Monday, September 21, 2015

“တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အပိုင်း(၆)”

ကျော်ဇေယျာထွန်း ရေးသည်။
အပိုင်း(၂)
တံတာဦးလေဆိပ်အဆောက်အအုံအတွင်းပိုင်းတွင် သံဃာတော်များက အပြည့်။ လေဆိပ်ခန်းမတစ်ခုလုံးသည် သင်္ကန်းအရောင်များနှင့် ရဲရဲတောက်ကာနေ၏။ သူတို့၏ လက်ထဲတွင် သပြေပန်းခက်များ၊ နှင်းဆီပန်းများ ကိုယ်စီကိုင်ဆောင်ထားကြသည်။ သံဃာတော် ၂၀၀ ကျော်သည် အလယ်တွင် လူသွားလမ်းလုပ်၍ တစ်ပါးနှင့်တစ်ပါး မျက်နှာချင်းဆိုင် အနေအထားဖြင့် တန်းစီကာ မကြာမီ ဆင်းသက်လာမည့် လေယာဉ်ကို စောင့်ဆိုင်းနေကြသည်။
သူတို့စောင့်ဆိုင်းနေသည့်လေယာဉ်တွင် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာမည့် ဆရာတော်ဦးဝီရသူလိုက်ပါလာမည်ဖြစ်သည်။ မွန်းလွဲ ၂ နာရီအချိန့်မှာတော့ မြစ်ကြီးနားမှ ပျံသန်းလာသည့် လေယာဉ်သည် မန္တလေးလေဆိပ်သို့ ဆင်းသက်လာပါတော့သည်။
တံတားဦးလေဆိပ်သို့ ဆရာတော်ဦးဝီရသူ ရောက်လာသည်နှင့် စောင့်ဆိုင်းနေကြသော သံဃာတော်တို့သည် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ အဆောက်အအုံအတွင်းသို့ ဆရာတော်ဝင်လာသည့်အခါမှာတော့ သံဃာများက နှင်းဆီပန်းနှင့် သပြေပန်းခက်တို့ကမ်းကာ ဆရာတော်အား ကြိုဆိုနှုတ်ဆက်ကြသည်။
ဆရာတော်သည် နှင်းဆီပန်းနှင့် သပြေပန်းခက်တို့ကိုလက်ထဲတွင်ကိုင်ထားလျက် လက်အုပ်ချီကာ သံဃာတော်များအား ပြန်လည်နှုတ်ဆက်ဂါရဝပြုသည်။ သင်္ကန်းမလဲသေးဘဲ ဘိုးသူတော်ဝတ်ရုံ အဖြူရောင် ကိုသာ ဝတ်ဆင်ထားခြင်းကြောင့် သင်္ကန်းရောင် ရဲရဲတောက်နေသော သံဃာတော်များထဲတွင် အဖြူရောင် ဝတ်ရုံနှင့် ဆရာတော်ဦးဝီရသူက ထင်ရှားနေသည်။ သူသည် ဘယ်၊ ညာ မျက်နှာချင်းဆိုင်ရပ်ကာ စောင့်ကြို နေသော သံဃာတော်များကို အစွမ်းကုန်ပြုံးပြရင်း တစ်သီးချင်းစီကို နှုတ်ဆက်၏။ နှုတ်ခမ်းကို မစေ့တမ်းပြုံးပြထားရခြင်းကြောင့် ဖြူဖွေးနေသော သွားများကလည်း အထင်းသားပေါ်နေသည်။ အုပ်ချီထားသော သူ့လက်နှစ်ဖက်ကလည်း ရှေ့တိုးနောကက်ငင်ပြုရင်းစောင့်ဆိုင်းနေသော သံဃာတော်များ အား နှုတ်ဆက်နေသည်။
ထိုနေ့က တွေ့မြင်ခဲ့ရသည့် အတွေ့အကြုံနှင့် မြင်ကွင်းကို ဆရာတော်ဦးဝီရသူက ယခုလို မိန့်ဆိုသည်။
“မစိုးရိမ်ကျောင်းတိုက်မှာတော့ လေဆိပ်ထိသွားကြိုတဲ့သမိုင်းမရှိဘူး။ မစိုးရိမ်တိုက်မှာ စာဝါတွေ ပိတ်တယ်လို့ ထုံးစံမရှိဘူး။ ဒါပေမဲ့ ဦးဇင်းလွတ်တဲ့နေ့က စာဝါတွေ ပိတ်တယ်။ မန္တလေးလေဆိပ်ကို(ဆွမ်း)အငတ်ခံပြီး လာကြိုကြတာ လေဆိပ်မှာရဲပန်းတောင်းခက်သွားတယ်”
ဆရာတော်ဦးဝီရသူ၏ တပည့်သံဃာများ၊ ဒကာ၊ ဒကာမများသည် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် များစီးကာ တံတားဦးလေဆိပ်မှ မစိုးရိမ်ကျောင်းတိုက်သို့ ပြန်လာခဲ့ကြသည်။ မော်တော်ဆိုင်ကယ်များက ရှေ့ဆုံးမှ သွားကြသည်။ မော်တော်ယာဉ်တန်းက နောက်မှလိုက်၏။ ဦးဝီရသူစီးသည့် မော်တော်ယာဉ်နောက်မှ လိုက်ပါလာသည့် ဒိုင်နာကားများ၏ ခေါင်အမိုးပေါ်တွင် သံဃာများက အပြည့်။ ကားခေါင်မိုးပေါ်မှ သံဃာတို့ သည် သာသနာ့အလံများကို လွှင့်ထူကာ လိုက်ပါလာကြသည်။
မစိုးရိမ်ကျောင်းတိုက်သစ်မုခ်ဦးရှေ့သို့ အရောက်တွင် ကားတန်းကြီးသည် ရပ်တန့်သွားသည်။ ဦးဝီရသူသည် ကျောင်းတိုက်ထဲသို့ ကားဖြင့် တန်း၍မဝင်။ မင်းကွန်းဆရာတော်ကြီးဆိုလျှင် မစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ရောက်လျှင် သူ့ဆရာ၏ကျောင်းတိုက်ကို လက်အုပ်ချီကာ အရိုအသေပြုတတ်သည်။ သို့ဖြစ်၍ ဦးဝီရသူသည် လည်း မင်းကွန်းဆရာတော်ကြီးကို သတိရမိကာ မိခင်စာသင်တိုက်အဝင်တွင် အရိုအသေပြုကာ ရှိခိုးဦးချ နှုတ်ဆက်သည်။
ပြီးလျှင် ကျောင်းတိုက်ထဲသို့ ခြေကျင်လျှောက်၍ ဝင်သည်။ လေဆိပ်သို့ လာမကြိုနိုင်သည့်သံဃာများကို ဆရာတော်က နှုတ်ဆက်၏။ ကျောင်းတိုက်တွင် ကျန်ခဲ့သည့် သံဃာများကလည်း ဆရာတော်ကို လက်ခုပ်တဖြောင်းဖြောင်းတီးကာ နှုတ်ဆက်ကြိုဆိုကြသည်။ ကျောင်းတိုက်ထဲသို့ ဝင်လာသည့် ဦးဝီရသူ၏ နောက်တွင် သံဃာအုပ်ကြီးက ကပ်၍ လိုက်ပါလာပြီး သာသနာ့အလံ ဝှေ့ယမ်းသူ ဝှေ့ယမ်း၊ လက်ခုပ်တီးသူက တီးနှင့် မစိုးရိမ်တိုက်သစ်တစ်ဝန်းလုံး ဆူညံနေတော့သည်။
ဦးဝီရသူသည် သူ၏ကျောင်းဆောင်တွင် ခဏနားပြီးနောက် သံဃာတော်များကို စုစည်းကာ သြဝါဒပေးရန် စီစဉ်သည်။ မစိုးရိမ်ကျောင်းတိုက်ဝင်းအတွင်းရှိ လေးထပ်စာချကျောင်းဆောင်တွင်ဖြစ်၏။ ဆရာတော်မှ သြဝါဒပေးမည်ဆိုသောအခါ စာချဆောင်ခန်းမကြီးအတွင်း သံဃာများ ပြည့်လျှံသွားသည်။ သံဃြဦးရေ တစ်ထောင်ကျော်မည်။
ခန်းမအတွင်းရှိ စင်မြင့်ပေါ်တွင် ဆရာတော်ထိုင်ရန် ကုလားထိုင်တစ်လုံးနှင့် စားပွဲခုံတစ်လုံးချပေးထားသည်။ စားပွဲခုံပေါ်တွင် ရေဘူးနှင့် ရေခွက်တင်ထားသည်။ သာသနာ့အလံတစ်ခုကိုလည်း လွှင့်ထူထားသည်။ ခန်းမနေရာမလုံလောက်သဖြင့် သံဃာတချို့က စင်မြင့်ပေါ်တွင် တက်ထိုင်ကြရသည်။
ဆရာတော်သည် ချပေးထားသည့် ထိုင်ခုံတွင်မထိုင်ဘဲ မတ်တတ်ရပ် အနေအထားဖြင့်ပင် သြဝါဒပေးမည် ဖြစ်သည်။ နီညိုရောင်သင်္ကန်းများ ထိပ်ဆုံးတွင် အဖြူရောင်ဝတ်ထားသည့် ဆရာတော်က ထင်ရှားနေ၏။ ဆရာတော်သည် လက်နှစ်ဖက်ကို ကြာဖူးသဖွယ်လုပ်ကာ လက်အုပ်ချီထားသည်။ မိုက်ကို အုပ်ချီထားသည့် လက်နှစ်ဖက်ကြားထဲ ညှပ်ထား၏။ အသံချဲ့စက်မှတစ်ဆင့် ဆရာတော်ဦးဝီရသူ၏ အသံထွက်လာသည့်အခါမှာ ရုတ်ခြည်းဆိုသလို တိတ်ဆိတ်သွားသည်။ ဆရာတော်၏အသံသည် ဖြည်းဖြည်းအေးအေးဖြင့် တစ်လုံးချင်း ထွက်လာသည်။
“ဆရာတော် အရှင်သူမြတ်တို့ဘုရား ဦးစွာ ဘုရားကန်တော့ပါ့မယ်၊ တရားကန်တော့ပါ့မယ်၊ သံဃာတော်ကို ကန်တော့ပါ့မယ်။ ပြီးမှ တပည့်တော် သြဝါဒပေးပါ့မယ်” ဟု အစချီကာ မိန့်ကြားလေသည်။
ပြီးလျှင် ဆရာတော်က ဦးဆောင်၍ ခန်းမအတွင်းရှိ သံဃာများအားလုံး နမောတဿ သုံးကြိမ်ရွတ်ဆိုကြ လေသည်။ နမော တဿသုံးကြိမ် ရွတ်ဆိုပြီးသည့်နောက် ဆရာတော်ဦးဝီရသူက ဘုရား၊ တရား၊ သံဃာတိုပကို ကန်တော့သည်။
ပြီးလျှင်သူက “တပည့်တော် သိက္ခာမချသေးပါဘူး။ အခုလို အဝတ်ဖြူနဲ့ တပည့်တော် ထောင်ထဲကအတိုင်း ဒီလိုပုံစံနဲ့ပဲနေပါတယ်။ နွေရာသီဆိုရင် အင်္ကျီလက်ရှည်မဝတ်ပါဘူး။ အင်္ကျီလည်း မဝတ်ပါဘူး။ ဆောင်းဆိုရင်တော့ အခုလို အနွေးထည်အဖြူနဲ့နေတယ်။ ထောင်ကထွက်တော့လည်း ဒီပုံစံနဲ့ ထွက်ပါတယ်” ဟု မိန့်ဆိုပြီး သင်္ကန်းမဝတ်သေးဘဲ ဝတ်ရုံအဖြူဖြင့် နေနေရခြင်းအကြောင်းရင်းကို ယခုလို ဆက်လက်မိန့် ဆိုသည်။
“သင်္ကန်းမဝတ်ရသေးခြင်းရဲ့အကြောင်းကတော့ နံပါတ်တစ် သံဃနာယကကို ခွင့်တင်ရဦးမှာမို့လိုပါ။ နံပါတ်နှစ် တပည့်တော်တို့လို ထောင်ကျနေတဲ့ သံဃာတွေ သင်္ကန်းဝတ်ခွင့်ရအောင်လို့ တပည့်တော် တိုက်ပွဲဝင်ရဦး မှာဖြစ်လို့ပါဘုရား။ ဒီသင်္ကန်းကို မမြတ်နိုးလို့ မဟုတ်ပါဘူးဘုရား။ သင်္ကန်းကို ခိုးကြောင်ခိုးဝှက်အဝတ်နဲ့ အထပ်ထပ်ချုပ်ပြီးတော့ တပည့်တော်အခန်းထဲမှာ ထောင်အာဏာပိုင်တွေမသိအောင် ခေါင်းခုအိပ်ပါတယ် ဘုရား။ အခုလည်း အဲဒီသင်္ကန်းပါလာပါတယ်ဘုရား” ဟု မိန့်ကြားသည်။
ဆရာတော်က ဆက်၍ “အရှင်ဘုရားတို့ကို ဒီလို စုံစုံညီညီနဲ့ ဟောရတာ ဝမ်းသာပါတယ်ဘုရား။ လေဆိပ် လာကြိုတဲ့ သံဃာတွေကိုလည်း အင်မတန်အားရှိပါတယ်။ တိုက်ထဲဝင်လိုက်တာနဲ့ သံဃာတွေ သောင်းသောင်း ဖြဖြ ကြိုဆိုတာကိုလည်း အင်မတန်ကို ကျေးဇူးတင်ပါတယ်ဘုရား။ အဲဒါကြောင့် အရှင်ဘုရားတို့ ဝါဝါထိန်ထိန် မိန့်ခွန်းကို ကြိုက်သလား။ ရဲရဲတောက်မိန့်ခွန်းကို ကြိုက်သလား” ဟု ပြုံးရယ်လျက် မေးလေ၏။
ထိုအခါ ခန်းမထဲတွင်ရှိသော သံဃာတော်များက “ရဲရဲတောက်မိန့်ခွန်းကို ကြိုက်ပါတယ်ဘုရား” ဟု သံပြိုင် ပြန်လည်ဖြေကြားလေသည်။
“ကောင်းပြီ” ဟု ဆိုပြီး စကားကို ခဏရပ်ထားလိုက်သည်။ ပြီးလျှင် “ထေရဝါဒ သာသနာတော်ကြီးမှာ မစိုးရိမ် တိုက်သစ်ဟာ ခံတပ်ကြီးတစ်ခု ဖြစ်နေရမယ်” ဟု အသံကို မြှင့်၊ အံကိုကြိတ်ကာ မိန့်လေသည်။
“ရှေ့တန်းမှာ တိုက်စစ်မှူးတွေ မွေးထုတ်ပေးတဲ့ တပ်မဟာကြီးတစ်ခု ဖြစ်နေရမယ်” ဟု အသံကိုမြှင့်ကာ ထပ်မံ မိန့်ဆို၏။
ပြီးလျှင် အသံကို ပြန်လည်နှိမ့်ချလျက် “အလယ်တန်းမှာ ထောက်ပံ့ရိက္ခာပို့နေတဲ့ ထောက်ပံ့ရေးတပ်ကြီး ဖြစ်နေရမယ်။ ထေရဝါဒသာသနာအတွက်ပါဘုရား။ ဒီလိုပဲ ၁၉၂၀ ခုနှစ်က မြန်မာပြည်ရဲ့ နိုင်ငံရေးမျက်စိကို စဖွင့်ပေးခဲ့တဲ့ ဆရာတော်အရှင်ဥတ္တမ၊ ဦးဥတ္တမထုံးကို နှလုံးမူပြီးတော့ ဘုရားတပည့်တော်တို့ နိုင်ငံရေး လောကကို သံဃာတော်တွေက ဦးဆောင်ရပါမယ်ဘုရား” ဟု မိန့်ဆိုလေသည်။
ဆရာတော်ဦးဝီရသူ၏ သြဝါဒအဆုံးမှာတော့ “မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဝီရသူရဲ့အခန်းကဏ္ဍ ဘယ်လောက်ကြီးမားတယ်ဆိုတာ အရှင်ဘုရားတို့ သိစေရမယ်” ဟု မိန့်ကြားကာ အခမ်းအနားကို အဆုံးသတ်လေသည်။ ထိုအခါ သြဝါဒခံ သံဃာတော်များက လက်ခုပ်လက်ဝါး တဖြောင်းဖြောင်း တီးကြ လေသည်။
မန္တလေးထောင်နှင့် မြစ်ကြီးနားထောင်တွင် ရှစ်နှစ်ကျော်ကြာ အကျဉ်းကျခံနေရပြီးသည့်နောက် မြစ်ကြီးနားမှ ပြန်လည်လွတ်မြောက်လာပြီး ဆရာသမား၊ တပည့်သံဃာ၊ ဒကာ၊ ဒကာမများနှင့် ပြန်လည်တွေ့ဆုံခဲ့ရသည့် ခံစားမှုကို ဦးဝီရသူက ယခုလို မိန့်ကြားသည်။

“အဲဒီနေ့က ဘယ်လောက်ပျော်စရာကောင်းသလဲဆိုရင် ၂၄ နာရီမှာ နာရီဝက်ပဲ အိပ်လိုက်ရတယ်။ လာနှုတ် ဆက်တဲ့လူတွေများလို့”




No comments:

Post a Comment