ခင်ဗျားတို့တတွေ
မ.ဘ.သ လုပ်သမျှ အကောင်းမမြင်ခဲ့ကြဘူး။
လူ့အခွင့်အရေးနဲ့မညီတော့
မညီဘူးပြောကြတယ်။
ညီအောင်လုပ်ထားပြန်တော့လည်း
သဘောမတူကြပြန်ဘူး။
ခင်ဗျားတို့စာနယ်ဇင်းသမားတွေကိုယ်တိုင်ကိုက
အာဏာရှင်ဆန်နေပါတယ်ဗျာ။
အောင်ပွဲခံတာ
တိုက်ဆိုင်မှုမဟုတ်သလို ချိန်သားကိုက် လုပ်ကိုင်နေကြခြင်းမဟုတ်ပါဘူး။
ခင်ဗျားတို့တတွေသာ
မကန့်ကွက်ခဲ့ကြရင် အမျိုးစောင့်ဥပဒေ လွတ်လွတ်ကျွတ်ကျွတ် လွယ်လွယ်ကူကူ ပေါ်ထွက်ခဲ့ရင်
ဒီအချိန်ထိ ရောက်မလာပါဘူး။
ခင်ဗျားတို့တတွေကန့်ကွက်ခဲ့ကြလို့
ဒီအချိန်ကျမှ ပေါ်ထွက်လာတာ ဘယ်သူ့အပြစ်လဲ?။
ကန့်ကွက်သူတွေရဲ့အပြစ်လား......?
အောင်ပွဲခံသူတွေရဲ့
အပြစ်လား......?
ဘယ်သူမဆို
ကိုယ့်လုပ်ငန်းကို တစိုက်မက်မက် ကန့်လန့်တိုက်ခဲ့သူတွေကို စေတနာရှိပါ့မလား....?
သဒ္ဒါနိုင်ပါ့မလား......?
ဆန္ဒမဲဆိုတာ
စေတနာနဲ့သဒ္ဒါတရားအပေါ် မူတည်တယ်လေဗျာ။
စေတနာရှိအောင်နေရင်
မဲပေးမှာပေါ့။
ကြည်ဖြူအောင်နေရင်
သဒ္ဒါမှာပေါ့။
ရှင်းတယ်နော်...........။
စေတနာမရှိလို့
ဒီလိုပြောတာကို လက်ကိုင်တုတ်လို့ စွပ်စွဲရင် အရက်သမားပဲ နစ်နာမှာပါဗျာ။
သူတော်ကောင်းကတော့
ဘာမှမဖြစ်ပါဘူး။
စေတနာမရှိလို့
စေတနာမရှိကြောင်းပဲ ပြောကြတာပါ။
ဘယ်သူ့ကိုမဲထည့်ပါ
ဘယ်ဝါကိုမဲထည့်ပါဆိုတာ မပါပါဘူး။
ခင်ဗျားတို့ကမှ
မူဆလင်မဲတွေရအောင် တာဝန်သီးသန့်ပေးပြီး မဲဆွယ်တာမျိုးရှိပါသေးတယ်ဗျာ။
ကျန်တဲ့ပါတီတွေက
ခင်ဗျားတို့လို လူမျိုးတစ်မျိုးတည်းခွဲပြီး စည်းရုံးတာမျိုးမရှိခဲ့ပါဘူး။
အမှန်အတိုင်းပြောတော့
အနာပေါ်တုတ်ကျသလို ဆားပတ်ခံရသလို အရက်သမားတွေ အဖျက်သမားတွေ ခံစားကြရမှာပေါ့ဗျာ။
ပါတီတစ်ခုတည်းကိုပဲကြည့်ပြီးမဲပေးရအောင်
ဘယ်ပါတီက အာမခံချက် အပြည့်အဝရှိလို့လဲဗျ။
ပြည်သူတွေကို
အချဉ်မထင်ပါနဲ့။
ကျုပ်တို့
မ.ဘ.သ အဖွဲ့ကြီးက ငါးသန်းကျော်သောမဲတွေကို ဆုပ်ကိုင်ထားပါတယ်ဗျာ။
ဘယ်သူ့ကိုပေးရမယ်လို့
ခုချိန်ထိ မဆုံးဖြတ်သေးပါဘူး။
တိုင်းပြည်နဲ့လူမျိုးအတွက်
ဘာသာ နဲ့ သာသနာအတွက် ယုံကြည်စိတ်ချ အားကိုးထိုက်တဲ့သူတွေ့ရင် NLD အမတ်ကိုလည်း မဲပေးမယ်ဗျ၊
U.S.D.P ကိုလည်း မဲပေးမယ်ဗျ။ ပါတီသေးသေးလေးတွေကိုလည်း မဲပေးမယ်ဗျ။ တစ်သီးပုဂ္ဂလ အမတ်လောင်းတွေကိုလည်း
မဲပေးမယ်ဗျ။
ကျုပ်တို့က
အဂတိကင်းပါလျက်နဲ့ ဗိုလ်ကျချင်တဲ့ခင်ဗျားတို့ ဗိုလ်ကျလို့မရမှာစိုးတာနဲ့ ကျုပ်တို့ကို
တိုက်ခိုက်နေ ကြတာဟာ ခင်ဗျားတို့ပါတီ အောင်နိုင်ရေးနည်းဗျူဟာတွေလားဗျာ။
အရက်သမားဉာဏ်နဲ့မဖြေပဲ
သူတော်ကောင်းစိတ်လေးမွေးပြီး ဖြေကြည့်ပါနော်........။
ငှဲ.....ငှဲ.....ငှဲ..........။
ဝီရသူ(မစိုးရိမ်)
29.9.2015
PM
6:21
==========================================================
“ မဘသ နဲ့ ပြည်ခိုင်ဖြိုး ချိန်ကိုက် လုပ်နေကြသလား
”
စည်သူအောင်မြင့် “”
မြန်မာပို့စ် ဂျာနယ်၊ ၂၈-၉-၁၅။ စာ-၁၄။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မှာ ရွေးကောက်ပွဲဝင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ဟာ လူမျိုးခြား ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားထားသူတွေက တိုင်းပြည်ကိုချစ်ပါတယ် ဆိုပြီးပြောဆိုလာရင် မယုံကြဖို့ ဒေသခံတွေကို ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်း၊ ကျောက်ခဲအင်းကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အလားတူ မျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် အခန်းအနားတွေ ကျင်းပပြုလုပ်နေတဲ့ မဘသ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဦးဆောင် ဆရာတော်တစ်ချို့ကလည်း အလားတူ ဟောပြောမှုတွေ လုပ်နေကြတာ တွေ့ရပါတယ်။ အခုဖြစ်ရပ်တွေဟာ မတော်တဆ တိုက်ဆိုင်မှုတွေပဲလား၊ ဒါမှမဟုတ် ပြည်ခိုင်ဖြိုးပါတီနဲ့ မဘသ ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး ခုလို ချိန်သားကိုက် လုပ်ကိုင်နေကြသလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
အဲဒီနေ့က ၀န်ကြီးဦးမြင့်လှိုင် ပြောခဲ့တာကတော့ ခုလိုပါ။ "ကုလားကြီးကို ယူပြီးမှ၊ ဟိန္ဒူကြီးကိုယူပြီးမှ၊ မွတ်ဆလင်ကြီးကိုယူပြီးမှ၊ နီဂရိုးကြီးကို ယူပြီးမှ အင်္ဂလိပ်ကြီးကိုယူပြီးမှ ကျမအမျိုးကို ချစ်ပါတယ်၊ တိုင်းပြည်ကိုချစ်ပါတယ်လို့ပြောရင် နားမထောင်ပါနဲ့။ ကျွန်တော် တိုင်းပြည်ကို သိပ်ချစ်ပါတယ် သာသနာကို လုပ်ပါမယ် ပြောပြီး ဘာသာခြားကို ယူထားရင် ယုံမလား။" ဆိုပြီး ဖြစ်ပါတယ်။ ဦးမြင့်လှိုင်ရဲ့ ဒီ ပြောစကားဟာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ် ဆိုတာ အားလုံးက နားလည်ကြပါတယ်။ ပြောရရင် ပြည်ခိုင်ဖြိုးပါတီကနေ အမတ်လောင်း အဖြစ် အရွေးခံမယ့် ဦးမြင့်လှိုင်ဟာ တစ်ဖက် ပါတီခေါင်းဆောင်ကို ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ် တိုက်ခိုက်လိုက်တာပဲ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ဧရာဝတီတိုင်းမှာ ပြုလုပ်ခဲ့တဲ့ မျိုးစောင့်ဥပဒေ အောင်မြင်မှု ဂုဏ်ပြုကြိုဆိုပွဲမှာ မဘသ ဗဟိုအဖွဲ့ဝင် မြတောင် ဆရာတော်က အင်န်အယ်လ်ဒီ ပါတီကို မဲမပေးဖို့ ပြောင်ပြောင်တင်းတင်းပဲ မိန့်ကြားခဲ့ပါတယ်။ ပွဲမှာ ဆရာတော်က “ အစ္စလာမ်ဘာသာကို ပံ့ပိုးပေးထားတဲ့ ပါတီကိုရော မဲပေးလို့ ရမလား၊ မဲပေးမလား၊ မပေးဘူးလား၊” လို့ ပရိတ်သတ်ကို မေးပါတယ်။ ပရိတ်သတ်က “ မပေးပါဘူး ဘုရား” လို့ ပြန်လျောက်ပါတယ်။ ဒီအခါ ဆရာတော်က “ဘယ်ပါတီလဲ” ဆိုပြီး ပြန်မေးပါတယ်။ တက်လာတဲ့သူတွေက “အင်န်အယ်လ်ဒီ ပါ ဘုရား” ဆိုပြီး ဖြေပါတယ်။ ဒီအခါ ဆရာတော်က “ အေး ကိုယ့်ဖာသာသိ” ဆိုပြီး ပြန်မိန့်ခဲ့ပါတယ်။ အလားတူပါပဲ။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ လုပ်ခဲ့တဲ့ မျိုးစောင့်ဥပဒေ အောင်မြင်တဲ့အထိမ်းအမှတ်ပွဲကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ မဘသ ဗဟိုဥက္ကဌ အင်းစိန် ရွာမ ဆရာတော်ကလည်း “မျိုးစောင့်ဥပဒေ ဖျက်မယ့်သူတွေကို ရှောင်ကွင်းပြီး မျိုးစောင့်ဥပဒေကို ကာကွယ်မယ့်သူတွေကိုသာ ကိုယ်စားလှယ်လောင်း ရွေးချယ်ကြဖို့ အဓိက လိုအပ်တယ်” ဆိုပြီး အင်န်အယ်လ်ဒီ ကို မဲမပေးဖို့ သွယ်ဝိုက် ပြောဆိုတာမျိုး လုပ်ခဲ့ပါတယ်။
တစ်ပြိုင်နက်တည်းပါပဲ။ ရွေးကောက်ပွဲဝင်မယ့် မန္တလေး မြို့ခံ အမတ်တွေကို အိမ်တိုင်ရာရောက် အင်တာဗျူးလုပ်၊ ဗီဒီယို ရိုက်ကူးထားပြီး အဲဒီ စီဒီခွေတွေကို တစ်အိမ်တက်ဆင်း လိုက် ဖြန့်ဖြူးမယ် ဆိုတဲ့ မစိုးရိမ် တိုက်သစ်က အရှင်ဝီရသူကလည်း အင်န်အယ်လ်ဒီ ပါတီကို တိုက်ခိုက်တဲ့ စကားတွေ အမေရိကန် အခြေစိုက် RFA သတင်းဌာနကို ခုလို ပြောဆိုခဲ့ပါတယ်။ “မူဆလင်တွေကိုမဲဆွယ်ဖို့ ဆိုပြီး အန်အယ်ဒီက မန္တလေး တာဝန်ခံ ဒုဥက္ကဌ ဒေါ်ဝင်းမြမြကို တာဝန်ပေးထားတာပေါ့။ မူဆလင်ဆီကိုစည်းရုံးရေးဆင်းဖို့။အဲဒီလိုတကူးတကကြီးမူဆလင်မဲ ရအောင် တာဝန်ပေးစည်းရုံးခိုင်းတာတော့ အန်အယ်ဒီပါတီတစ်ခုထဲဘဲရှိတာပေါ့နော်။ အန်အယ်ဒီတွေရဲ့စည်းရုံးရေးပုံစံတွေကတော့ ဦးပုဇဉ်းတို့ ဘုရားတရားတော်နဲ့တော့ မညီပါဘူးခင်ဗျာ။” ဆိုပြီး မိန့်ကြားခဲ့ပါတယ်။
မဘသ အဖွဲ့ကြီးဟာ ပြီးခဲ့တဲ့နှစ်က မျိုးစောင့်ဥပဒေ ၄ ခု ပြဌာန်းပေးဖို့ ဆိုပြီး သမ္မတ ဆီ တင်ပြခဲ့ပါတယ်။ သမ္မတ ကနေ လွှတ်တော် နာယက သူရဦးရွှေမန်းဆီ အကြောင်းကြားတဲ့အခါ ဦးရွှေမန်းက ဥပဒေလေးခု ပြဌာန်းရေး သက်ဆိုင်ရာတွေကို တိုက်ရိုက် တာဝန်ပြန်ပေးခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဥပဒေ ပြဌာန်းဖို့ သင့်မသင့်၊ ပြဌာန်းမယ်ဆိုရင် ဘယ်လိုအမျိုးအစား ဥပဒေ၊ ဘယ်နှစ်ခု ပြဌာန်းမယ်၊ ဘယ်သူတွေကို ပြုစုရွေးဆွဲခိုင်းမယ် စတာတွေကို လွှတ်တော်တွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာ မလုပ်ခဲ့ပဲ လွှတ်တော် နာယက တစ်ယောက်တည်းရဲ့ သဘောနဲ့ ဥပဒေပြဌာန်းဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာသေးခင် လွှတ်တော်တွေ မရပ်နားခင် တုန်းမှာပဲ ပြည်ထောင်စု လွှတ်တော်ဟာ မျိုးစောင့် ဥပဒေ လေးခု စလုံးကို ပြဌာန်းပေးလိုက်ပြီး သမ္မတ ကလည်း အတည်ပြု ထုတ်ပြန်ကြေငြာပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒီနောက် ရွေးကောက်ပွဲ မဲဆွယ်ပွဲနဲ့ အပြိုင် မဘသ အဖွဲ့ကြီးရဲ့ မျိုးစောင့်ဥပဒေ အောင်ပွဲသဘင်တွေ နိုင်ငံအနှံ့ ကျင်းပ နေကြတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မှာ ကျင်းပခဲ့တဲ့ မျိုးစောင့်ဥပဒေ အောင်ပွဲ အခန်းအနား ကျင်းပရေးကိုလည်း ဧရာဝတီတိုင်း အစိုးရနဲ့ စည်ပင်သာယာရေး အဖွဲ့တွေက အပြည့်အ၀ ကူညီပံ့ပိုးပေးခဲ့ပြီး ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်လည်း တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေး တက်လာတဲ့ မဘသ ဆရာတော် တစ်ပါးကလည်း မျိုးစောင့်ဥပဒေ အောင်ပွဲကို အကူအညီပေးတဲ့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကို ချီးကျူးစကား မိန့်ကြားခဲ့ပါသေးတယ်။ သိပ်မကြာသေးခင်တုန်းကလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအတိုင်ပင်ခံလည်းဖြစ်၊ အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဌ လည်းဖြစ်တဲ့ ဦးခင်အောင်မြင့်က မ-ဘ-သ ထောက်ခံမှုနဲ့ ဦးသိန်းစိန် သမ္မတ ပြန်ဖြစ်နိုင်ခြေ များသွားပြီ ဆိုပြီး မြန်မာသံတော်ဆင့် ဂျာနယ်ကို ပြောဆို ဟောကိန်းထုတ်ခဲ့ပါသေးတယ်။ သူပြောတဲ့ စကားလုံး အပြည့်အစုံက “ မှန်ရင်လည်း မှန်မယ်၊ မှားရင်လည်း မှားမယ်၊ အဘ အမြင်ပေါ့နော်၊ မဘသ က အင်န်အယ်လ်ဒီ တက်လာမှာကို သူက ကြောက်တယ်၊ တော်တော် ဆိုးတာ၊ အဲဒါပါပဲ။ အဲဒီတော့ ဦးသိန်းစိန်ကို အားပေးတာ၊ ဖြစ်နိုင်ခြေ တွက်တဲ့အခါကျတော့ Possibility က ဦးသိန်းစိန် များသွားတယ်။” ဆိုပြီး ဖြစ်ပါတယ်။
ခုဆိုရင် အနယ်နယ် အရပ်ရပ်မှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဘာသာရေး လူမျိုးရေးနဲ့ မဟုတ်မမှန် လုပ်ကြံစွတ်စွဲ ပုတ်ခတ် တိုက်ခိုက်ထားတဲ့ စာရွက်တွေကို ဖြန့်ဝေမှု ကြုံနေကြရပါပြီ။ တစ်ချို့ ဖြန့်ဝေမှုတွေကို ပြည်ခိုင်ဖြိုးပါတီဘက်က လုပ်ကိုင်တာ ဖြစ်ကြောင်း သက်သေ အထောက်အထား ရထားပြီး အာဏာပိုင်တွေဆီ တိုင်တန်းထားတယ်လို့လည်း အင်န်အယ်လ်ဒီ နာယက သူရဦးတင်ဦးက ပြောဆိုခဲ့ပါသေးတယ်။ အခုဆိုရင် မဲဆွယ် စည်းရုံးပွဲတွေ သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီ ပြသနာတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပရိသတ်တွေက အောက်ခြေ ပြည်သူတွေ အကြားမှာ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ သာ အနိုင်ရသွားရင် ကုလားတွေ အုပ်ချုပ်တော့မှာပဲ ဆိုတဲ့ မမှန်မကန် စကားလုံးမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလို ပြောဆို စည်းရုံးတိုက်ခိုက်တာဟာ အောက်တန်းကျတဲ့ နိုင်ငံရေး ဖြစ်တဲ့အကြောင်း၊ ပြည်သူတွေကို တန်ဘိုးမထားတဲ့ ဒီလို လူတွေရဲ့ စကားကို နားထောင်စရာ အကြောင်းကို မရှိတဲ့အကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။
အခုဆိုရင် အာဏာရ ပြည်ခိုင်ဖြိုး အစိုးရနဲ့ လွှတ်တော်က မျိုးစောင့်ဥပဒေ တွေကို အချိန်မီ အလျင်အမြန် ပြဌာန်းပေးလိုက်တာ၊ ရွေးကောက်ပွဲကာလမှာ မဘသ ဆရာတော် တစ်ချို့က ဘာသာရေး လူမျိုးရေး ပြောပြီး အင်န်အယ်လ်ဒီ ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင် တိုက်ခိုက်လာတာ၊ ပြည်ခိုင်ဖြိုး အမတ်တစ်ချို့ကလည်း အမျိုးဘာသာ သာသနာ ဆိုတဲ့ စကားလုံးမျိုးတွေနဲ့ မဲဆွယ်စည်းရုံးလာတွေကိုကြည့်ရင် ဒါတွေဟာ ကြိုတင်ပြင်ဆင်မှု ရှိရှိ ချိန်ကိုက် လှုပ်ရှားနေကြတာလားလို့ သံသယ ၀င်စရာ ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

No comments:
Post a Comment