Thursday, July 30, 2015

“မဘသ အား အတိုက်အခံမလုပ်ရန် ဦးဝီရသူ တိုက်တွန်း”

မန္တလေး၊ ဇူလိုင် ၂၉၊ ကျော်ဝေမင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ မဘသအဖွဲ့က ရေဘေးသင့်ပြည်သူများအတွက် အဝေးမှ လာရောက်လှူဒါန်းကြသူများအား ၄င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီးမှသာ လှူဒါန်းမှုပြုလုပ်ပါရန် ပြောကြားမှု အပေါ် နားလည်မှုလွဲ၍ လူမှုကွန်ရက်တွင် မဘသက နှင်လွှတ်သည်ဟု သတင်းများပြန့်နှံ့လျက်ရှိကြောင်း ဆရာတော်ကမိန့်သည်။
ဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဆရာတော်ဦးဝီရသူက အားလုံးအကျိုးရှိစေရန် ဆောင်ရွက်နေ၍ မဘသ အဖွဲ့ကို အတိုက်အခံလုပ်မနေဘဲ ကုသိုလ်အရေးကိုသာရှေးရှု၍ ဆောင်ရွက်ကြရန် မိန့်ကြားလိုက်ခြင်းဖြစ်သည်။
“အစိုးရဝန်ထမ်းတွေ ကြားထဲမှာတောင် စကားပုံတစ်ခုရှိတယ်။ ကျော်မစားနဲ့၊ ပေါင်းစားရင် အန္တရာယ် ကင်းတယ်လို့ဆိုပြီး တော့လေ။ အဓိကက ဒုက္ခသည်တွေရဲ့ လက်ထဲကို ထည့်ချင်တာလား။ ဒါမှမဟုတ် တခြားဘာရည်ရွယ်ချက်တွေရှိလို့လဲပေါ့။ ကုသိုလ်ကောင်းမှုလုပ်တာချင်း အတူတူပဲလေ” ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ကောလင်းမြို့နယ်သို့ လာရောက်ကာ ရေဘေးကူညီသူများအား ကောလင်း မဘသ အဖွဲ့က ပြန်လွှတ်ခြင်းမှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ကောလင်းမြို့နယ် မဘသ ဥက္ကဋ္ဌဆရာတော်ကလည်း ပြန်လည်ရှင်းပြ ထားသည်။


“လာရောက်လှူဒါန်းတဲ့အခါ ဘုန်းကြီးတို့ကို ဆက်သွယ်စေချင်တာလေး တစ်ခုပါပဲ။ ကျန်တာဘာမှ မရှိပါဘူး။ အဝေးကလာတဲ့သူတွေအနေနဲ့ အခက်အခဲဖြစ်မှာစိုးလို့ပါ။ ဘုန်းကြီးတို့ကိုယ်တိုင်လည်း ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။ ဘုန်းကြီးကျောင်းထဲမှာ ကူညီမှုတွေ ဆက်တိုက်လုပ်ပေးနေပါတယ်” ဟု ကောလင်းမြို့နယ် မဘသ ဥက္ကဋ္ဌဆရာတော် ဦးသုနန္ဒက မိန့်ကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သည့်ရွာ (၈၆)ရွာအထိ ရှိခဲ့သည်။ အဆိုပါဒေသများသို့ အနယ်နယ် အရပ်ရပ်မှ လူမှုရေးအသင်းအဖွဲ့များနှင့် အစိုးရ တာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေကြီးမှုကြောင့် မြို့နယ်(၁၁)မြို့နယ်တွင် လူပေါင်း ခုနစ်သောင်းခန့် ရေဘေးဒုက္ခ ခံစားနေရသည်။




No comments:

Post a Comment