှာတော့ ဘာသာခြား ယောက်ျားက သူ့စီမံကိန်းအတိုင်း ဇနီးနှင့်ကလေးများကိုပါ သူ့ဘာသာထဲသို့ ရောက်အောင် နည်းမျိုးစုံသုံးပြီး သွတ်သွင်းကြတာမျိုး လည်း ရှိခြင်းကြောင့် ''လွတ်လပ်စွာကိုးကွယ်ခွင့်''ဆိုတဲ့ အခြေခံဥပဒေရဲ့ အကျိုးခံစားမှုကို မရကြတော့ဘဲ နစ်နာဆုံးရှုံးမှု များစွာ ဖြစ်ခဲ့ရပါတယ်။
ဘာသာခြား လူမျိုးခြားများဟာ ချစ်ကြိုက်အောင်လုပ်၍ စော်ကားကာ ကိုယ်ဝန်ရှိလာတော့ ထွက်ပြေးတိမ်းရှောင်တာ မျိုးတွေ ၊ လက်ထပ်ပြီးလို့ ကလေးမွေးပြီးမှ နောက်မိန်းမ မယားကြီးနဲ့ကလေးများစွာတို့ ရှိကြောင်းသိခဲ့ရတာမျိုးတွေ၊ သူတို့ ဘာသာခြား များရဲ့ဥပဒေနှင့်အညီ လက်ထပ်တာမဟုတ်လို့ တရားဝင်မယားမဖြစ်ဘူးပြောတဲ့အတွက် နစ်နာဆုံးရှုံးခဲ့ရတာမျိုး တွေလည်း များစွာ ရှိခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာမိန်းကလေးများကို ဘာသာခြားများကအဓမ္မပြုကျင့်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းအပါအဝင် သေဆုံးရသည် အထိရက်စက်စွာ ပြုလုပ်ခဲ့ကြတာတွေဟာလည်း ယနေ့အချိန်အထိ ရှိနေဆဲဖြစ်တာကို စိတ်မကောင်းစွာ မြင်တွေ့ရပါတယ်။
ဘာသာခြားများဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဥစ္စာပစ္စည်း နည်းမျိုးစုံထောက်ပံ့မှုပေး၍ လက်ထပ်ပေါင်းသင်းခြင်း ၄င်းတို့၏ ဘာသာသို့ ကူးပြောင်းစေခြင်းများ ပြုလုပ်တတ်ကြသည့်အတွက်လည်း နစ်နစ်မှုများစွာတို့ ဖြစ်ခဲ့ရပါတယ်။
အခြားဘာသာများဟာ မိန်းမများစွာ ယူကြပြီး ကလေးများစွာ မွေးဖွားခြင်းကြောင့်လည်း လူဦးရေတိုးပွားကာ စီးပွားရေး ကျန်းမာရေးစသည်များ ဆိုးရွားစေသည့်အပြင် ဘာသာရေးနှင့်ယဉ်ကျေးမှုကိုပါ လွှမ်းမိုးချုပ်ကိုင်ခြင်းဖြင့် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနှင့်နယ်မြေလုံခြုံရေးစသည့်တို့ကိုပါ ပျက်စီးစေခြင်း၊ ပဋိပက္ခများစွာတို့လည်း ဖြစ်ပေါ်စေခြင်း စသည့်စိုးရိမ် ထိတ်လန့်ဖွယ်ရာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
ဘာသာခြားများဟာ မိမိမှာ တရားဝင်ဇနီးမယားတစ်ယောက်ရှိသည့်အပြင် အခြားသမီးပျိုတို့အား လိမ်လည်၍ မယား များစွာ ထပ်ကာထပ်ကာ ယူနေခြင်းကြောင့် ဇနီးများမှာ စိတ်ဆင်းရဲခြင်းများစွာ ခံစားရပြီး မယားအချင်းချင်း မသင့်မမြတ် ဖြစ်ကြခြင်း၊ မယားများ၏ သားသမီးများဟာလည်း ၄င်းတို့အချင်းချင်း ပြဿနာမျိုးစုံတို့ ဖြစ်ကြခြင်း၊ ကွာရှင်းလိုကြောင်းပြောသောအခါ တွင်လည်း မယားဘက်က ငွေများစွာပေးရပြီး ကွားရှင်းခိုင်းခြင်း၊ ဥပဒေအရ တရားဝင်မယား မဟုတ်ခြင်းကြောင့် ဘာပစ္စည်းမှ ပိုင်ဆိုင်ခွင့်မရဘဲ ကိုယ်တစ်ခု အဝတ်တစ်ထည်ဖြင့်သာ အိမ်ပြန်ခဲ့ကြရခြင်း၊ အိမ်က မိဘကလည်း ဘာသာခြားနဲ့ယူကတည်းက သဘောမတူတဲ့ အတွက် အိမ်ပြန်လာတဲ့သမီးကို နာကျည်းစွာ လက်မခံကြခြင်းစတဲ့ ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီး များစွာတို့ နစ်နာဆုံးရှုံးခဲ့ကြရတာဟာလည်း ယနေ့အချိန်တိုင်အောင်ပင် ဖြစ်ပါတယ်။
ယခုအမျိုးစောင့်ဥပဒေကြီး ပေါ်ထွက်လာခြင်းကြောင့် အထက်ပါဖြစ်ရပ်များ ထပ်မံ မဖြစ်နိုင်တော့ဘဲ မြန်မာအမျိုးသမီးတို့ ဘဝ လွတ်လပ်ပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ကြတော့မှာဖြစ်သည့်အပြင် ဘာသာရေး လူမျိုးရေးစတဲ့ ပဋိပက္ခများလည်း မဖြစ်တော့ဘဲ ငြိမ်းချမ်းလာမှာပင် ဖြစ်ပါတယ်။
(D)
အမျိုးစောင့်ဥပဒေရဲ့ တရားမျှတမှု
အမျိုးစောင့်ဥပဒေ ၄-ရပ်ပြဋ္ဌာန်းချက်များကို လေ့လာကြည့်ရာတွင်- ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ ဘာသာခြားနှင့် လက်မထပ်ရဟု ကန့်သတ်ချုပ်ချယ်ထားခြင်း မရှိသောကြောင့် တရားမျှတတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေ ပေါ်ထွက်လာတဲ့အတွက်ကြောင့် ဘာသာခြားများရဲ့ဥပဒေအတိုင်းသာ ဆုံးဖြတ်ခံခဲ့ရတဲ့ အခွင့်အရေး ဆုံးရှုံးနစ်နာမှု များစွာကို အကာအကွယ်များပေးနိုင်သည့်အပြင် ဘာသာခြားများကိုလည်း နစ်နာအောင် ဆောင်ရွက်ထားမှုများ မတွေ့ရပါ။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အတင်းအကျပ်ဘာသာကူးပြောင်းစေခြင်းမျိုး မရှိတော့တဲ့အတွက် မိမိတို့ယုံကြည်ချက်ဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လက်ထပ်ခွင့်များလည်း ရရှိလာနိုင်မှာ ဖြစ်ပါတယ်။
လူဦးရေတိုးပွားနှုန်းထိန်းညှိပေးထားခြင်းကြောင့် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးကြပ်တည်းမှုများပါ လျော့ချနိုင်ပြီး နိုင်ငံ တော်လည်း ဖွံ့ဖြိုးတိုးတက်လာကာ လူမျိုးရေးဝါးမျိုးမှုများပါ လျော့ကျစေနိုင်သည့်အတွက် တိုင်းပြည်နဲ့လူမျိုးအတွက် အလွန်မျှတတဲ့ ဥပဒေဖြစ်ပါကြောင်း ပြည်သူလူထုအပေါင်းကို အသိပေးအပ်ပါတယ်။
ထို့အပြင် ''သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း၊ အနိုင်အထက်ပြုခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည် လှည့်ဖျားခြင်း၊ အလွဲပြောဆိုခြင်းတို့အရ မဟုတ်ဘဲ မိမိတို့၏ လွတ်လပ်သောဆန္ဒအရ ထိမ်းမြားရန် သဘော တူညီခြင်း ဖြစ်ရမည်''ဟု အမျိုးစောင့် ဥပဒေတွင်ပါရှိခြင်းကြောင့် ဘယ်သူ့ကိုမျှ မထိခိုက်ဘဲ မျှတကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
ထို့အပြင် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ယောက်ျားများဟာ ဗုဒ္ဓဘာသာဝင်မိန်းမအား သူတို့ယုံကြည့်သည့်ဘာသာကို လွတ်လပ် စွာကိုးကွယ်ခွင့်ပြုခြင်း၊ လင်နှင့်မယားတို့နေထိုင်သည့် အိမ်တွင် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမက  ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓပုံတော်များ၊ စေတီပုထိုး ပုံတော်များ၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာပုံတော်များ၊ ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော အသုံးအဆောင်ပစ္စည်းများကို ထားရှိခွင့်၊ ကိုးကွယ်ခွင့် ပေးထားခြင်း။
မြန်မာဗုဒ္ဓဘာသာဝင်မိန်းမက အလှူဒါနပြုလုပ်ခြင်း။ ဘုရားရှိခိုးခြင်း၊ တရားဓမ္မနှင့်ပရိတ်ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနာခြင်း၊ တရားထိုင်ခြင်း၊ ဘုရားကျောင်းကန်များသို့ သွားရောက်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဗုဒ္ဓစာပေများ၊ ကျန်းဂန် များ ထားရှိလေ့လာဖတ်ရှုခြင်း၊ ကြည့်ရှုခြင်း၊ နားကြားခြင်း၊ ဗုဒ္ဓဘာသာဆိုင်ရာ ဆောင်ရွက်မှုတို့ကိုပါ ခွင့်ပြုပေးထားတဲ့အတွက် အမျိုးစောင့်ဥပဒေဟာ မည်သည့်ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း မရှိသောကြောင့် အမှန်အကန်ပင် မျှတပါကြောင်း တင်ပြ အပ်ပါတယ်။
နိဂုံးချုပ်အားဖြင့် မဘသဦးဆောင်ဆရာတော်ကြီးများနှင့်အမျိုးဘာသာ သာသနာချစ်မြတ်နိုးကြသူ ပြည်သူလူထုက တောင်းဆိုကြ၍နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းပေးလိုက်သော အမျိုးစောင့်ဥပဒေဟာ မြန်မာနိုင်ငံသမိုင်းတစ်လျှောက်တွင် မော်ကွန်း မှတ်တမ်း ထိုးနိုင်လောက်အောင် အောင်မြင်ခဲ့ပါပြီ။ ဂုဏ်ယူစရာကောင်းလှတဲ့ ညီညွတ်ခြင်း မျှတခြင်းနှင့်အတူ  ငြိမ်းချမ်းခြင်းကိုပါ ဖေါ်ဆောင်ပေးနိုင်သည့် ဥပဒေအဖြစ် ဂုဏ်ယူဝင့်ြ<ွကား သမိုင်းမော်ကွန်းမှတ်တမ်းထိုးလိုက်ရပါတယ်။
ထိုဥပဒေ ၄-ရပ်မှာ-
(က) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ 
(၂ဝ၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၂၈) 
(ခ) ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (၂ဝ၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၄၈)
(ဂ) မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ (၂ဝ၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၅ဝ)
(ဃ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ (၂ဝ၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၅၄) တို့ဖြစ်ပါတယ်။
ဤအမျိုးစောင့်ဥပဒေ ၄-ရပ်လုံးတွင်-
မည်သည့် ဘာသာ သာသနာကိုသော်လည်းကောင်း၊ လူ့အခွင့်အရေး,အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုစသည်ကိုသော် လည်းကောင်း ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူလူထု၏ အခွင့်အရေးတစ်စုံတစ်ရာကိုသော်လည်းကောင်း၊ ထိခိုက်ခြင်း၊ ယုတ်လျော့စေခြင်း မရှိပါကြောင်း ထပ်လောင်း တင်ပြအပ်ပါတယ်။
မဘသမအဖွဲ့ကြီး၏ဦးဆောင်တောင်းဆိုမှုကြောင့် နိုင်ငံတော်က ပြဋ္ဌာန်းပေးလိုက်သော သမိုင်းတစ်ခေတ်တွင်လောက်သည့် အမျိုးစောင့်ဥပဒေကြီး (၄)ရပ် အောင်မြင်အောင် ဆောင်ရွက်ရာတွင်-
- ဥပဒေလေးရပ်လုံးကို အတည်ပြုလက်မှတ်ထိုး၍ ပြဋ္ဌာန်းပေးသော ဇွဲ, သတ္တိ, သဒ္ဓါ, ဝီရိယ, ပညာ, စေတနာတို့ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အားလည်းကောင်း၊
- နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းအတည်ပြုခြင်း ကိစ္စများ ပြီးစီးအောင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီအားပေးကြသော တစ်နိုင်ငံလုံးရှိ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အားလည်းကောင်း၊
- အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးအတွက် အပင်ပန်းခံ ကိုယ်ကျိုးစွန့်ကာ ပါဝင်ပေးခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းအား လည်းကောင်း၊
- ကိုယ်တိုင်လက်မှတ်ထိုး၍ တောင်းဆိုပေးခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အားလည်းကောင်း၊
- အားပေးကူညီကြသည့် သံဃာ့အဖွဲ့အစည်းနှင့်ဘာသာရေးအဖွဲ့အစည်းများ၊ ပရဟိတအသင်းအဖွဲ့များအားလည်းကောင်း၊
- အမြှော်အမြင်ကြီးစွာဖြင့် တောင်းဆိုပေးခဲ့ကြသော ဦးဆောင်ဆရာတော်ကြီးများနှင့် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော ဥပဒေပညာ ရှင်များအားလည်းကောင်း၊ 
- ထိုဥပဒေများကို လွှတ်တော်အသီးသီးမှ ပြဋ္ဌာန်းအတည်ပြုပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ် အသီးသီးတို့အားလည်းကောင်း၊
- လွှတ်တော်သို့တင်သွင်းပေးသော လွှတ်တော်အမတ်များနှင့် ထောက်ခံဆွေးနွေးပေးကြသော လွှတ်တော် ကိုယ်စားလှယ် အသီးသီးကိုလည်းကောင်း၊  အထူးကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင်၍ ဂုဏ်ပြုသမိုင်းမော်ကွန်း ထိုးလိုက်ရပါသည်။
ကမ္ဘာတည်သ၍ သာသနာတည်ပြီး သာသနာတည်သမျှကာလပတ်လုံး အမျိုးစောင့်ဥပဒေ တည်တံ့ ပါစေသတည်း...။

လေးစားစွာဖြင့်-
ဒေါက်တာအရှင်သောပါက








No comments:

Post a Comment