Tuesday, October 6, 2015

“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ဦးဆောင်ကျင်းပသော ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ သဘောထားထုတ်ပြန် ကြေညာချက်”

နေ့စွဲ- ၂၀၁၅၊ အောက်တိုဘာ (၄)ရက်၊ တနင်္ဂနွေနေ့
၁။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မ.ဘ.သ)အဖွဲ့ကြီးသည် တိုင်းပြည်နှင့်လူမျိုး ဘာသာနှင့်သာသနာကို စောင့်ရှောက်နေသော အဖွဲ့ကြီးဖြစ်သည်အားလျော်စွာ လူမျိုးစွဲ ဘာသာစွဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ မည်သည့်ပါတီ မည်သည့်ဘာသာနှင့်ပင်ဖြစ်စေ တိုင်းပြည်ငြိမ်းချမ်းရေးကို ရှေ့ရှု၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေညာသည်။
၂။ မ.ဘ.သ (ဗဟို)၏ ညွှန်ကြားချက်အတိုင်း ရေဘေးသင့်ဒေသများသို့ အကူအညီသွားစဉ် အသက်စွန့်လှူသွားကြသည့် လှိုင်မြို့နယ် မ.ဘ.သ ဒုတိယဥက္ကဋ္ဌဆရာတော် အရှင်ပညာဒီပါလင်္ကာရ၊ အရှင်တိလောကနှင့် ဓမ္မစကူးလ်ဆရာ ဆရာမများဖြစ်ကြသော ဒေါက်တာနေမျိုးအောင်၊ ဒေါ်အေးမြတ်သူ၊ ဒေါ်လှလှရီတို့အား “ပြည်သူ့ဂုဏ်ရည် အာဇာနည်”ပုဂ္ဂိုလ်များအဖြစ် ချီးကျူး ဂုဏ်ပြု မှတ်တမ်းတင်အပ်သည်။
၃။ နိုင်ငံ့ခေါင်းဆောင်၊ ပါတီခေါင်းဆောင်များသည် ဖခင်ကြီး မင်းညိုစံအား ကျေးဇူးဆပ်သည့်အနေဖြင့် တိုင်းပြည်နှင့် ဘာသာ သာသနာ၏ အကျိုးစီးပွားကိုဆောင်ရွက်ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျထုံးကို နှလုံးမူ၍ အမျိုးဘာသာ သာသနာအကျိုးကို သည်ပိုးကြရန် တိုက်တွန်းသည်။
၎။ နိုင်ငံတော်အစိုးရနေဖြင့်  တိုင်းပြည်အား ကြီးမားစွာအန္တရာယ်ပြုနိုင်သော တရားမဝင် ဝင်ရောက်နေထိုင်ကြသည့် နိုင်ငံသားမဟုတ်သူများကို ၁၉၈၂ ခု မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။
၅။ နိုင်ငံတော်အစိုးရနှင့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စသည်တို့သည် “ငါနှင့်မတူ ငါ့ရန်သူ”ဟု သဘောမထားဘဲ တိုင်းပြည်၏ အကျိုးစီးပွားကိုရှေ့ရှုကာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ညီညွတ်စွာ ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းသည်။
၆။ ပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရာတွင် မိမိမြို့ရွာနှင့် အမျိုးဘာသာ သာသနာအတွက် ယုံကြည်စိတ်ချ အားကိုးရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းမှန်သမျှကို ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ စိစစ်ရွေးချယ်ကြရန် တိုက်တွန်းသည်။
၇။ ပြည်ထောင်စုတစ်ဝှမ်းလုံး၌ မှီတင်းနေထိုင်ကြကုန်သော ပြည်သူလူထုအားလုံးသည် ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖောင်ဆောင်သည့် အမျိုးစောင့်ဥပဒေ (၄)ရပ်ကို လေးစားလိုက်နာကြရန်နှင့် အစိုးရအဆက်ဆက် ကာကွယ်စောင့်ရှောက်ကြရန် အထူးတိုက်တွန်းသည်။
၈။ ငြိမ်းချမ်းရေးကိုလိုလားသော နိုင်ငံတကာအသိုင်းအဝန်းနှင့် နိုင်ငံတကာမီဒီယာအသီးသီးတို့သည် လူဦးရေအဆမတန် ထူထပ်များပြားလျက်ရှိသော ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များသို့ ကိုယ်တိုင်ကွင်းဆင်း၍ စနစ်တကျလေ့လာပြီးမှသာ အရှိတရားကို ဟုတ်တိုင်းမှန်စွာ ဖေါ်ထုတ်ရေးသားကြရန် အလေးအနက် တိုက်တွန်းသည်။
၉။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး၏ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တမင်ရည်ရွယ်၍ မ.ဘ.သ (လိုဂို)တံဆိပ်ကို အသုံးပြုလျက် နိုင်ငံရေးလှုံ့ဆော်နေမှုများကို ရပ်တန်းက ရပ်ကြရန် အပြင်းအထန် သတိပေးလိုက်သည်။
၁၀။ အမျိုစောင့်ဥပဒေကို လွှတ်တော်ရပ်နားခါနီးမှ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်း၊ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ရဟန်း ရှင်လူ ပြည်သူများ၏ ကျေးဇူးတရားကို ထောက်ထား ငဲ့ညှာခဲ့ရခြင်းတို့ကြောင့် ပြည်ထောင်စုတစ်ဝှမ်းလုံး၌ အမျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲများ စည်ကားစွာ ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း အသိပေးအပ်သည်။
၁၁။ ရဟန်း ရှင် လူ ပြည်သူ ငါးသန်းကျော် လက်မှတ်ထိုး တောင်းဆိုခဲ့ကြသည့် အမျိုးစောင့်ဥပဒေ (၄)ရပ် ပေါ်ပေါက်လာစေရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းအားထုတ်ခဲ့ကြသော ဥပဒေကြမ်း ရေးဆွဲကော်မတီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော် နာယကကြီးများနှင့် နိုင်ငံတော်သမ္မတကြီးအား အထူးကျေးဇူးတင်ကြောင်း သမိုင်းမော်ကွန်း ရေးထိုးလိုက်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)

အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ







No comments:

Post a Comment