Tuesday, July 28, 2015
“ပရဟိတအဖွဲ့အစည်းများ”
(အသစ်ဖွင့်မည့် ဝီရသူ ဝက်ဘ်ဆိုက်မှာ ပရဟိတအဖွဲ့အစည်းများအတွက် အခန်းတစ်ခန်း စီစဉ်ထားပါတယ်။
မြန်မာပြည်ရဲ့ ပရဟိတအဖွဲ့အစည်းများအကြောင်းကို နေ့စဉ် ထုတ်လွှင့်သွားဖို့ ရည်ရွယ်တာပါ။
ပရဟိတအဖွဲ့အစည်းများအကြောင်းဖြစ်စေ၊ ပရဟိတအဖွဲ့အစည်းများ ကြော်ငြာဖြစ်စေ ပါဝင်ဆောင်ရွက်သူ အမြင်ဖြစ်စေ အတွေ့အကြုံဆောင်းပါးဖြစ်စေ သတင်းပေးပို့လိုသည်ဖြစ်စေ ဓာတ်ပုံများနှင့် ဝေဝေဆာဆာ ပေးပို့နိုင်ပါတယ်။
ပေးပို့လိုပါက wirathu11111@gmail.com ပေးပို့နိုင်ပါသည်။
==========================================================
အမျိုးဘာသာ သာသနာအတွက် ကာကွယ်စောင့်ရှောက် မြှင့်တင်ဆောင်ရွက်
အပ္ပမာဒနှလုံးသားကွန်ရက် (ငြိမ်းချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပရဟိတ)
''အပ္ပမာဒေန သမ္ပာဒေထ မင်္ဂလာပါ''ဟူသော သံပြိုင်နှုတ်ဆက်စကား ကြားလိုက်သည်နှင့် လူတိုင်း၏ နှလုံးသားမှာ ငြိမ်းချမ်းစွာ ခံစားလိုက်ရသည်။ ကုသိုလ်တော်ဘုရားဝင်းအတွင်း ဝင်ရောက်လိုက် သည်နှင့် ယခုလို နှုတ်ဆက်မင်္ဂလာစကား ကြားလိုက်ရခြင်းပင်ဖြစ်သည်။ ကုသိုလ်တော် ဘုရားဝင်းအတွင်းမှာ သန့်ရှင်းရေးကုသိုလ်ယူနေ ကြသူများသည် အပ္ပမာဒနှလုံးသားကွန်ရက်မှ လူငယ်မောင်မယ်များဖြစ်ကြောင်း သိလိုက်ရ သည်။
   ဤအပ္ပမာဒနှလုံးသားကွန်ရက်သည် ဗြဟ္မစိုရ်ဆရာတော် ဘဒ္ဒန္တတိက္ခ၊ မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသာ ဘိဝံသ၊ ဗုဒ္ဓတက္ကသိုလ် ပါချုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ၊ အေးမြမြိုင်ဆရာတော်တို့ထံ သြဝါဒကိုခံယူပြီး မန္တလေးမြို့နှင့် အမရပူရမြို့ရှိ ပရဟိတ တက်ကြွသံဃာတော်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ သာသနပါလ အသင်း၊ ကလျာဏမိတ္တ အသင်း စသည့် ပရဟိတအသင်းများနှင့် စုစည်းချိတ်ဆက်၍ ဆရာ၊ ဒကာ ညီညွတ်စွာဖြင့် စုပေါင်းခေါင်းဆောင် စုပေါင်းဆောင်ရွက် အမျိုးဘာသာ သာသနာအတွက်''ဟူသော ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းမျှတသော ဗုဒ္ဓဓမ္မလမ်းစဉ်ကို အသုံးပြု၍ လောကငြိမ်းချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စုပေါင်းခေါင်း ဆောင်၊ စုပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှ အဖွဲ့ဝင်များပါဝင် အကျိုးဆောင်နေကြသော ကွန်ရက် ဖြစ်သည်။
  အပ္ပမာဒနှလုံးသားကွန်ရက် ပရဟိတအသင်းသည် လမ်း ၈ဝနှင့် ၉ လမ်း၊ အရိပ်မထွက်ဘုရားအနီး ငြိမ်းမြရတနာကျောင်းအတွင်းတွင် ရုံးခန်း ဖွင့်လှစ်ထားပြီး အသင်းသားအသင်းသူ အင်အား ၁၅ဝဝကျော်ရှိပြီး အမြဲတမ်း အသင်းသူ အသင်းသား အင်အားက ၅ဝဝ ကျော်ရှိကြောင်း သိရသည်။ မြို့နယ်အသီးသီးမှာလည်း ယခုကဲ့သို့ အသင်းများကို ဖွဲ့စည်းတည်ထောင်ထားပြီး ၂၂ သင်းကျော် ရှိပြီဖြစ်သည်။ အသင်းကို ၂ဝ၁၃ မေလမှစ၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
   ဤအသင်းသည် အပတ်စဉ် ဥပုသ်နေ့တိုင်း ''အမျိုးဘာသာ သာသနာအတွက် ကာကွယ်စောင့်ရှောက် မြှင့်တင်ဆောင်ရွက်ရန် ဤအသင်းမှ အဖွဲ့ဝင်မောင်မယ်များတို့သည် နံနက် ၆းဝဝ နာရီမှစ၍ ရတနာပုံ မန္တလေးမြို့ရိုးနှင့် ကျုံးအရှေ့မြောက်ထောင့်၊ မန္တလေးတောင်ခြေ အနီး ကမ္ဘာ့ယဉ်ကျေးမှု သမိုင်းဝင် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့အမွေအနှစ်ဖြစ်သော ကမ္ဘာ့အကြီးဆုံး စာအုပ်များရှိရာ ကုသိုလ်တော်ဘုရားကြီး၏ ပရဝုဏ်အတွင်းများတွင် ဗုဒ္ဓဝေယျာဝစ္စနှင့် တံမြက်စည်းလှည်း၊ ကြမ်းတိုက်၊ မြက်ရှင်း စသော သန့်ရှင်းရေးကိစ္စများကို ချွေးတလုံးလုံးဖြင့် လုပ်အားဒါနကို တက်ကြွစွာ ပေးလှူ ကုသိုလ်ပြုနေကြကြောင်း သိရသည်။
   နံနက် ၈းဝဝ နာရီမှ ၉း၃ဝ နာရီအချိန်တွင် အသင်း၏ လူငယ်မောင်မယ်များအား သံဃာတော်များမှ လောကဓမ္မမျှဝေခြင်းနှင့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် အသိပညာသင်တန်း သင်ခန်းစာများကို သင်ကြားပေးပြီး နံနက် ၉း၃ဝ နာရီမှ ၁ဝးဝဝ နာရီအချိန်တွင် ဥပုသ်သီလပေး၍  ဓမ္မဒေသနာတော်ကို ဟောကြားချီးမြှင့်ကြောင်း သိရသည်။
   အပတ်စဉ် တနင်္ဂနွေနေ့များတွင်လည်း ''စိတ်စွမ်းအားဖြင့် အောင်မြင်သော ဘဝကို တည်ဆောက်ခြင်း'' ခေါင်းစဉ်ဖြင့် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်မင်းကြီးမြတ်စွာဘုရား ရင်ပြင်တွင် သန့်ရှင်းရေးပြု ကုသိုလ်ယူကြကာ အောင်မြင်မှု ရရှိရန်အတွက် အပ္ပမာဒမမေ့မလျော့သော သတိဖြင့် ဖြေလျော့နေထိုင် ကျင့်ကြံကြိုးကုတ် အားထုတ်၍ အသိပညာသင်ခန်းစာများကို သင်ယူပွားများကြကြောင်း သိရသည်။
   ထို့အပြင် စိတ်ကောင်းရှိပြီး အသိပညာပြည့်ဝသော ''လူကောင်းလူတော်''ပညာရှင်များနှင့် ဘက်စုံပညာရှင် ခေါင်းဆောင်များကို အမြောက်အများ မွေးထုတ်နိုင်လျှင် နိုင်ငံ၏ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ပြီး တစ်မျိုးသားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်လျက် ပရဟိတ တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်း၍ ''ဦးဆောင်မှုပညာ၊ စီမံခန့်ခွဲမှုပညာ၊ အသုံးချ ဗုဒ္ဓစိတ်ပညာ၊ ပရဟိတပညာ''စသည့် ပညာရပ်များစွာကို အခမဲ့ မျှဝေသင်ကြား ပို့ချပေးနေပါသည်။ ကမ္ဘာလောကရှိ သက်ရှိမျိုးနွယ်များ၏ အကျိုး၊ လူသားမျိုးနွယ် တစ်ခုလုံး၏ အကျိုး၊ ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင် သမ္မာဒိဋ္ဌိအမျိုးများနှင့် နိုင်ငံအဝှမ်းရှိ (၁၃၅)မျိုးသော တိုင်းရင်းသားဆွေမျိုးတို့၏ အကျိုး၊ ဘာသာ သာသနာ၏ အကျိုးကို ကာကွယ်စောင့်ရှောက်ပြီး ဘက်စုံမြှင့်တင် ဆောင်ရွက်နိုင်ရန် ပရဟိတ မျိုးချစ် သူတော်ကောင်းတို့နှင့်အတူ ပူးပေါင်း၍ ဗုဒ္ဓမ္မနှင့်အညီ ရှေ့ရှုဆောင်ရွက်သော ငြိမ်းချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည် ဖော်နိုင်ရန်အတွက် စိတ်ဝင်စားသူ အသိပညာရှင်၊ အတတ်ပညာရှင်များကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ ဝင်ရောက်အကျိုးဆောင်လိုသူများအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိပြီး ''ကုသိုလ်တော်ဘုရား''တွင် ဥပုသ်နေ့ နံနက်တိုင်း ဝင်ခွင့်လျှောက်လွှာများကို ရယူနိုင်ကြောင်း သိရသည်။
   ဤအပ္ပမာနှလုံးသားကွန်ရက် ပရဟိတအသင်းသည် ''စုပေါင်းခေါင်းဆောင် စုပေါင်းဆောင်ရွက် အမျိုးဘာသာ သာသနာအတွက်'' ဟူသော မူဝါဒနှင့်အညီ စုပေါင်းခေါင်းဆောင် စုပေါင်းဆောင်ရွက်နေကြသည်။ ''အမျိုးဘာသာ သာသနာအတွက် ကာကွယ်စောင့်ရှောက် မြှင့်တင်ဆောင်ရွက် အပ္ပမ္လာ နှလုံးသားကွန်ရက်''ဟူသော ဆောင်ပုဒ်ကို နှုတ်တက်ရွရွ ရွတ်ဆိုကြသည်။ ဤအသင်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းနိုင်ရန်
၁။ မူဝါဒရေးရာနှင့် ဦးဆောင်ဆရာတော် ဝ၉-၄၄၈၅၃၉၁ဝ၈၊ ဝ၉-၇၉၈၅၉၅၁ဝ၈၊
၂။ တာဝန်ခံအကျိုးဆောင်ချုပ် ဝ၉-၂ဝ၅၅၈၅၁
၃။ စီမံခန့်ခွဲရေး တာဝန်ခံအကျိုးဆောင် ဝ၉-၄ဝ၁၅၉၃၆၃၅၊
၎။ ဘဏ္ဍာရေး တာဝန်ခံအကျိုးဆောင် ဝ၉-၇၉၈၇၂၇၁၆ဝ တိုထံ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
   အသင်း၏ မူဝါဒရေးရာနှင့် ဦးဆောင်ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တဝါသဝမှ '' ဦးဇင်းတို့က ငြိမ်းချမ်းရေးနှင့်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီးတော့ ပရဟိတအသင်း ဖွဲ့ထားတယ်။ ငြိမ်းချမ်းဖို့နဲ့ ဘက်စုံဖွံ့ဖြိုးဖို့ဆိုတာ ခေါင်းဆောင်ကောင်းတွေမပေါ်ထွက်လာဘဲနဲ့ ဘယ်လိုမှမဖြစ်နိုင်တော့ အရေးကြီးတာက ကလေးတွေရဲ့ Mind Set ကို စတင်ပြီးတော့ ပြုပြင်ပေးရတယ်။ ဦးဇင်းတို့မှာ မှန်လေးမှန် ဆိုပြီး မူဝါဒတစ်ခုချထားပါတယ်။
၁။ သဘောထားမှန်ရမယ်။
၂။  နည်းစနစ် မှန်ရမယ်။
၃။ ရည်မှန်းချက်မှန်ရမယ်။
၎။ မှန်မှန်လုပ်ရမယ် (ဆောင်ရွက်ချက် မှန်ရမယ်) ဆိုပြီး မှန်လေးမှန်နဲ့ သွားတယ်။  စိတ်နေသဘောထား မှန်ဖို့ဆိုရင်တော့ မြတ်စွာဘုရားရဲ့သတိပဌာန်တွေ၊ မေတ္တာပွားတာတွေကို MBM Rraining Course ဆိုပြီးတော့ သင်္ကြန်တွင်းကာလမှာ  ဗုဒ္ဓအလိုကျ အောင်မြင်ရေးသင်တန်းဆိုပြီးတော့ သတိပဌာန် မေတ္တာပွားတာတို့ အသုဘကမ္မဋ္ဌာန်းရှုတာတို့ ရုပ်ပရမတ် နာမ်ပရမတ်၊ အဘိဓမ္မာအကြောင်း သိသင့်သိထိုက်တဲ့အခြေခံ လေးတွေကို ကလေးတွေနဲ့ ဆွေးနွေးရင်းနဲ့ဆိုတော့ ကလေးတွေလည်း လွယ်လွယ်ကူကူညီ နားလည်သွားစေပါတယ်။ နောက်တစ်ခါ တရားရှုမှတ်တာကျတော့လည်း တရားဆိုတာဘာလဲ၊ ဘာကြောင့် တရားမှတ်တာလဲ၊ ဘယ်လိုမှတ်ရမလဲ ဆိုတဲ့ အဲဒီ What  ရယ် Whay ရယ် How ရယ် နဲ့သွားတယ်။ ဦးဇင်းတို့မှာ မူချထားတယ်။ ''အမျိုးဘာသာ သာသနာအတွက် ကာကွယ်စောင့်ရှောက် မြှင့်တင်ဆောင်ရွက်''ဆိုတဲ့ ကြွေးကြော်သံနဲ့အညီ လုပ်ပါတယ်။  ဦးဇင်းတို့က အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်ကြရာမှာ တော်တော်ကို ပါးပါးနပ်နပ် လုပ်နေရပါတယ်။ ဆရာတော်ဦးဝီရသူလို Hard Power ကိုလည်း အရမ်းသဘောကျတယ်။  ဆရာတော်တို့လို လုပ်ကိုင်ပြီးဆောင်ရွက်ထားတဲ့သူ ရှိလို့လည်း ကိုယ့်နှမတွေ သူများက လာမထိရဲတာပါ။  အဲဒီလိုမျိုး Hard Power အမာပိုင်းကလည်း ရှိကိုရှိရမှာလို့ ခံယူထားသလို Smart Power ဖြစ်တဲ့ ဦးဇင်းတို့ အချို့ဟာလေးတွေမှာ ဒီလူငယ်ကို အခြေပြုပြီးတော့ပေါ့နော် အမျိုးကို ငါးမျိုးခွဲထားပါတယ်။
၁။ သက်ရှိ သတ္တဝါအားလုံးဟာ တချိန်မဟုတ် တချိန်က အမျိုးတော့ တော်စပ်ခဲ့တာကိုအကြောင်း ပြုပြီးတော့ အနမတဂ္ဂသုတ္တန်အရ သံသရာအမျိုး။
၂။ ကမ္ဘာတစ်ဝှမ်းရှိ လူသားအမျိုး (မျိုးနွယ် အမျိုး)၊
၃။ ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိအမျိုး (အယူတူအမျိုး)၊
၎။မြန်မာ နိုင်ငံရှိ မြန်မာနိုင်ငံရှိ (၁၃၅)မျိုးသော တိုင်းရင်းသားအမျိုး (သွေးချင်းအမျိုး)နှင့် မြန်မာနိုင်ငံသားအမျိုး (ဆွေရင်းအမျိုး)၊
၅။ မြန်မာနိုင်ငံရှိ မြန်မာဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိအမျိုး (အယူတူသားချင်းအမျိုး) ဒီငါးမျိုးမှာ တစ်ဆင့်ချင်းသွားတာကို ဆိုလိုတာပါ။ 
ဦးဇင်းတို့က ကိုယ့်အမျိုးကိုယ် စောင့်ရှောက် တယ်ဆိုပေမယ့်လည်း ကမ္ဘာ့နယ်ပယ်နဲ့လှမ်း ကြည့်ပြီးတော့အနမတဂ္ဂသုတ္တန်ဘုရားဟောတဲ့အတိုင်း သွားရမှာမို့ တစ်ဆင့်ချင်းသွားမှ ရမယ်လို့ ဦးဇင်းတို့က ယုံကြည်တာပဲ။  ကိုယ့်အမျိုးကို မစောင့်ရှောက်ပဲနဲ့တော့ သံသရာအမျိုးတွေကို စောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဗုဒ္ဓဘာသာကို စောင့်ရှောက်ရေးမှာ ဘာသာခြားတွေက လာလေ့လာတယ်။ ဦးဇင်းတို့က ပြောပြတယ်၊ ''ငါတို့က ဗုဒ္ဓဘာသာကို အစွဲနဲ့ ငါတို့ဘာသာမို့ ငါတို့ဘာသာ လုပ်နေတာမဟုတ်ဘူး။ ဗုဒ္ဓဘာသာကြောင့် ကမ္ဘာကြီး ငြိမ်းချမ်းနိုင်တယ်လို့ ဦးဇင်းတို့က အထောက်အထားတွေနဲ့ ပြနိုင်တယ်။
၁၉၉၄ ခုနှစ်က ဘာသာပေါင်းစုံ တက်လာခဲ့တဲ့အချိန်မှာ ဘာသာပေါင်းစုံကနေ သန့်စင်မွန်မြတ်တဲ့ ဘာသာအဖြစ် ဗုဒ္ဓဘာသာကို ရွေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာ့သမိုင်း ဗုဒ္ဓဘာသာကြောင့် သွေးစွန်းခဲ့ဖြစ်ရပ်ဆိုတာ လုံးဝ မရှိခဲ့ဖူးဘူး။ အဲလိုပဲ မြန်မာ့သမိုင်းကို ပြန်လှန်ရင်လည်း မရှိခဲ့ဘူး။ သမိုင်းကိုကြည့်လိုက်ရင် ဗုဒ္ဓဘာသာတွေ အင်အားကြီးတိုင်းပြည့်တိုင်းမှာ အခြားဘာသာတွေနဲ့ ငြိမ်းချမ်းနေတာ တွေ့ရတယ်။ အဲတော့ကျ ဦးဇင်းတို့က ဗုဒ္ဓဘာသာ အင်အား ကြီးအောင်ကို လုပ်မှဖြစ်မှာ။ ဒီလိုပေါ့ ကိုယ့်အယူအဆကို ငါမှ ငါဆိုပြီးတော့ လုပ်နေတာမဟုတ်ဘူး။ လောကငြိမ်းချမ်းဖို့အတွက် ငြိမ်းချမ်းရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်နေပါတယ်။''လို့ ချပြပါတယ်။ ဘူတံ ဘူတတော ဆိုတဲ့အတိုင်း ကောင်းသူကို ကောင်းသလို ဆက်ဆံမယ်။ စောင့်ရှောက်မယ်။ မကောင်းသူကို မကောင်းသလို အပြစ်ပေးရမှာဖြစ်တယ်။ အမျိုးစောင့်ဥပဒေ ထောက်ခံပွဲတုန်းကလည်း ဦးဇင်းတို့တက်ကြွစွာ ပါဝင်လုပ်ခဲ့ပါတယ်။  လောကမှာ ပါဝါသုံးခုလုံး ပေါင်းပြီးလုပ်မယ်ဆိုရင် ပိုအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အဓိကက ဦးဇင်းတို့လုပ်နေတာကတော့ ကလေး၊ လူငယ်၊ လူကြီး သုံးပိုင်းရှိရာမှာ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဖွင့်လှစ်သင်ကြား ပေးခြင်း၊ လူကြီးတွေအတွက် ရိပ်သာ၊ တရား    စခန်းတွေ ထူထောင်ဖွင့်လှစ်ပေးခြင်းတို့ မြင်နေရပေမယ့် လူငယ်တွေ ဘီယာဆိုင်၊ လက်ဘက်ရည်ဆိုင်နဲ့ လမ်းဘေးရောက် နေတာများတယ်။ ဒီလူငယ်တွေကို လမ်းပြ ပေးရမယ်။ ပြန်တည့်မတ်ပေးရမယ်။ ဒါမှ တိုင်းပြည်ပြန်ထူထောင်နိုင်မယ်၊ ဘာသာ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်''ဟု မိန့်ကြားတော်မူခဲ့သည်။
   အမျိုးဘာသာ သာသနာအတွက် ကာကွယ်စောင့်ရှောက် မြှင့်တင်ဆောင်ရွက် အပ္ပမာဒနှလုံးသားကွန်ရက် ဟူသော ငြိမ်းချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်း၏ ''အပ္ပမာဒေန သမ္ပါဒေထ မင်္ဂလာပါ''ဟူသော မင်္ဂလာ နှုတ်ဆက်စကားသံနှင့်အတူ ပရဟိတ လုပ်ငန်းများသည် ကမ္ဘာသို့တိုင်အောင် ကြားနိုင်ရောက်နိုင်ပါမည် ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
ကျွန်းပြန်ဘသောင်း
No comments:
Post a Comment