ကျော်ဇေယျာထွန်း
ရေးသည်။
အခန်း(၄)
အမျိုးသားရေးတရားများ
ဟောကြားခြင်းကြောင့် အကျဉ်းကျခဲ့သည့် ဦးဝီရသူသည် ထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက်
အမျိုးသားရေးတရားများကို မဟောကြားတော့ဘူးဟု ဆုံးဖြတ်ထားခဲ့သည်။ ထောင်ကျသည်အထိ ဟောကြားခဲ့ပြီးဖြစ်ရာ
သူ့စိတ်ထဲတွင် တာဝန်ကျေပြီဟု ယူဆမိသည်။ သို့သော် ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ခြင်း၊ စာကြည့်တိုက်များဖွင့်လှစ်ခြင်းများနှင့်
အမျိုးသားရေးကို ဥပဒေဘောင်ထဲမှ ကာကွယ်နိုင်ရန် ကြိုးစားခြင်းစသည့် လက်တွေ့အလုပ်များကိုသာ
လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ထား ခဲ့သည်။ ထို့အပြင် တစ်ဖက်တွင်လည်း ဆရာတော်သည် နိုင်ငံရေးတရားများကိုသာ
ဟောကြားလိုတော့သည်။
ထို့ကြောင့်
အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသည့်နောက်တွင် မန္တလေးမြို့၌ အစ္စလာမ်ဘာသာဝင်တို့ အပါါအဝင်
အခြားသော ဘာသာဝင်များဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲများ ပြုလုပ်ခဲ့သည်။ နိုင်ငံရေးတရားများ
ဟောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခမ်းအနားများသို့ တက်ရောက်ကာ နိုင်ငံရေးတရားများ
ဟောကြားခဲ့သည်။
မြို့များ၊
ကျေးရွာများသို့ ရောက်သည့်အခါတွင်လည်း NLD အဖွဲ့ဝင်များက ဆရာတော်ကို ပင့်ဖိတ်ကာ သြဝါဒခံယူကြသည်။
ဆရာတော်ကလည်း သူ၏ နိုင်ငံရေးအမြင်များကို ချပြသည်။ NLD ၏ အားနည်းချက်နှင့် လုပ်သင့်လုပ်ထိုက်တာတွေကို
ထောက်ပြသည်။ နိုင်ငံရေးသမားတစ်ဦးတွင် ထားရှိရမည့် ယုံကြည်ချက်၊ ရပ်တည်ချက်၊ ခံယူချက်
စိတ်ထားများကို ဟောကြားခဲ့သည်။
ထိုစဉ်အချိန်က
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သစ်ရှိ ဆရာတော်ဦးဝီရသူနေသည့် ကျောင်းဆောင်၌ပင် ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်း
ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြသေးသည်။ ဒကာ၊ ဒကာမတချို့က အမျိုးသားရေးတရားများဟောကြားပေးရန်
ပင့်ဖိတ်ကြသေးသည်။ သို့သော် ဆရာတော်က လက်မခံ။ နိုင်ငံရေး တရားများသာ ဟောကြားပေးသည်။
မြစ်ကြီးနားထောင်မှ
ပြန်လည်လွတ်မြောက်လာပြီးသည့်နောက် ပလ္လင်ပေါ်တွင် ပထမဆုံးပြန်လည်ဟောကြား သည့်တရားပွဲမှာ
ရမည်းသင်းတွင် ဟောကြားခဲ့သည့် တရားပွဲဖြစ်သည်။ ပထမဆုံးပြန်ဟောရသည့်တရားပွဲ ဖြစ်သောကြောင့်
ဆရာတော်ဦးဝီရသူ၏ ဒကာ၊ ဒကာမများနှင့် ဆရာတော်အားမြင်ဖူးချင်သူ အများအပြား လာရောက်ကြသဖြင့်
တရားနာပရိသတ်က အထူးစည်ကားသည်။
“တဘက်တို့
မျက်နှာသုတ်ပဝါတို့အပေါ် ပထမဆုံးလမ်းလျှောက်ရတာ အဲဒီအကြိမ်ပဲ။ စိတ်ထဲဝမ်းနည်းတာပေါ့
ဗျာ။ ပန်းတွေ၊ ပလ္လင်တွေပြင်ထားတာ မွှေးကြိုင်နေတာပဲ။ ထောင်ထဲ ဒီလိုဘယ်နေရမလဲ။ အဲဒါ ဝမ်းနည်း
ပက်လက်နဲ့ ကျုပ်ခံစားရတာတွေ ထည့်ဟောတော့ လူတွေငိုကြတယ်”ဟု ပထမဆုံး ပြန်လည်ဟောကြားခဲ့ရ
သည့် တရားပွဲတွင် ခံစားရသည့် ခံစားမှုကို ဦးဝီရသူက ပြန်လည်မိန့်ကြားခဲ့သည်။
ပထမဆုံး
ပြန်လည်ဟောကြားရသည့် တရားဟောကြားရမှုအပေါ် ဆရာတော်က ယခုလို မှတ်ချက်ပေးမိန့်ဆို သည်။
“စပိ(Speed)က
တအားလေးသွားတယ်။ အာလေး၊ လျှာလေးဖြစ်သွားတယ်။ စကားတစ်လုံးနဲ့တစ်လုံး အရှိန် တော်တော်ယူပြီးဟောရတယ်။
ဟိုအရင်တုန်းက စစ်သေနတ်ပစ်သလိုမျိုး မဟောနိုင်တော့ဘူး။ အဲဒါဘာ ကြောင့်ဆိုတာလည်း(ဦးဇင်းများ)အဖြေမရှိဘူး”
သို့သော်
တရားနာပရိသတ်ကတော့ အတော်ကွာခြားသွားတာကို ဆရာတော် သတိပြုမိသည်။ ယခင်က တရားပွဲမဏ္ဍပ်များငှားရမ်းမည့်သူမရှိ။
ယခုတွင် ငှားရမ်းမည့်သူက ပေါသည်။ ယခင်က တရားပွဲတွင် လျှပ်စစ်မီး လာဆင်ပေးမည့်သူမရှိ။
ယခုတွင် ပရဟိတအဖွဲ့များက လုပ်ပေးကြသည်။ တရားပွဲတွင် လိုအပ်သည့်ဖျာ၊ ကောဇော၊ အသံချဲ့စက်၊
ဟွန်း စသည်တို့ကို လိုသလောက်ငှားရမ်းနိုင်သည်။ စက်ပစ္စည်းများလည်း ပိုမိုကောင်း မွန်လာသည်။
အကျဉ်းထောင်မှ
ပြန်လွတ်လာပြီးနောက် အပြင်လောကတွင် ယင်းသို့မြင်တွေ့လိုက်ရခြင်းကို ဦးဝီရသူက “ပြောရရင်
ငရဲပြည်ကနေ လူ့ပြည်ကို ပြန်ရောက်လာသလိုပဲ။ အကုန်လုံးက အထူးအဆန်းတွေချည်းဖြစ်နေ တာပေါ့”
ဟု မိန့်ဆိုသည်။



No comments:
Post a Comment