Monday, September 28, 2015

“ကိုယ်စားလှယ်လောင်းများကို ပုဒ်မ၅၉(စ)ပြင်မပြင် အပါအဝင် မေးခွန်းခြောက်ခုမေးပြီးမှ မဲပေးရန် မ.ဘ.သ ဥပဒေပညာရှင်ပြော”



ထားဝယ်၊ စက်တင်ဘာ ၂၇
ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်းများကို ပြည်သူအနေနှင့် ပုဒ်မ ၅၉(စ) ပြင်မပြင် အပါအဝင် မေးခွန်းခြောက်ခုမေးပြီးမှ မဲပေးကြရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ဥပဒေပညာရှင် ဦးအေးပိုင်က ပြောကြားသည်။
ပုဒ်မ ၅၉(စ)ပြင်မပြင် မေးခွန်းအပြင် ကိုယ်စားလှယ်လောင်း၏ ကိုးကွယ်ယုံကြည်မှု၊ မျိုးစောင့်ဥပဒေအပေါ် ထောက်ခံမှု ရှိ မရှိ၊ ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ကန့်သတ်ထားသည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိ မရှိနှင့် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရန် ကတိပေး မပေး စသည့် မေးခွန်းခြောက်ခုကို ကိုယ်စားလှယ်လောင်းအား မေးပြီးမှ မဲပေးရန် ဦးအေးပိုင်က ပြောကြားသည်။
ထားဝယ်မြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်သည့် တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ အောင်မြင်မှုအထိမ်းအမှတ်ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားမိန့်ခွန်းတွင် ပြောခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်အမတ်ကြီး မင်း ၅၉(စ)ကို မပြင်ဖို့ သဘောတူပါသလား။ ပြင်မယ်ဆိုရင် မဲမပေးပါနဲ့” ဟု ဦးအေးပိုင်က မိန့်ခွန်းတွင် မေးခွန်း ၆ ခုအနက် နံပါတ် ၅ မေးခွန်းကို ပြောကြားခဲ့သည်။
၎င်းအပြင် လွှတ်တော်ကိုယ်စားလှယ်က ဗုဒ္ဓဘာသာ မဟုတ်ပါက မဲမပေးရန်၊ မျိုးစောင့်ဥပဒေကို မထောက်ခံပါ က မဲမပေးရန်၊ အမျိုးစောင့်ဥပဒေကို မစောင့်ရှောက်ပါက မဲမပေးရန်၊ ဘင်္ဂါလီကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားသည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်မည်ဆိုပါက မဲမပေးရန်နှင့် အမျိုး ဘာသာ သာသနာကို စောင့် ရှောက်မည်ဟု ကတိမပေးနိုင်ပါက မဲမပေးရန် ၄င်းက ပြောကြားသည်။
“လူတွေကို အသိဉာဏ်ပေးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်စဉ်းစားဖို့ပါပဲ။ ဘုန်းဘုန်းတို့ကလည်း စဉ်းစားကြဖို့ပဲ ပြောတာပါ။ အမိန့်ပေးတာမဟုတ်ပါဘူး။ ကိုယ့်အသိဉာဏ်နဲ့ပဲလုပ်ကြပါ” ဟု မ.ဘ.သ ဗဟို ဦးဆောင်ဆရာ တော်တစ်ပါးဖြစ်သည့် နန်းဦးဆရာတော်က မိန့်ကြားသည်။
တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်မြင်မှုအထိမ်းအမှတ်ဂုဏ်ပြုကြိုဆိုသည့်အနေနှင့် စက်တင် ဘာလ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် လူထုအင်အား ၇ သောင်းခွဲခန့်(မ.ဘ.သ၏ ခန့်မှန်းချက် လူဦးရေ)ဖြင့် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီးမှ စတင်ထွက်ခွာကာ မြို့အတွင်း လြှ့်လည်၍ ရွှေဝယ်သီရိအားကစားကွင်းသို့ ချီတက်ကာ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
မည်သူမဆို လူမျိုးရေးကိုဖြစ်စေ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း စသည်တို့ကို ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၏ အခန်း(၁၃)တွင် ဖော်ပြထားသည်။
Dawei Watch

(စက်တာဘာ ၂၈၊ ၂၀၁၅ ရက်နေ့ထုတ် The VOICE Daily သတင်းစာမှ ကူးယူဖော်ပြသည်။)

No comments:

Post a Comment