Saturday, September 26, 2015

“တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အပိုင်း(၆)”

ကျော်ဇေယျာထွန်း ရေးသည်။
(၆)
ယင်းနောက်ပိုင်းတွင် ဆရာတော်သည် ယခင်ကလို အမျိုးသားရေးတရားများကို ဆက်တိုက်ဆိုသလို ဟောပြောခဲ့သည်။ တစ်နည်းအားဖြင့် အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို တရားပွဲများတွင် ထည့်သွင်းဟောကြားသလို မီဒီယာမှတစ်ဆင့်လည်း မကြာခဏဆိုသလို ရေးသားပြောကြား ခဲ့သည်။
တစ်ပြိုင်နက်တည်းတွင် အမျိုးသားရေးအဖွဲ့ဟုဆိုသော ၉၆၉ အဖွဲ့လို အဖွဲ့များ၏ လှုပ်ရှားမှုသည်လည်း မြန်မာပြည် အနှံ့ပျံ့နှံ့ခဲ့သည်။ ယင်းမှတစ်ဆင့် မ.ဘ.သ ဟု လူသိများသည့် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များလည်း မြန်မာပြည်အနှ့ ထွက်ပေါ်လာခဲ့သည်။ ထိုအခါ ဆရာတော်ဦးဝီရသူ သည် မ.ဘ.သ အဖွဲ့တွင် အထက်မြန်မာပြည်၏ ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။
သို့ရာတွင် မြန်မာပြည်သူများကြားထဲတွင် အမျိုး ဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးဆိုသည့် အယူအဆအပေါ် သဘောထားကွဲလွဲမှုများရှိခဲ့ကြသည်။ ထောက်ခံသူများဘက်မှကြည့်လျှင် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသိသည် ပြည်သူများကြား ကျယ်ကျယ်ပြန့်ပြန့် နိုးကြားခဲ့ပြီး အမျိုးစောင့်ဥပဒေကဲ့သို့သော ဥပဒေများပြဋ္ဌာန်းနိုင်မှုအပေါ် အောင်မြင်မှုအဖြစ် ရှုမြင်ကြသည်။
မထောက်ခံသူများဘက်မှ ကြည့်လျှင် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ၏ လှုပ်ရှားမှုများသည် လူမျိုးနှင့် ဘာသာမတူသူများကြား ပဋိပက္ခမဖြစ်ဖြစ်အောင် လုပ်နေသည်ဟု ရှုမြင်သလို အမျိုးစောင့်ဥပဒေများနှင့်ပတ်သက်၍လည်း ယင်းဥပဒေသည် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည့် ဥပဒေ တစ်ခုအဖြစ် ရှုမြင်ကြသည်။
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က အမျိုးစောင့်ဥပဒေများသည် နိုင်ငံအတွင်း ဗုဒ္ဓဘာသာမဟုတ်သည့်သူများ၊ အထူးသဖြင့် ဘာသာကူးပြောင်းခွင့်နှင့် လက်ထပ်ထိမ်းမြားခွင့် များကို ခွဲခြားမှုတွေဖြစ်စေသလို နိုင်ငံတကာရဲ့ ဘာသာရေးလွတ်လပ်ခွင့်သတ်မှတ်ချက်တွေကို ချိုးဖောက်ရာ ရောက်နေသည်ဟု ဝေဖန်ရှုတ်ချခြင်းများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ၉၀ ကျော်ကလည်း အမျိုးစောင့်ဥပဒေကို လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ခြင်းများလည်းရှိ(မေလထုတ် အမှတ်စဉ်-၂၃ မော်ကွန်းမဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် မဘသကို ဆန်းစစ်ခြင်း မျက်နှာဖုံးဆောင်းပါးတွင် ဖော်ပြပြီးဖြစ်)သည်။ ထို့အပြင် နိုင်ငံရေးရှုထောင့်မှ ချဉ်းကပ်သူများ ကလည်း ၉၆၉နှင့် မ.ဘ.သ အဖွဲ့တို့၏ လှုပ်ရှားမှုတို့ကို နောက်ကွယ်တွင် အဖွဲ့အစည်းတစ်ခုက ကြိုးကိုင်နေခြင်းဖြစ်ပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေခြင်းဖြင့် နိုင်ငံရေးအပြောင်းအလဲများဖြစ်ချင်သည်ဆိုပါက ယင်းအဖွဲ့ကို အသုံးချသွားနိုင်မည်ဆိုသည့် အယူအဆများလည်းရှိကြသည်။
တချို့ကလည်း မ.ဘ.သ၏ ရည်ရွယ်ချက်များကို နှစ်သက်သဘောကျ ထောက်ခံသော်လည်း အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်၍ အမုန်းစကားပြောဆိုခြင်း၊ အစ္စလာမ်ဘာသာဝင်များနှင့် ဆက်နွှယ်နေ သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား တစ်နည်းနည်းဖြင့် ထိုးနှက်ခြင်းစသည့် လုပ်ရပ်များကို မကြိုက်ကြသည့် သူများလည်းရှိသည်။
ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေးဆန်သည့် အရေးအခင်းများ ဖြစ်ပွားခဲ့ပြီးသည့်နောက် ဘင်္ဂါလီနှင့် ရခိုင်တိုင်းရင်းသားများအကြား တင်းမာမှုများရှိလာခဲ့သည်။ ယင်းတင်းမာမှုသဘောထားသည် မြန်မာနိုင်ငံ အနှံ့တွင်ရှိသော အစ္စလာမ်ဘာသာဝင်တချို့နှင့် ဗုဒ္ဓဘာသာဝင်တစ်ချို့ကြားတွင်လည်း ကူးစက်လာခဲ့သည်။
ရခိုင်ပဋိပက္ခဖြစ်ပြီးသည့်နောက်မှာတော့ မိတ္ထီလာမြို့တွင် အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာတို့ကြား လူမျိုးရေး၊ ဘာသာရေးဆန်သည့် ပဋိပက္ခတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ဒေသတချို့တွင်လည်း ပြဿနာတချို့ဖြစ်ခဲ့သည်။ ရန်ကုန်ရှိ မြို့နယ်အချို့၌ပင် တင်းမာမှုတို့ ဖြစ်ခဲ့၏။ မန္တလေးမြို့တွင်လည်း အစ္စလာမ်ဘာသာဝင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦး သေဆုံးခဲ့သည့်အထိ ပဋိပက္ခဖြစ်ခဲ့သေးသည်။
ယင်းဖြစ်စဉ်တိုင်းတွင် ပဋိပက္ခကို စတင်သူမှာ မည်သူဖြစ်သည်ကို ပဟေဠိဆန်စွာ မေးခွန်းထုတ်ကြသည်။ တစ်ဦး တစ်ဖွဲ့က တမင်ဖန်တီးနေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုကြသည်။ သတင်းစာနှင့် ဂျာနယ်များတွင် ဒေသခံ မြို့ခံမဟုတ်သော လူများက ပဋိပက္ခတွင် ပါဝင်ကြသည်ဟု ဆိုကြ၏။
မည်သို့ပင်ဆိုစေ ယင်းဖြစ်စဉ်များ ဖြစ်ပွားသည်ဆိုပါက မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဝေဖန်ထောက်ပြခြင်းများ ရှိသလို ၉၆၉ နှင့် မ.ဘ.သ အဖွဲ့ကို မထောက်ခံသည့် သူများကတော့ ယင်းအဖွဲ့များ ကြောင့်ဟု လက်ညှိုးထိုးပြစ်တင်သူများကလည်း မနည်း။ အထူးသဖြင့် ဆရာတော်ဦးဝီရသူကို ပြေးမြင်ကြ သည်။ ဆရာတော်ကို အစွန်းရောက်ဘုန်းကြီးဟု အမည်တပ်ကြသည်။
Justice Trust အဖွဲ့မှ ၂၀၁၅၊ မတ်၌ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်၊ မိတ္ထီလာ၊ လားရှိုးနှင့် မန္တလေးမြို့ တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် ၉၆၉ ခေါင်းဆောင် ဦးဝီရသူက မွတ်စလင်မုန်းတီးရေးတရား များ ဟောကြား၍ဖြစ်စေ၊ လူမှုမီဒီယာမှတစ်ဆင့် လှုံ့ဆော်ခြင်းဖြစ်စေ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သည်ဟုပင် ရေးသားဖော်ပြခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမရှိဟု သမ္မတဦးသိန်းစိန်က ပြောကြားထားသလို ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်း ကိုသုံးစွဲနေခြင်းကိုပင် ရခိုင်တိုင်းရင်းသားများကလည်း အပြင်အထန် ကန့်ကွက်ထားသည်။ ယင်းအခြေအနေ တွင် ကုလသမဂ္ဂသို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု သုံးစွဲခဲ့သဖြင့် သူ့ကို ဦးဝီရသူက ပြည့်တန်ဆာအဖြစ် သတ်မှတ်ကြောင်း အခမ်းအနားတစ်ခုတွင် ပြောဆိုခဲ့သည်။
မစ္စရန်ဟီလီအပေါ် ဦးဝီရသူက ယင်းသို့ ခိုင်းနှိုင်းလိုက်ခြင်းကို ထောက်ခံသူများရှိသလို ဗုဒ္ဓဘာသာဝင် သံဃာတော်တစ်ပါးအနေဖြင့် ထိုစကားလုံးကို မသုံးနှုန်းသင့်ကြောင့်(ထိုသို့ မဆဲသင့်ကြောင်း)နှင့် ဆရာတော် ဦးဝီရသူကြောင့် ဗုဒ္ဓဘာသာဝင်များအပေါ် တခြားဘာသာများမှ အထင်အမြင်လွဲမှားသွားစေနိုင် သည်ဟူသော ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
ထို့ကြောင့် ဆရာတော်ဦးဝီရသူကို အစွန်းရောက်ဘုန်းကြီးအဖြစ် မြန်မာပြည်တွင်သာမက ကမ္ဘာကပါ ရှုမြင်ြ့ သူများကမနည်း။ တစ်ခြားတစ်ဖက်တွင်လည်း ထောက်ခံသူများက ဆရာတော်ကို အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအာဇာနည်တစ်ဦးအဖြစ် ရှုမြင်ကြသည်။
ဆက်လက်ဖော်ပြပါမည်။
(ဆရာတော်သီးဝီရသူနှင့် ဦးအောင်သောင်းတို့ တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည့် အကြောင်းအရာများကို လာမည့်လတွင် ဆက်လက်ဖော်ပြသွားပါမည်။)






1 comment:

  1. ပုံမှန်လေး တင်ပေးနိုင်ရင် ကောင်းမှာပါဖျာ့။

    ReplyDelete