Friday, September 25, 2015

“မဘသ၏ သာသနာပြုလုပ်ငန်းကို အန္တရာယ်ပြုလာမည့်လုပ်ငန်းမှန်သမျှ ရပ်တန့်အောင် ဆောင်ရွက်မည်ဟု ဆို”


နန်းအောင်
နေပြည်တော်-ပါတီကိုတိုက်ခိုက်ခြင်းမဟုတ်သော်လည်း ပါတီက မဘသ၏ သာသနာပြုလုပ်ငန်းကို အန္တရာယ်ပြုလာမည့် လုပ်ငန်းမှန်သမျှကို ရပ်တန့်အောင် ဆောင်ရွက်သွားမည်ဟု မဘသ ဗဟို ဦးဆောင်ဆရာတော်ဒေါက်တာအရှင်သောပါကက မျိုးစောင့်ဥပဒေအောင်မြင်သည့် အထိမ်းအမှတ် ဂုဏ်ပြုကြို ဆိုပွဲတွင် မိန့်ကြားသည်။
မျိုးစောင့်ဥပဒေဂုဏ်ပြုကြိုဆိုပွဲကို နေပြည်တော်တိုင်း မဘသ အဖွဲ့ ဦးဆောင်၍ စက်တင်ဘာ ၂၄ ရက်က နေပြည်တော်ဥပ္ပါတသန္တိကွင်းတွင် ကျင်းပခဲ့ပြီး ရဟန်းရှင်လူ ၆၀၀၀ ကျော်တက်ရောက်ခဲ့ပါသည်။
“ပါတီကို တိုက်ခိုက်တာမဟုတ်ပေမယ့် ပါတီက မဘသရဲ့ သာသနာပြုလုပ်ငန်းတွေကို သာသနာအတွက် အန္တရာယ်ပြုမယ့်လုပ်ငန်းမှန်သမျှ ရပ်တန့်အောင် မဘသအနေနဲ့ဆောင်ရွက်သင့်ရင် ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဆရာတော်ဒေါက်တာအရှင်သောပါက မိန့်ကြားသည်။
မဘသအဖွဲ့သည် ပါတီကောင်းစာရေးအတွက် လုပ်နေခြင်းမဟုတ်သည့်အပြင် လက်ရှိအစိုးရ၏ အာဏာတည်မြဲရေးအတွက် လုပ်ဆာင်နေခြင်းလည်းမဟုတ်ကြောင်းနှင့် မည်သည့်ပုဂ္ဂိုလ်နိုင်ငံခေါင်းဆောင် ဖြစ်ဖြစ် အမျိုးဘာသာ သာသနာကို စော်ကားလာမည်ဆိုပါက ငြိမ်ခံနေမည်မဟုတ်ကြောင်း ဆရာတော်က မိန့်သည်။
“ဘယ်သူပဲ တိုက်ခိုက်တိုက်ခိုက်၊ ဘယ်သူပဲ အပြစ်ပြောနေပါစေ မဘသသည် အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လာရင် ဆက်လက်ပြီးတော့ လုပ်ဆောင်နေပါမယ်ဆိုတာကိုလည်း နေပြည်တော်ဥပ္ပာတသန္တိခြေ တော်ရင်းကနေ တစ်ကမ္ဘာလုံးကြားသိအောင် ဒီနေ့ မဘသရဲ့ ဆောင်ရွက်မှုကို ပြောကြားလိုပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။
နိုင်ငံခေါင်းဆောင်များကို ရွေးချယ်ကြရာတွင်လည်း ဘာသာ သာသနာအတွက် တန်ဖိုးရှိသည့် ပုဂ္ဂိုလ်များကို အထူးသတိထားရွေးချယ်ကြရန် ဂုဏ်ပြုကြိုဆိုပွဲတက်ရောက်လာသည့် နေပြည်တော်မှ ပြည်သူများအားတိုက် မိန့်ဆိုခဲ့သည်။ ထို့အပြင် မဘသ ဗဟိုဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် မြနန်းဆရာတော်ဦးသဒ္ဓမ္မကလည်း မဘသ၏ မျိုးစောင့်ဥပဒေကို ဖျက်ဆီးမည်ဆိုပါက တိုင်းဖျက် ပြည်ဖျက် ရန်သူဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
“တိုင်းပြုပြည်ပြုအမျိုးဘာသာသာသနာစောင့်ရှောက်ရေးက ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာသန္ဓေတည်မြဲအောင် မျိုးစောင့်ဥပဒေကို မွေးဖွားပေးလိုက်တယ်။ မဘသရဲ့ မျိုးစောင့်ဥပဒေကို ဖျက်ဆီးမယ်ဆိုရင် အားလုံးရဲ့ တိုင်းဖျက်၊ ပြည်ဖျက်ရန်သူဖြစ်ပါတယ်” ဟု ဆရာတော်ဦးသဒ္ဓမ္မက မိန့်ကြားသည်။
မဘသအဖွဲ့က ဦးဆောင်၍ မြို့ကြီးများတွင် မျိုးစောင့်ဥပဒေအောင်ပွဲကို ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယင်းဥပဒေသည် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတကာနှင့် ပြည်တွင်း၌ ဝေဖန်ပြောဆို မှုများလည်းရှိနေသည်။


No comments:

Post a Comment