Thursday, October 22, 2015

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး သဘောထားထုတ်ပြန်ကြေညာချက်”



ကြေညာချက် အမှတ်(၉/၂ဝ၁၅)
ရက်စွဲ။  ၁၃၇၇ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ( ၉ ) ရက်၊ ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊ ကြာသပတေးနေ့

၁။       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးစော်ကားမှု၊ တိုက်ခိုက်မှု သဘောမျိုးပါဝင်သော ဗီနိုင်းများကို မန္တလေးကျုံးပတ်ဝန်းကျင်၌လည်းကောင်း၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက် နေရာတစ်ခု၌လည်းကောင်း ချိတ်ဆွဲထားသည်ကို သိရှိရသည်။

၂။       မဟာမြိုင်ရပ်ကွက် နေရာတစ်ခု၌ ချိတ်ဆွဲထားသည့် ဗီနိုင်းအောက်၌ ရဟန်းတော်စီး ဖိနပ်တစ်ရံကို တွေ့ရကြောင်း သိရှိရသည်။

၃။       ယင်းသို့ လုပ်ဆောင်ခြင်းသည် ဘာသာရေးကို နိုင်ငံရေးကိစ္စ၌ ခုတုံးလုပ်အသုံးချပြီး မဘသ သံဃာတော်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အချင်းချင်း အထင်လွဲမှားမှုဖြစ်အောင်၊ သံသယဖြစ်အောင်၊ စိတ်ဝမ်းကွဲပြားမှုဖြစ်အောင် အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်စုတို့က စေတနာပါပါ ယုတ်နိမ့်အောက်တန်းကျသည့် စိတ်ဓာတ်တို့ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

၎။       ယင်းကဲ့သို့ ဘာသာရေးကို နိုင်ငံရေးကိစ္စ၌ ခုတုံးလုပ် အသုံးချပြီး မဘသ သံဃာတော်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ အချင်းချင်း အထင်လွဲမှားမှုဖြစ်အောင် အောက်တန်းကျသည့်လုပ်ရပ်မှန်သမျှကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးက အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။

၅။       အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးသည် ပါတီနိုင်ငံရေးနှင့် မရောယှက်၊ အမျိုးသားရေးသက်သက်ကိုသာ ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။ ယင်းလုပ်ရပ်သည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးနှင့် လုံးဝ သက်ဆိုင်မှုမရှိကြောင်းနှင့် နောင်တွင်လည်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးသည် အမျိုးသားရေးမှ သွေဖီသော မည်သည့်လုပ်ဆောင်ချက်၊ မည်သည့်ပြောဆိုမှုမျိုးကိုမျှ လုပ်ကိုင်ပြောဆိုမည်မဟုတ်ကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။



ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)- အတွင်းရေးမှူးချုပ်ဆရာတော်
ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ-          ဦးဆောင်ဆရာတော်

ဘဒ္ဒန္တပညာသာမိ- ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်

No comments:

Post a Comment